Tuesday, June 17, 2008

ကျွန်တော်နဲ့ မယ်ဆောက်မြို့တော်

အသံတွေက ညံစီစီ
အနံ့တွေက တထောင်းထောင်း
လူမျိုးစုတွေက စုံလို့...
မြန်မာ၊ ထိုင်း..၊ တိုးရစ်တွေနဲ့
ဘာသာစကားကလည်း
ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်
ခဏနေ ထိုင်းလိုပြော..၊
ခဏနေ ဗမာလိုဟစ်..
ခဏနေ How are you?
နောက်ဆုံးကျတော့ I Love You....


အသံတွေက ညံစီစီ
အနံ့တွေက တထောင်းထောင်း
အသားမျိုးစုံ၊ ငါးမျိုးစုံနဲ့
အသီးအရွက်တွေက စုံလှပေစွ
အသားပေါ် ခုတ်တဲ့ဓါးကလည်း
တညံညံ
ငါးကြေးခြစ်တဲ့ အသံကလည်း
တကြွတ်ကြွတ်
အစိမ်းရောင် သီးရွက်စုံတွေကလည်း
အညွန့်တလူလူ
ဝယ်သူက၀ယ်
ရောင်းသူကရောင်း
ရောင်းသူနဲ့ ၀ယ်သူ
ဈေးတွေညှိကြ
ရောင်းတဲ့သူက ဈေးကိုတင်
ဝယ်တဲ့သူက ဈေးလျှော့ခိုင်း
ရောင်းသူနဲ့ ၀ယ်သူ
အဆင်မပြေ မချောမွေ့ခဲ့ရင်
ကိစ္စက တုံးရော....

အသံတွေက တညံညံ
ဈေးသည်တွေက တဟစ်ဟစ်
ဟော့သည်မှာ ပဲစစ်စစ်...
စားဦးမလား အကိုတို့ရေ
မုန်းလက်ဆောင်းကိုလေ
သောက်သွာပါဦး အကိုရဲ့
ရေခဲရေ တစ်ခွက်
ဝယ်သွားပါဦး အကိုရယ်
ရောင်းမကောင်းလို့ပါကွယ်..
ကြည့်သွားပါဦး တူမရာ
ရွေတွေ လှတယ်ကွာ..
ဈေးဆစ်ဝယ်ပါ ကောင်လေးရာ
ကျွန်တော့်အဖေက မှာလာတာ..

အသံတွေက ညံစီစီ
ကိုရဲကြီးလာပြီ
မျက်စိနှစ်လုံးကို ရှင်ရှင်ထား
ကိုရဲကြီးငကြွား..။
ဖုန်းပြောတဲ့လူ တွေ့ရင်ဗျာ..
ကိုရဲကြီး ပျော်ရှာ..
ဆိုင်ကယ်ပေါ်မှာ ပြောရင်တော့
ပေးထားမယ် ၄၀၀ ပေါ့..
စက်ဘီးပေါ်မှာ ပြောရင်ကွယ်
လျှော့ပေးမယ် ၁၅၀
အပျိုချောချောလေးဆိုရင်တော့
ကိုရဲကြီး မယူဘူးပေါ့...
လက်မှတ်မရှိတဲ့လူ တွေ့ရင်ကွယ်
ကိုရဲကြီး မျက်စိလျင်တယ်...
ဆိုင်ကယ်ဦးထုတ် မဆောင်းရင်တော့
ကိုရဲကြီး ပျော်ရှာပေါ့...
လှိုင်းကားတွေကို စောင့်ဖမ်းမယ်
ဆေးရုံကြီးမှာကွယ်...
လာထားကေ တစ်ယောက်တစ်ရာပဲ
ကိုရဲကြီးခင်မျာ ဗိုက်တွေရွဲ....

ရှမ်းကလေး

မျက်နှာကြည့်၍ ထွက်သွားကြသူများ

လူနှင့် ဆိုင်ကယ်
ရောကာထွေးလျှက်
တည်ရှိနေတဲ့ ဤဈေးကလေးတွင်
နေ့စဉ်နှင့်အမျှ
လာရောက်တောင်းစား
ကျွန်ုပ်တို့သူတောင်းစားများသည်
ဟိုလူကိုကြည့်ကာ..၊ ဒီလူ့ကိုကြည့်လျှက်
၁ ဘတ်၊ ၂ ဘတ် ၊ ရလိုရငြား
လိုက်ကြည့်သော်လည်း
အကြင်နာကင်းမဲ့သောလူ
ဤလူတို့သည် ပစ္စည်းဥစ္စာ
ခင်တွယ်တာ၍
၁ ဘတ်မပြောနှင့် ၅ မူးမျှလည်း
မပေးကမ်းဘဲ
မိမိတို့ မျက်နှာကို သနားညာတာစွာဖြင့်
တခါတချက် အစဉ်ကြည့်လျက်
ထိုနေရာမှ ထွက်သွားလေသတည်း.။

ရှမ်းကလေး

Sunday, June 15, 2008

မမြင်ရတဲ့ ချစ်ရသူပုံရိပ်

ဒီမနက် ကျွန်တော် စောစော ထလိုက်တယ်..
ဘာလို့လဲဆိုတော့ ဒီနေ့ကျွန်တော် စာမေးပွဲ သွားဖြေရမှာလေ..၊ စာမေးပွဲက ကျောင်းတက်ဖို့ ဖြေရမှာ..၊ ကျောင်းတက်ပြီး နှစ်ကုန်မှ ဖြေရမယ့် စာမေးပွဲမျိုးမဟုတ်ဘူး။ ဖြေမဲ့ လူတွေအများကြီးထဲမှာမှ အောင်တဲ့လူတွေကို ရွေးမယ်ဆိုတော့ ကျွန်တော့်မှာ စိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အခုမှ စစခြင်းကျောင်းတက်ရမယ်..၊ စစခြင်း စာမေးပွဲ ဖြေရမယ်ဆိုတော့ ကျွန်တော့်ကိုယ်ကို ကျွန်တော် သိပ်မယုံကြည်ဘူး။ ပြီးတော့ ဖြေရမယ့် စာမေးပွဲကလည်း ကျွန်တော်တို့ ဘာသာစကားနဲ့ ဖြေရမှာ မဟုတ်လေတော့ စိုးရိမ်တဲ့ ကျွန်တော့်ရဲ့ စိတ်ကို ရေးခဲရေ အေးအေးလေးတစ်ခွက်နဲ့လည်း ဘယ်လိုမှ ဖြေဖျောက်လို့ မရဘူး ဖြစ်နေတယ်။ နောက်တော့ အေးလေ ဘာပဲဖြစ်ဖြစ် ဖြေမှ မဖြေရသေးတာ..၊ စိတ်အေးအေးပဲ ထားတာ ကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတယ်။ ကျွန်တော်မသွားခင် ကျွန်တော်နဲ့ ခင်လည်းခင်၊ စိတ်ထဲကလည်း ချစ်နေရတဲ့ အမတစ်ယောက်ဆီကို ဖုန်းတစ်ချက်လောက် ဆက်မှလို့ စဉ်းစားလိုက်တယ်။ ပြီးတော့ ဖုန်းနံပါတ်ကို ရှာ..၊ အင်္ဂလိပ်လို ရေးသားထားတဲ့ Ma ဆိုတဲ့ နာမည်လေး တွေ့တာနဲ့ ခလုပ်ပေါ်က အစိမ်းရောင်အဖုလေးနဲ့ call ဆိုတဲ့ အင်္ဂလိပ်စာလုံးလေးကို နှိပ်ပစ်လိုက်တယ်..။


“ဟဲလို” ဆိုတဲ့ သာယာကြည်လင်တဲ့ အသံတခုကား ကျွန်တော့်နားထဲကို ဒိုင်းကနဲ ၀င်ရောက်လာတယ်။
“ဒီနေ့ အင်တာဗျူးရှိတယ်မဟုတ်လား” လို့ ကျွန်တော်က သေသေချာချာ ထပ်မေးလိုက်တယ်။
“အင်း ရှိတယ်လေ.. အမတောင် အခုပဲ သွားတော့မလို့”
“ကျွန်တော်လဲ သွားရင်ကောင်းမလားလို့“
“ဒါဆိုအမ မသွားတော့ဘူး”
“ဟင်း ဘာဖြစ်လို့လဲ၊ ဘာလဲ ကျွန်တော့်နဲ့ မတွေ့ချင်လို့လား”
“အင်း..၊ ဟုတ်တယ်..၊ တွေ့ရင် လူအများကြီးရှေ့မှာ ရည်းစားစကား လာပြောရင် ဘယ်လိုလုပ်မလဲ..“
“ဟာ မကလည်းဗျာ၊ စိတ်ချ မပြောဘူး..၊ ဖက်နမ်းပစ်မှာ”လို့ ကျွန်တော့်စိတ်ထဲက ကြိတ်ပြီး ရေရွတ်လိုက်တယ်။
“အမရေ ကျွန်တော်လည်း သွားမလို့ စဉ်းစားထားတာ..၊ အခုပဲ ရေချိုးပြီးတယ်..၊ အ၀တ်အစားလဲလိုက်ဦးမယ်နော်..၊“
“အခုမှ အ၀တ်အစားလဲတာလား၊ အမတောင် အင်တာဗျူး လုပ်မဲ့နေရာ ရောက်နေပြီ“
“ဟင်ဟုတ်လား၊ ဒါဆို ဒါပဲနော်..၊ ကျွန်တော်အခုပဲ အ၀တ်စားလဲပြီး ထွက်လာခဲ့မယ်”
“အင်း” ဆိုပြီး တဖက်က ဖုန်းကို ချသွားလေရော..၊ ဖုန်းချသွားတဲ့ အသံတောင် ကျွန်တော့်နားထဲမှာ အခုထက်ထိ ကြားနေရသေးတယ်...၊ ခလောက်တဲ့... ပြီးတော့ ကျွန်တော် အ၀တ်အစားလဲ၊ စီးနေကျ ဆိုင်ကယ် လေးကို ထုတ်ကာ လီဗာအကုန်တင်ပြီး ၀ူးကနဲ မောင်းထွက်လာခဲ့တယ်..၊ တကယ်တော့ ဒီနေ့က ကျွန်တော် ပျော်တယ်..၊ ဘာလို့လဲဆိုတော့ ......

ကျွန်တော့်နဲ့ပြောနေတဲ့ မဆိုတဲ့ မိန်းကလေးက ကျွန်တော်နဲ့ သိတာ ကြာတော့ကြာပြီး။ ကျွန်တော်က တဖက်သတ် ချစ်နေရတဲ့ သူဆိုရင် မမှားဘူးပေါ့ဗျာ..၊ ဖုန်းနဲ့တော့ အမြဲတမ်းလိုလို ပြောဖြစ်ခဲ့တယ်.။ တကယ်တော့ မရဲ့ နာမည်အရင်းက မခင်သီတာမြင့် အသက်ကတော့ ကျွန်တော်လဲ အတိအကျ မသိသေးဘူး..၊ ကျွန်တော့်နာမည်ကတော့ မောင်ဝေလင်းထွန်း..၊ အသက်က ၁၈၊ ၁၉။ မခင်သီတာမြင့်ကို ကျွန်တော်အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး..၊ ဒါပေမဲ့ ကျွန်တော့်နဲ့ မခင်တာမြင့်နဲ့က အွန်လိုင်းပေါ်မှာရော..၊ ဖုန်းနဲ့ပါ စကား အများကြီး ပြောဖြစ်ခဲ့ကြတယ်..၊ မခင်တာမြင့်က ကျွန်တော့်ကို ၂ ခါတောင် တွေ့ဖူးတယ်လို့ ပြောတာပဲ..၊ ကျွန်တော်က မခင်တာမြင့်ကို မလို့ပဲ ခေါ်တယ်..၊ မခင်တာမြင့်ကလည်း ကျွန်တော့ကို မောင်လေးလို့ ပြန်ခေါ်တယ်..၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျွန်တော် ချစ်နေရတဲ့ မကို တွေ့ရတော့မယ်..၊ ပြီးတော့ မမကို အပြင်မှာ စကားတွေ အများကြီးပြောရတော့မယ်..၊ ဟိုးဟိုး အတွေးတွေ လွန်သွားတယ် ထင်ပါရဲ့..၊ အင်တာဗျူး လုပ်မဲ့နေရာတောင် ကျော်သွားပေါ့..။
ဆိုင်ကယ်ကို ဒေါက်ထောက်..၊ ပြီးရင် လွယ်အိပ်ကို ဆွဲ..၊ သိတဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာကြည့်လိုက်တော့ ဟောတွေ့ပြီ..၊ ခြင်းလုံးခတ်ဖက် သူငယ်ချင်းတစ်ယောက်

“ညီလေး စာမေးပွဲ လာဖြေတာလား“လို့ ကျွန်တော့်နဲ့ ခြင်းလုံးခတ်ဖက် အကိုသူငယ်ချင်းက မေးတယ်..၊
”ဟုတ်တယ်ဗျာ..၊ အတောင်မစုံသေးတော့ ဒီလိုပဲပေါ့ဗျာ..၊ ပညာကိုသာ မှီဝဲရာပေါ့..၊ ဟဲဟဲ“
“အေး ကိုလည်း အင်တာဗျူးလာလုပ်တာ..၊ မင်းတို့က တော်ပါတယ်ကွာ ကြိုးစားပေါ့“ အကိုသူငယ်ချင်းပြောတဲ့ စကားလည်း နားထောင်..၊ ကျွန်တော့ရဲ့ မျက်လုံးက မခင်သီတာမြင့်ကိုလည်း လိုက်ရှာ..၊ ဒါပေမဲ့ မတွေ့ဘူး ဖြစ်နေတယ်..၊ မကို အပြင်မှာ မမြင်ဖူးတော့ မျက်မတန်းဘူး ဖြစ်နေတယ်..၊ မကို ဓါတ်ပုံ ထဲမှာပဲ မြင်ဖူးတာကို..၊ ဒါနဲ့ကျွန်တော်လည်း ကလေးတစ်ယောက်လို ကျောင်းက ကလေးတွေ ထိုင်ဖို့ လုပ်ထားတဲ့ ဒန်းပေါ် ထိုက်ချလိုက်တယ်..၊ ဒီအချိန်မှာ မကို သိတဲ့ လူများ ကျွန်တော့် ရှေ့မှာ ဘွားကနဲ ပေါ်လာရင်တော့ အကောင်းသား..၊ ဟော ပြောလို့ မဆုံးသေးဘူး..၊ မခင်တာမြင့်တို့နဲ့ တစ်ရပ်ကွက်ထဲနေတဲ့ အကိုတစ်ယောက်က သူ့သူငယ်ချင်းသုံးယောက်နဲ့ စက်ဘီးအပြိုင်စီးလာတာတွေ့တော့ ကျွန်တော့်မှာ ၀မ်းသာလို့ မဆုံး..၊ သူက မကို သိတာကိုး။ ဘုရားသားကို နတ်မတာပဲပေါ့..၊
“ဟာ အင်တာဗျူးလာလုပ်တာလား ဝေလင်း“ လို့ ကျေးဇူးရှင် အကိုကြီးက ကျွန်တော့်ကို မေးတယ်..။
“ဟုတ်တယ် အကိုကော တူတူပဲလား“
“အေးကွ တူတူပဲ..“
“ဒါနဲ့ တခုမေးရဦးမယ်..၊ အကို မခင်သီတာမြင့်ကို သိတယ်ဟုတ်“
“အေးလေကွာ သိတာပေါ့..၊ ငါတို့ တစ်ရပ်ကွက်ထဲသားတွေပဲ“
“အခုကျွန်တော့်ရှေ့မှာရှိတဲ့ လူတွေထဲက မခင်သီတာမြင့် ဘယ်တစ်ယောက်လည်း သိလား“ ကျွန်တော်မေးလိုတော့ အဲ့ဒီအကိုခင်ဗျာ..၊ သူ့ရှေ့မှာရှိတဲ့ မိန်းကလေးတွေကို လိုက်ကြည့်နေပါလေရော..၊
“တစ်ယောက်မှ မဟုတ်ဘူး“
ဟိုက်..၊ မတစ်ယောက် တကယ်မလာတားလားလို့ ကျွန်တော့်ကိုယ်ကို ကျွန်တော် မေးခွန်း ပြန်ထုတ်မိတယ်..၊ မဖြစ်နိုင်ပါဘူး..၊ မ လာမှာပါ...
“ဟုတ်လား..၊ ဒါဆို တွေ့ရင်ပြောဦးနော်..”

ဒီလိုနဲ့ ကျွန်တော်တို့ တတွေ အင်တာဗျူးလုပ်မဲ့ အခန်းထဲကို ၀င်သွား..၊ ကျွန်တော့်မျက်စိကလည်း မခင်သီတာမြင့်ကို အငမ်းမရ လိုက်ရှာ..၊ မတွေ့ပြန်ဘူး..၊ နောက်တော့ အင်တာဗျူးလုပ်မဲ့ အချိန်ရောက်လာ..၊ ကျွန်တော်လည်း အင်တာဗျူးလုပ်တဲ့ အချိန်ကျရင်တော့ မကို တွေ့ရမှာပေါ့ ဆိုတဲ့ စိတ်နဲ့ စောင့်နေရရှာတယ်..၊ ဒါပေမဲ့ဗျာ.. အင်တာဗျူးလာလုပ်တဲ့ လူပေါင်းက အယောက်ပေါင်း ၁၀၀ လောက်ရှိတာနဲ့ အုပ်စု နှစ်စုခွဲပြီး လုပ်လိုက်ရတယ်..၊ ကျွန်တော်ပါတဲ့ အုပ်စုမှာတော့ မ မပါဘူး ထင်တယ်..၊ မကို မတွေ့ဘူး..၊ ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ သည်နေ့မကို တွေ့မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ကနေ ရှိသမျှ အမွေးအကြိုင်တွေကို ဖီးလိမ်းပြီး..၊ အကောင်းတကာ့ အကောင်းဆုံးထဲက ကျွန်တော်ရဲ့ တီရှပ် အဖြူရောင် အိကျီင်္လေးကို ၀တ်ပြီး ထွက်လာရတာ..၊ ဒါပေမဲ့ နေ့တစ်ပိုင်းသာ ကုန်သွားတယ်..၊ ခုထိ မကို မတွေ့ရသေးဘူး..၊ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမှုတွေနဲ့ ပြည့်နက်နေတယ်..၊ ကိုယ်တိုင်ကလည်း စာသိပ်မရ..၊ ခုကျပြန်တော့လည်း ကိုယ်တွေ့ချင်တဲ့ မကို မတွေ့ရဆိုတော့ အင်တာဗျူးလုပ်တော့ ကျွန်တော် ဖြေချင်ရာ ဖြေလိုက်တာ..၊ အဲ့ဒီက အပြန်စာမေးပွဲ မအောင်ဘူးလို့တော့ ထင်တာပဲ..၊ အဲ့ဒီက မပြန်ခင် ကျွန်တော့်ဆီကို မက ဖုန်းဆက်လိုက်သေးတယ်...။ ကျွန်တော်က ၀မ်းသာအားရနဲ့ ကောက်ကိုင်လိုက်တာ.. ဖုန်းတောင် ကွဲတော့မလို့..၊ ဒါပေမဲ့ ဒါပေမဲ့ အရာအားလုံး နောက်ကျ ကျန်ရစ်ခဲ့လေပြီ..။ မပြောတာက

“အခု မအိမ်ပြန်ရောက်နေပြီ၊ ဘယ်လိုလဲ အင်တာဗျူးဖြေနိုင်လား..၊”တဲ့..။ ကျွန်တော့်မှာတော့ မဖုန်းဆက်လာတာဟာ ကျွန်တော့်ကို တွေ့လို့များလားလို့ပေါ့။ ၀မ်းသာရတာ.. ဒါပေမဲ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မမြင်ရတဲ့ ချစ်ရသူရဲ့ပုံရိပ်ကို မျော်ကိုးရတဲ့ အလုပ်တခုဟာ တကယ်ကို နှလုံးသား ကြွေလုမတတ် ခံစားရပါလားလို့ နောက်မှ သိတော့တယ်ဗျာ..။

ပြီးပါပြီ
ရှမ်းကလေး

Friday, June 13, 2008

ကြောင်တောင်တောင်ဘလော့

ဘလော့က ကြောင်နေတယ်..၊ ပို့တင်လို့မရဘူးဖြစ်နေတယ်.ဗျာ

သွေးချောင်းစီးကျမှ ဒီမိုကရေစီရမယ့် မြန်မာနိုင်ငံ

အနှစ် (၂၀)....
အချိန်တွေက ကြာညောင်းလှပါပြီ။ မြန်မာနိုင်ငံအနေဖြင့် ရက်စက်ကြမ်းတမ်းလှသော နအဖစစ်အာဏာရှင်ကြီးများတို့၏ လက်အောက်မှ လွတ်မြောက်ရန် တသွင်သွင် အစဉ်တစိုက် ကြိုးစားလုပ်ကိုင်လာကြသည့် အတိုက်အခံ ခေါင်းဆောင်များကလည်း အသက်အားဖြင့် တဖြည်းဖြည်း အိုမင်းလာကြပေပြီ။ ဆက်လက်ထွက်ပေါ်လာသော ရဲရဲတောက် လူငယ်အတိုက်အခံ ခေါင်းဆောင်များသည်လည်း ရေတွက်၍ မရလောက်အောင်ပင် များပြားလွန်းပေသည်။ သို့သော် ထိုလူငယ်အတိုက်အခံ ခေါင်းဆောင်များသည် တစ်ဦးနှင့်တဦး အမြင်အယူအဆများ မတူညီကြပေ။ တစ်ချို့က နအဖစစ်အစိုးရကို လက်နက်ကိုင် တော်လှန်ချင်ကြသည်။ တချို့ကမူ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် နအဖစစ်အာဏာရှင် ကြီးတွေရဲ့ လက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစားချင်ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံကို အုပ်ချူပ်နေသူများသည် ဗိုလ်ချူပ်မှူးကြီး သန်းရွေဦးဆောင်သော နအဖ စစ်အစိုးရများသာ ဖြစ်ပေတော့သည်။ ထိုမှတဖန် နအဖစစ်အာဏာရှင်ကြီးများ၏ နှိပ်စက်မှုကို ခံစားနေရသူများမှာလည်း မြန်မာနိုင်ငံထဲတွင် နေထိုင်ကြကုန်သော ပြည်သူများသာ ဖြစ်ပေသည်။


ဒီဆောင်းပါးတွင် အဓိကထားပြီး ထောက်ပြ ပြောပြချင်သည်က အကြောင်းအရာ နှစ်ခုရှိပါသည်။ ပထမတချက် နအဖစစ်အစိုးရတွေဆီက ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်းတိုက်ယူရင် ရနိုင်ပါ့မလား..၊ ဒုတိယတချက် လက်နက်စွဲကိုင်ပြီး လူပေါင်းမြောက်များစွာ သေကြေပျက်သုဉ်းပြီးမှ နအဖစစ်အစိုးရတွေဆီက ဒီမိုကရေစီ ရနိုင်မလား ဆိုတဲ့ အချက်နှစ်ချက်ကို ဆွေးနွေးတင်ပြချင်ပါတယ်။ ကဲ ကျွန်တော်တို့ သမိုင်းကို ပြန်လှန်ကြည့်ရအောင်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး မေ့၍မရနိုင်သော လူတစ်ဦး၊ မြန်မာတင် သာမက ကမ္ဘာကပါ ကြည်ညိုလေးစားရသည့် လူတဦးကို လက်ညိုးညွန်ပြပါဆိုလျှင် ကျွန်တော်တင် သာမက ကျွန်တော်တို့ရဲ့ မြန်မာ နိုင်ငံသူနိုင်ငံသား အားလုံးက ဗိုလ်ချူပ်အောင်ဆန်းကိုသာ အမှတ်ရ အောင့်မေ့ကြပေလိမ့်မည်။ ဗိုလ်ချူပ်ရဲ့ ရဲရဲတောက် ကြိုးပမ်းပုံတွေ၊ မည်သို့မည်ပုံ အမိမြန်မာပြည်အတွက် လွတ်လပ်ရေး ရရှိအောင် ကြိုးစားခဲ့ပုံတွေကို ထိုင်ရေးရရင် မပြီးနိုင်တော့ပါဘူး။ ဒါကြောင့် အကျဉ်းချုံးအနေနဲ့သာ ရေးပါမည်။ ဗိုလ်ချူပ်ဟာ အင်္ဂလိပ်တွေဆီက မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ဘယ်လိုယူခဲ့သလဲ? ဒီမေးခွန်းကို အားလုံး သိမယ်လို့ ထင်ပါတယ်။ လက်နက်စွဲကိုင်ပြီး အင်္ဂလိပ်တွေကို ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်ပြီးမှ ဗိုလ်ချူပ်တို့တတွေ မြန်မာနိုင်ငံအတွက် လွပ်လပ်ရေး အရယူခဲ့ခြင်း ဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ အချိန်တွေတုန်းက ဆိုရင်လည်း မြန်မာနိုင်ငံသားတွေ သေဆုံးကြမည်ဆိုသည်မှာ မလွဲမသေပါပဲ။ စစ်တခု ဖြစ်ပြီဆိုရင်တော့ လူ့အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးဖို့ဆိုတာကို ကြိုတွေးပြီးမကြောက်သင့်ပါဘူး။ ထိုနည်းတူပါပဲ အခုအချိန်မှာ နအဖစစ်အစိုးရတွေဆီက လွတ်မြောက်အောင် ကြိုးစားဖို့ ဆိုရင်လည်း လမ်းတကာ လျှောက်အော်ပြီး တောင်းလို့ မရတော့ပါဘူး။ သွေးထွက်သံရိုမှုတွေ အနည်းနှင့်အများတော့ ရှိရပါလိမ့်မယ်။ ဒါပေမဲ့ အခုမှာတော့ နအဖဖက်က သွေးတစက်မှ မြေမကျပဲ အပြစ်မဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၏ သွေးစီးကြောင်းများသာ မြေခနေရပါသည်။
ရှစ်လေးလုံးတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုကိုပဲ ကြည့်ပါ။ ပြည်သူတွေ ဘယ်လောက် သေကုန်သလဲ။ ဘယ်သူတွေက ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သလဲ။ စစ်သားဆိုတာ မိုးပေါ်ထောင်မပစ်ဘူး..၊ လူ့တည့်တည့်ပဲ ပစ်သတ်တယ်ဆိုတဲ့ စကားက ဘယ်သူပြောခဲ့သလဲ။ ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချူပ်နေ၀င်း ပြောခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော် ရှစ်လေးလုံးအရေးတော်ပုံကြီးကို မမီလိုက်ပါဘူး။ ဒါပေမဲ့ စစ်သားဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး..၊ လူတည့်တည့်ပဲ ပစ်တယ်ဆိုတဲ့ ဗိုလ်နေ၀င်းပြောခဲ့တဲ့ ဗွီဒီယို ဖိုင်လေးကိုတော့ ကြည့်လိုက်ရပါတယ်။ ၈၈၈၈ လေးလုံးတုန်းကဆိုရင် တပ်နဲ့ပြည်သူများ ပူးပေါင်းခဲ့တယ်ဆိုတာ ဓါတ်ပုံများနှင့်တကွ သတင်းများနှင့်တဖုံ အသီးသီးဖတ်ရှုရပါတယ်။ တပ်နဲ့ပြည်သူ ပူးပေါင်းပြီး အေးချမ်းစွာနဲ့ပဲ စစ်အစိုးရ ဖြုတ်ချရေး၊ စစ်တပ်ကြီး စစ်တမ်းကို ပြန်သွားရေး..၊ စသည်တို့ကို တောင်းဆိုခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ သို့သော် လူပေါင်းမြောက်များစွာ သေဆုံးခဲ့သော ၈၈ အရေးခင်းကြီးကို စိတ်ထဲကနေ တွေးပြီးကြည့်လိုက်တော့ အော.. ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်နေကြပါလားဆိုပြီး စိတ်ထဲမှာ ၀မ်းနည်းမဆုံးဖြစ်ခဲ့ရပါတယ်။ ၈၈ အရေးခင်းကတည်းကသာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွပ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်ဖို့ ဆိုတာ မရှိတော့ပါဘူး။ စစ်အာဏာရှင်ဆိုးကြီး ဗိုလ်ချူပ်သန်းရွေဆိုတာလည်း ပေါ်ထွန်းလာမှာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီပဲယင်း၊ စက်တင်ဘာအရေးအခင်း.. စတဲ့စတဲ့ အရေးခင်းတွေဟာ မြန်မာပြည်သူတွေ အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးစေခဲ့တဲ့ အချိန်ကာလတွေ ဖြစ်ခဲ့ရပြီ မဟုတ်လား။ ဒါတွေဟာ မည်သူတစ်ဦးမှ လက်နက်စွဲကိုင်ပြီး စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အတိုက်အခံများအားလုံးနှင့် ပြည်သူလူထုများသာ နအဖ စစ်အစိုးရကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် သွေးစီးကျနေသော နိုင်ငံတနိုင်ငံ ဖြစ်သွားပေလိမ့်မည်။ ဤသည်ကား ငြိမ်းချမ်းခြင်းကို အသုံးပြု၍ ဒီမိုကရေစီကို အရယူလိုသော အတိုက်အခံ ခေါင်းဆောင်များနှင့် ပြည်သူများကို စဉ်းစားချင့်ချိန်နိုင်ရန် ထောက်ပြခြင်းသာ ဖြစ်ပါသည်။
နိုင်ငံကို အုပ်ချူပ်မင်းလုပ်နေတဲ့ ဗိုလ်ချူပ်ကြီးများဟာ မိမိနိုင်ငံသူ နိုင်ငံသားအပေါ် မည်မျှ ရက်စက်သည်ကို သိချင်လျှင် ဒီပဲယင်းအရေးခင်းကိုသာ ပြန်မြင်ကြည့်လိုက်ပါ။ တဖက်သတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒီပဲယင်းအရေးခင်းမှာ လူတွေဘယ်လောက် သေကြေသွားသလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိပါ။ သေသွားတဲ့ လူတွေဟာ NLD အဖွဲ့ဝင်များ ဖြစ်သည်ပဲထား..၊ NLD အဖွဲ့ဝင်များဟာလည်း မြန်မာနိုင်ငံသားများသာ ဖြစ်ပါသည်။ ကိုယ့်လူမျိုးကို ပြန်သတ်တဲ့ အစိုးရကို မည်သူမဆို မုန်းကို မုန်းသင့်ပါသည်။ ဒါကို အပေါ်ဖားအောက်ဖိလို့ ပြောလို့တော့မရပါဘူး။ ဒီပြစ်မှုတွေဟာ လူသတ်မှုပါ။ လူသတ်မှုကြီးကို ဘယ်ရှေ့နေတွေက လူသတ်တရားခံကြီးများကို ဖော်ထုတ်ခဲ့လို့လဲ။ ဒီပဲယင်းအရေးခင်းမှာ နအဖစစ်အာဏာရှင်တွေက NLD အဖွဲ့ဝင် မြောက်ပေါင်းများစွာကို ဗြောက်ကျကျ တိုက်ခိုက်ရိုက်နက်ခဲ့ရမှာ သေဆုံးသည်အထိ သတ်ပစ်ခဲ့ကြတယ်ဆိုရင်၊ ခိုးကြောင်ခိုးဝှက်နဲ့ သတ်ပစ်ခဲ့တဲ့ လုပ်ရပ်တွေကို ဘယ်သူတွေ သိနိုင်မှာလဲ။ ဒါတွေဟာ ဘယ်သူတစ်ဦးမှ သူတို့ကို လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ပဲ မြန်မာနိုင်ငံပြည်သူတွေကို လိုက်စည်းရုံးနေရာမှ ဖြစ်ရတဲ့ ပြသနာပါ။ ဒီလိုလိုက်စည်းရုံးရုံနဲ့ လူဒီလောက်သေရတယ်ဆိုရင် ပြည်တွင်းထဲမှာသာ လက်နက်စွဲကိုင်ပြီး တော်လှန်သည့် အရေးအခင်းများသာ ရှိခဲ့မည်ဆိုလျှင် ပြည်သူများ မည်မျှ သေကြေရမည်နည်း။ သင်တို့ တွေးကြည့်ပါ။ အဓိကအားဖြင့် နအဖအာဏာရှင်ကြီးများနှင့် ငြိမ်းချမ်းရေးအရ ဆက်ဆံလိုသော လူများ တွေးကြည့်သင့်ပါသည်။
တကယ်လို့သာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ၊ နိုင်ငံတကာ အစရှိတဲ့ သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ နအဖစစ်အစိုးရကို ဖြုတ်ချဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း သိရှိကြဖို့ လိုပါပြီ။ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပြန်ရင်လည်း အပိုအလုပ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေနဲ့ နအဖတွေက ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့ပါဘူး။ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း စတဲ့ သတင်းတွေကိုပဲ ကြားနေရပါတယ်။ နအဖက ဖမ်းလိုက် ပြန်လွတ်လိုက်နဲ့ သံသရာလည်နေတဲ့ ပြုမူဆောင်ရွက်ချက်တွေကို ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေဘက်ကပဲ ရပ်သင့်ရင် ရပ်ရပါတော့မယ်။ ရွေဝါရောင်တော်လှန်ရေးလို့ အမည်ပေးထားတဲ့ စက်တင်ဘာအရေးခင်းတုန်းကဆိုရင် ကျွန်တော်တို့ ကိုယ်တွေ့ပါ။ စစ်သားက ပြည်သူတွေကို မညှာတာဘူးဆိုတဲ့ အသိဥာဏ်လေးတခုကို ကိုယ့်စိတ်ထဲမှာ စွဲစွဲမြဲမြဲ သွင်းထားသင့်ပါပြီ။ ရဟန်းသံဃာတော် အပါးမြောက်ပေါင်းများစွာ ဦးဆောင်တဲ့ စက်တင်ဘာအရေးခင်းမှာ လူဘယ်လောက် သေဆုံးခဲ့သလဲ..၊ လူဘယ်လောက်ပျောက်ဆုံးခဲ့သလဲ၊ ရဟန်းသံဃာတော်များ မည်မျှ အဖမ်းခံရသလဲ..၊ ဒါတွေကို ကျွန်တော်တို့ အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။ အစဉ်အဆက်က ရိုသေလာတဲ့ သံဃာတော်တွေဟာ နအဖ စစ်တပ်လက်ထက်မှာ ထောင်ထဲရောက်ကုန်တယ်၊ အရိုက်ခံရကုန်တယ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ရာဇ၀င် ရိုင်းလွန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရဟန်းသံဃာတော်တွေ နေထိုင်တဲ့ ကျောင်းထဲကို ဖိနပ်တောင် စီးခွင့်မရခဲ့ပါဘူး။ အခုတော့ ကောင်းကြသေးရဲ့လား။ စစ်သားစီးတဲ့ ဖိနပ်က ရဟန်းသံဃာတော်တွေရဲ့ ခေါင်းပေါ်ရောက်လိုရောက်၊ လက်နက်ကိုင် စစ်သားတွေကို ရဟန်းသံဃာတော်တွေက ထိုင်ပြီး ရှိခိုးရလိုရှိခိုး၊ သူခိုးလူဆိုးတွေရိုက်တဲ့ တုတ်တွေက ရဟန်းသံဃာတော်တွေကို ရိုက်လိုရိုက်နဲ့ နအဖလက်ထက်မှာ ဗြောင်းဆန်ကုန်ပါပြီ။ အထူးသဖြင့် ဗိုလ်ချူပ်မှုးကြီး သန်းရွေဦးဆောင်တဲ့ နအဖစစ်အစိုးရ အုပ်စုလို့ ပြောရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ အဓိက ပြောချင်ကတော့ဗျာ နအဖကို လက်နက်နဲ့ တိုက်ရုံမှတပါး အခြားရွေးစရာ လမ်းမရှိတော့ပါဘူး။ လက်နက်နဲ့ တိုက်ရင် လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးမယ်ဆိုတာကတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီတိုင်းပဲ နည်းနည်းစီ ငြိမ်းငြိမ်းချမ်းချမ်းလေး ဆန္ဒပြနေလို့လည်း နောက်ထပ်အနှစ် ၂၀ ထပ်ကြနေပါလိမ့်မယ်။ ပြည်သူတွေကို သေစေချင်လို့ မဟုတ်ပါဘူး။ ဒီဆောင်းပါးကို ဝေဖန်ချင်လည်းဝေဖန်ပါလိမ့်မယ်။ ဘယ်လိုဝေဖန်မလဲဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး။ ဖြစ်နိုင်တဲ့ ဝေဖန်ချက်တခုကတော့ မင်းဒီလောက်တောင် လူတွေ သေစေချင်သလားဆိုတဲ့ မေးခွန်းမျိုးပါပဲ။ အဲ့ဒါဆို ကျွန်တော်က စာနဲ့ရေးနေတာပါ။ တကယ်လက်တွေ့လုပ်နေတဲ့ နအဖတွေကိုသာ ပြန်သွားမေးပါလို့ မေးတဲ့လူကို ကျွန်တော် ကြိုတင် ဖြေရှင်းချက်ပေးပါရစေ။

ရှမ်းကလေး

Thursday, June 12, 2008

တွေးမိတွေးရာ အမေးအဖြေများနှင့် မရယ်ရသော ဟာသများ (အပိုင်း-၁)

မှတ်ချက်။ ။ ကျွန်တော်ရဲ့ တွေးမိတွေးရာ အမေးအဖြေများနှင့် မရယ်ရသော ဟာသများသည် ကျွန်တော်၏ စိတ်ထဲတွင် သိုဝှက်ထားသော အတွေးအစများသာ ဖြစ်ပါသည်။ မည်သူတစ်ဦးမှ တိုက်တွန်းခြင်းအလို့ငှာ မပြုလုပ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမှလည်း ကျွန်တော့်ကို အကြံဥာဏ်များ မပေးပါ။ ထို့ကြောင့် အချို့သော ဟာသများသည် ရီစရာများကို ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ကာ တိုက်ခိုက်ပြောဆိုခြင်း မဟုတ်ပါ။ ထို့ကြောင့် လာရောက်လည်ပတ်သောသူတို့ ပျော်ရွင်နိုင်ပါစေသတည်း။

မေး။ ။ ဘာကြောင့် ရန်ကုန်မှာနေတဲ့ မြန်မာစစ်ဗိုလ်ချူပ်ကြီးများက နေပြည်တော်ကို ပြောင်းသွားတာလည်း။
ဖြေ။ ။ အတိုက်အခံတွေက ရန်ကုန်စစ်အုပ်စု၊ ရန်ကုန်စစ်အုပ်စုလို့ ခဏခဏပြောလို့။

မေး။ ။ ဘာလို့ ဗိုလ်ချူပ်သန်းရွေက သူ့ကိုသူ ဗိုလ်ချူပ်မှုးကြီးလို့ ခေါ်ခိုင်းတာလဲ..၊
ဖြေ။ ။ သူက အမြဲတမ်း မူးနေလို့

မေး။ ။ ဘာလို့ နအဖစစ်တပ်တွေက ကလေးတွေကို တပ်ထဲသွင်းနေတာလည်း..၊
ဖြေ။ ။ လူကြီးအခွင့်အရေးမရှိလို့။

မေး။ ။ ဘာလို့ ဗိုလ်ချူပ်မှုးကြီးသန်းရွေက ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်သူလူထုကို မကူညီချင်တာလဲ..၊
ဖြေ။ ။ မင်းဘာသိလို့လဲ ဗိုလ်ချူပ်ကြီးက သူ့ရဲ့လက်ထက်မှာ အခြားနိုင်ငံတွေထက် ချမ်းသာအောင်လို့ ငွေတွေကို ချွေတာသုံးနေတာ။

မေး။ ။ လူတစ်ယောက် လိမ်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ
ဖြေ။ ။ အလိမ်ခံရတဲ့သူက ပိုသိမှာပေါ့..၊

မေး။ ။ သည်းခံခြင်းကို ခင်ဗျားအနေနဲ့ ဘယ်လိုယူဆမလဲ
ဖြေ။ ။ အမြဲသည်းခံနေရင်တော့ အနိုင်ကျင့်တဲ့လူက ပိုပြီးရောင့်သက်လာမယ်

မေး။ ။ ကမ္ဘာပေါ်မှာ မညီညွတ်တဲ့ လူတွေကို လက်ညိုးထိုးပြပါဆို ခင်ဗျားက ဘယ်သူ့ကို ထိုးပြမှာလဲ..၊
ဖြေ။ ။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်ကြိုးစားနေတဲ့ အချို့သော အတိုက်အခံများ..အဖွဲ့အစည်းများ..။

မေး။ ။ လောကကြီးမှာ အရက်စက်ဆုံး လူတစ်ဦးကို ညွန်ပြပါ ခင်ဗျား ဘယ်သူ့ကို ညွန်ပြမလဲ..၊
မေး။ ။ ဗိုလ်ချူပ်မှုးကြီးသန်းရွေ...

မေး။ ။ လွတ်လပ်ခြင်းကို မိုက်မိုက်ကန်းကန်းအသုံးပြုနေတဲ့ လူတွေကို လက်ညိုးညွန်ပြပါ..။
ဖြေ။ ။ အချို့သော မြန်မာဘလော့ဂါများ..၊

မေး။ ။ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ မျက်နှာငယ်နိုင်သလဲ...၊
ဖြေ။ ။ ဥပမာ ခွေးတစ်ကောင်က သူ့သခင်ရဲ့ရှေ့မှာ သူများအစားအစာကို စားနေရတဲ့အချိန်

ရှမ်းကလေး

စကော့တလန်က ပေးအပ်သည့်ဆု ဒေါ်အောင်ဆန်းစုကြည်ရရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စကော့တလန်နိုင်ငံ၊ ဒန်ဒီမြို့က ၎င်းမြို့၏ အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုအတွက် ရွေးချယ်ကြောင်း မြို့တော်ကောင်စီဝင်အဖွဲ့က ယမန်နေ့ညတွင် ကြေညာလိုက်သည်။

အဆိုပါဆုကို စက်တင်ဘာလတွင် ချီးမြှင့်မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံအခြေစိုက် Burma Campaign (UK) မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့၏ ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမည်ဟု သိရသည်။

အန်အယ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အဖွဲ့ချူပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆုချီးမြှင့်တဲ့အတွက် ကျနော်တို့က ဝမ်းသာကြိုဆိုပါတယ်။ သို့သော်လည်းပဲ နအဖက ကျနော်တို့ အဖွဲ့တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အဖမ်းအဆီးတွေကို တိုးချဲ့တာဟာ ဝမ်းနည်းစရာပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့၏ ကြေညာချက်တွင် နိုဘဲယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေမှုကို ဂုဏ်ပြုကြောင်း၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားခြင်းမှ ချက်ချင်းပြန်လွှတ်ပေးရန်တို့ ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၂ နှစ် ကျော်ပြီဖြစ်သည်။

ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်သည့် အဖွဲ့ချူပ်ကြေညာချက်အရ မေလ ၂၇ ရက်နေ့က နေအိမ်အကျယ်ချုပ် ထပ်တိုးခြင်းခံခဲ့ ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ (ခ) အရ အာဏာပိုင်တို့က အကျယ်ချုပ် ချထားခြင်းသည် တည်ဆဲဥပဒေအရမှားယွင်းနေကြောင်း ခိုင်လုံသည့် ဥပဒေဆိုင်ရာကိုးကားချက်များကိုဖော်ပြပြီး အန်န်အယ်လ်ဒီ အနေနှင့် အယူခံဝင်ရန်ရှိသည်ဟု သိရသည်။

သို့သော်လည်း ယနေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးခြင်း နှင့်ပတ်သက်ပြီး ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်ညီညွတ်သည်ဟု ဆောင်းပါးရှင် ကျော်ရဲမင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းက အမေရိကန် အထက် လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံကချီးမြှင့်သည့် တွင်နိုဘဲယ်လ် ငြိမ်းချမ်းရေးဆုအပါအ၀င် နိုင်ငံတကာဆုပေါင်း များစွာကို ရရှိထားသူ ဖြစ်သည်။

တဖက်သတ်ချစ်ရသူမို့လို့လား

မေနဲ့ကျွန်တော်စတွေ့တဲ့ နေ့က မိုးတွေရွာနေတဲ့အချိန်...
လေပြင်းတွေကလည်း တိုက်လိုက်တာမှ အရမ်းပဲ....
မေ့ခင်မျာ မိုးရွာထဲမှာ တစ်ယောက်ထဲ အဖော်မဲ့နေရှာတယ်
ကျွန်တော်ကလည်း ကျွန်တော် ဒီနေ့တော့ မိုးမရွာလောက်တော့ဘူး ဆိုပြီး မုန့်ရောင်းထွက်လာတာပေါ့..၊ လမ်းတ၀က်လောက်လည်း ရောက်ရော.. မိုးစက်ကလေးတွေက နှင်းဖွဲလေးတွေအလား တစက်စက်နဲ့ ကျလာတာပေါ့။ တော်သေးတာပေါ့ ကျွန်တော့်ရဲ့ မုန့်ရောင်းတဲ့ စက်ဘီးကလေးက အမိုးလေး ပါနေလို့..၊ နောက်ထပ် ကျွန်တော်ကံကောင်းသွားတာက မိုးရွာချချင်းချင်းပဲ လူနားနေရာပြုလုပ်ထားတဲ့ တဲလေးတစ်လုံးရှိတဲ့နေရာကို ရောက်နေလို့..၊ အဲ့ဒီနေရာမှာ ကျွန်တော် မေ့ကို စတွေ့တာပေါ့..၊ မေကလည်း အဲ့ဒီမှာ တစ်ယောက်တည်းဗျ..၊ ကျွန်တော်ကလည်း မုန့်ရောင်းတဲ့ စီးပွားရေး သမားဆိုတော့ အကွက်ကို မြင်မိတာပေါ့..၊ ဒါမှလည်း မုန့်ရောင်းကောင်းမှာလေ..၊ စီးပွားရေး သမားဆိုတာ အကွက်ကြိုမြင်ရတာပေါ့..၊ ဒါပေမဲ့ မေက ကျွန်တော့်ကို တွေ့တော့ ပြုံးရုံလေး ပြုံးပြတယ်ဗျ..။ စတွေ့တွေ့ခြင်း မေ့ရဲ့ ပုံစံကလေးက ထိုင်းအမျိုးသမီး တစ်ဦးပုံပေါက်နေတယ်ဗျ..၊ မျက်နှာမှာ အလှအပ ခြယ်သကာ..၊ ခြေဖ၀ါးထိရှည်တဲ့ ဂျင်းဘောင်းဘီကြီးကို ၀တ်လို့ဗျ..၊ ပြီးတော့ လက်တိုတီရှပ်တစ်ထည်ကို ၀တ်ထားတယ်..၊

ကျွန်တော်စစချင်း မေ့ကို ထိုင်းမလေး တစ်ယောက်များလားလို့ ထင်နေတာဗျ..၊ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြတော့မှ မေက မြန်မာအမျိုးသမီးလေးဆိုတာ ကျွန်တော်သိတော့တယ်။ မြန်မာအမျိုးသမီးနဲ့တူတာဆိုလို့ မေ့မှာ ဆံပင်ရှည်တာပဲရှိတယ်..၊ ဟုတ်တယ် မေက ဆံပင်အရှည်ကြီးပဲ..၊ မေ့ရဲ့ ဆံပင်ကိုသာ ညှပ်ပစ်လိုက်ရင် ထိုင်းမလေး တစ်ရောက်နဲ့ ချွတ်စွပ်ကို တူမှာ သေချာတယ်။ ဒါပေမဲ့ မေ့ရဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ပစ်ရမှာ မေနှမြောတယ်ထင်တယ်..။ မိုးပေါက်ကျနေတုန်းမှာပဲ မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး မိုးက ပြင်းထန်စွာ ရွာချလိုက်လေပါရော..၊ အဲ့ဒါမှ ဂွကျတာပဲ..၊ လူများနားခိုရာ တဲကလေးမှာလည်း မေနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း..၊ ပြီးတော့ ကျွန်တော့်ရဲ့ မုန့်ကလေးကလည်း အခုမှ ရောင်းစဆိုတော့..၊ ကျွန်တော့်မှာ ဒီည ထမင်းမှ စားရပါ့မလားလို့ တွေးနေမိတယ်..၊ မုန့်ဆိုကျပြန်တော့လည်း ကျွန်တော်က မစားချင်ပြန်ဘူးဗျ..၊ ကျွန်တော်ကလည်း မြန်မာလူမျိုးတစ်ဦးဆိုတော့ ညဆို ထမင်းစားရမှ တင်းတိမ်တယ်လို့ ထင်တဲ့ လူတစ်မျိုးဗျ..၊
”၀မ်းနိဖုန်တိုတ်(င်) ယို့နား”လို့ ကျွန်တော်က မေ့ကို ဒီည မိုးတော်တော်ရွာတာပဲလို့ ပြောလိုက်တယ်..၊ ကျွန်တော်က ထိုင်းစကား နဲနဲပါးတတ်တော့ ထိုင်းလိုပဲ ပြောရတာပေါ့။ ဒါပေမဲ့ မေ့ရဲ့ တုန့်ပြန်မှုကို စောင့်နေရင်း ကျွန်တော် တစ်ရေးတောင် အိပ်မိတော့မလို့..၊ အိပ်မှာပေါ့ မေက ထိုင်းစကားမှ မတတ်သာ။ ဘယ်လို့လို့ မေ့ရဲ့အသံကို ကြားရမှာလည်း။ ကျွန်တော်ကလည်း အလိုက်ကမ်းဆိုးမသိ ထိုင်းလို ပြောမိတော့ မေလည်း နဲနဲလန့်သွားတယ် ထင်ပါတယ်။ သူက မြန်မာ.. ၊ ကျွန်တော့်ကိုတော့ သူက ထိုင်းလူမျိုးတစ်ဦး ထင်နေတာကိုး..၊ မေက ကျွန်တော့်ကို ခေါင်းခါပြတယ်..၊ ပြီးတော့ ပါးစပ်ကလည်း ထိုင်းလူမျိုးနဲ့တွေ့ရင် ပြောဖို့ဆိုပြီး အထူးလေ့ကျင့်သင်ယူထားတဲ့ “မိုက်ရု” ဆိုတဲ့ မြန်မာအခေါ် ”မသိဘူး” ဆိုတဲ့ စကားတစ်လုံးကိုသာ ကျွန်တော့ကို ထပ်ခါထပ်ခါ ပြောနေတော့တယ်။ ကျွန်တော်ကလည်း သဘောပေါက်သွားတာပေါ့..၊ သူက မြန်မာအမျိုးသမီးဆိုတာ..၊ ကျွန်တော်လည်း မြန်မာအမျိုးသားပဲလေ...၊ မြန်မာအချင်းချင်းတွေ့ရင် မြန်မာစကားမပြောပဲ ကိုယ့်ကိုယ်ကို ထိုင်းလူမျိုး ယောင်ဆောင်ထားရင်။ ဗျိုင်းယောင်ဆောင်သော ဂျီးနဲ့ တူသွားမှာပေါ့..၊ ဟုတ်ဖူးလား...၊
”အော.. ဒီက ညီမက မြန်မာလား” လို့ ကျွန်တော်က ပြောလိုက်တယ်။
ဟော အခုမှ မေ့မျက်နှာပေါ်မှာ အပြုံးရိပ် သန်းသွားတာလေးကို ကျွန်တော်မြင်ရတော့တယ်။ ပြီးတော့ မေက ”ဟုတ်ပါတယ် အကို၊ ညီမက မြန်မာလူမျိုးပါ..၊ အကိုလည်း မြန်မာလူမျိုးပဲနော်” ဆိုပြီး အံ့သြောတဲ့ အသံနဲ့ ကျွန်တော့်ကို ပြန်ပြောတယ်..
”ဟုတ်ပါတယ် အကိုက မြန်မာလူမျိုးပါ၊ အခုလို မြန်မာလူမျိုးအချင်းချင်း တွေ့ဆုံရတာ အရမ်း ၀မ်းသာတယ်ဗျာ..၊“
“ဟုတ်ကဲ့ မေလည်း ၀မ်းသာပါတယ်၊ မေထင်တာ အကို့ကို ထိုင်းလူမျိုးများလားလို့၊ မေက လန့်နေတာ“
“အော.. နာမည်က မေတဲ့လား၊ ကိုယ့်နာမည်လည်း မှတ်ထားပါ..၊ မျိုးသက်နိုင်တဲ့..၊ ကြားသာပတေးသား” လို့ ကျွန်တော်ခတ် ခတ်ရွတ်ရွတ်နောက်လိုက်တယ်..၊
“ဟုတ်ကဲ့ ဒါနဲ့ ကိုမျိုး...အဲ ကိုမျိုး.“
“မျိုးသက်နိုင်ပါ..၊“
“နာမည်ရှည်လို့ မမှတ်မိဘူး..၊ ဟင်းဟင်း။ ဟုတ်ကဲ့ အကိုက ဘယ်မှာနေတာလဲ“
“အကိုက ဒီနေရာနဲ့ တော်တော်တော့ ဝေးတယ်..။ ညီမရဲ့.. အဲ ညီမရဲ့ နာမည်အရှည်က ဘယ်လိုတုန်း“။
“အော ညီမရဲ့ နာမည်က မေစံပယ်စိုးပါ..၊ မေ့ကို ကိုမျိုးသက်နိုင် မေလို့ ခေါ်နိုင်ပါတယ်..။
“ဒါဆိုဘယ်တရားမှာလဲ..“
“ဟင်းဘာဖြစ်လို့လဲ“
“အော ကိုက ညီမလေးကို မေလို့ ခေါ်ပြီး၊ ကိုယ့်ကို ကျတော့ နာမည်အပြည့်အစုံ ခေါ်တော့ မေမောမှာပေါ့..၊ ကိုယ့်ကိုလည်း ရင်းရင်းနှီးနှီး ကိုမျိုးလို့ ခေါ်နိုင်ပါတယ် မေ..၊“
“ဟုတ်ကဲ့ပါ ကိုမျိုး..၊ ဒါပေမဲ့ မေတို့နှစ်ယောက်က နောက်တွေ့ရတော့မှာမှ မဟုတ်တော့တာ..“
“ဟုတ်တော့ဟုတ်ပါတယ်..၊ ဒါပေမဲ့ ကံတရားဆိုတာ ဘယ်ပြောနိုင်မှာလဲ..၊ ဒါနဲ့ မေက ဘာအလုပ် လုပ်တာလဲ..၊ စပ်စုတယ် မထင်နဲ့နော်..၊ ကိုယ်ကတော့ မုန့်ရောင်းတယ်..၊ မြန်မာအခေါ် ကြက်ဥပလာတာပေါ့..၊“
“မေက စက်ရုံမှာ အ၀တ်ချူပ်တယ် ကိုမျိုးရဲ့..၊ ဒီနေ့မှ မေတစ်ယောက်တည်း ဆိုင်ကယ် လာစောင့်နေတာ..၊ မိုးက ရွာတော့ မသွားဖြစ်တော့ပါဘူး“
“အော.. ဟုတ်လား..၊ မေက ဘယ်သွားမလို့“
“မေဈေးသွားမလားလို့“
“အော..“
ကျွန်တော် စကားမဆုံးပေမဲ့ မိုးရွာတာကတော့ ဆုံးသွားပြီဗျ..၊ မိုးက ရွာချလိုက်ရင်လည်း ဟောဒိုင်း ရွာချလိုက်တယ်၊ တိတ်ပြီဆိုရင်လည်း တိကနဲ့ တိတ်လိုက်တယ်..၊ ထိုင်းနိုင်ငံမှာ ရွာတဲ့ မိုးက ဘာမိုးမှန်းကို မသိဘူးလို့ ကျွန်တော့်စိတ်ထဲကတော့ ရေရွတ်မိတယ်..၊ ပြတ်သွားတဲ့ စကားကို ကျွန်တော် ပြန်ဆက်ဖို့လုပ်တုန်း..၊
မေက “ကဲ မိုးလည်း တိတ်ပြီ ကိုမျိုးရေ..၊ မေသွားတော့မယ်နော်..“
“ခဏလေး မေ..၊ ကိုမုန့်တခု လုပ်ပေးလိုက်မယ်..၊ မေလမ်းမှာစားဖို့“
ကျွန်တော့်အကျင့်က အဲ့လိုပဲဗျ..၊ မြန်မာလူမျိုးတစ်ဦး ဘယ်သူမဆို မိတ်ဆက် စကားပြောဖြစ်ခဲ့ကြပြီဆိုရင် မုန့်တစ်ခုကတော့ အမြဲ အလကား လုပ်ပေးလေ့ရှိတယ်..၊ ရင်းရင်းနှီးနှီး ရှိတဲ့ လူပေါ့ဗျာ..၊ အဲ့ဒါကြောင့် ထင်တယ်..၊ ကျွန်တော် ထိုင်းနိုင်ငံရောက်လာတာ ၁၀ နှစ်လောက်ရှိပြီ..၊ ခုထက်ထိ ၁ ရက်လုပ်ရောင်းရတဲ့ ငွေက တစ်ရက် ထမင်းစားဖို့ပဲ ရှိတယ်..၊
“ကျေးဇူးအများကြီး တင်ပါတယ် ကိုမျိုးရယ်..၊ အားလည်းအားနာတယ်နော်“ မေပြောလိုက်တဲ့ စကားသံတွေက ကျွန်တော့်လို လမ်းတကာ၊ ရပ်ကွက်တကာ စက်ဘီးမဟုတ် ဘာမဟုတ် ထိုင်းနိုင်ငံလုပ် သုံးဘီးလှည်းလေးကို တွန်းပြီး မုန့်လိုက်ရောင်းရတဲ့ မုန့်ရောင်းသမားအတွက် မကြားစဖူး စကားသံပေါ့ဗျာ..။ ဘယ်ကောင်မလေးကမှ ကျွန်တော့်ကို ဒီလိုမပြောဖူးဘူးဗျ..၊ ဘုရားစူး မိုးကြိုးပစ်ပါရဲ့..၊ မေက ကျွန်တော့ရဲ့ ဘေးနားက ထွက်သွားစေကာမူ မေ့ရဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားနုနုထွတ်ထွတ်လေးမှာ စွဲပြီး ကျန်ရစ်ခဲ့တယ်..၊ ခုထိပဲ..၊
ဒီလိုနဲ့ ကျွန်တော်လည်း တိတ်သွားတဲ့ မိုးကိုကြည့်ပြီး ကျေးဇူး ကြိတ်တင်မိတယ်..၊ အချစ်ဆိုတာ ရင်းနှီးခြင်းက စတင်ခြင်း ဖြစ်တယ်ဆိုတဲ့ စကားပုံကလည်း မှန်ပါ့ဗျာ..၊ ဒီလိုနဲ့ ကျွန်တော့်ရဲ့ နှလုံးသား လေးဟာလည်း မေဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတယ်ဗျာ..၊
--------------------------------------------------------------------------------------------

ဒီဇင်ဘာလ ၁၅ ရက်နေ့
နံနက်စောစော နှင်းတွေက ကျနေဆဲ..၊ ဒါပေမဲ့ တွန်းလဲတစ်စီးနဲ့ လမ်းတကာ လိုက်ပြီး လျှောက်ရောင်းနေရတဲ့ ကျွန်တော့်လို မရှိလို့ လုပ်စားရတဲ့ ကြက်ဥပလာတာ လုပ်ရောင်းရတဲ့ ကောင်လိုကတော့ နှင်းကျတာကိုလည်း မမူနိုင်ပါ..၊ မိုးရွာတာကိုလည်း မမူ..၊ နေပူတာကိုလည်း လုံးဝမမူ။ ဥတုသုံးပါးစလုံး ကြိုးကြိုးပမ်းပမ်း လုပ်ပါမှ ထိုင်းနိုင်ငံရဲ့ တဖက်ကမ်းမှာရှိတဲ့ မွေးမိခင်နဲ့ ကျွေးဖခင်..၊ ချစ်ဆုံး ညီလေးတို့ကို တလတလ ငွေမှန်မှန်ပို့နိုင်မှာ မဟုတ်လား..၊ ကျွန်တော်လည်း တွန်းလဲလေးကို တွန်း..၊ “လုံးတီးခပ်..၊ လုံးတီးခပ်“ ထိုင်းလို ပါးစပ်က တစ်ကြော်ကြော်အော်..၊ မြန်မာလူမျိးတွေ နေထိုင်တဲ့ ရပ်ကွက်များ ရောက်ပြီဆိုရင် ကြက်ဥပလာတာ ယူအုံးမလားလို့.. တတွတ်တွတ် ရွတ်..၊ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး သွားပါလေရော..၊ ကျွန်တော်မေ့ကို မတွေ့တာလည်း တစ်ပါတ်လောက်ရှိပြီဗျ..၊ ဒီတစ်ခါမေနဲ့ တွေ့ရင် ဖုန်းနံပါတ်လေး တောင်းထားမှလို့ ကျွန်တော်စဉ်းစားထားတယ်..၊ ကျွန်တော့် စိတ်ထဲမှာ မေ့ကို မတွေ့တဲ့ တစ်ပါတ်အတွင်း မုန့်တွေ သိပ်မရောင်းကောင်းဘူးလို့ ထင်မိတယ်..၊ ဘယ်ရောင်းကောင်းမှာလည်း မေ့ကို လွမ်းတဲ့စိတ်နဲ့ မုန့်လုပ်နေတော့ ယောင်ယောင်ကန်းကန်းတွေ ဖြစ်ကုန်တာပေါ့..၊ အဆီအလျော်တွေ မတည့်ကုန်ဘူး..၊ နို့ဆီများသွားလိုက် သကြား များသွားလိုက်နဲ့၊ တခါတလေ တူးတောင် တူးသွားလိုက်သေးတယ်..၊ တူးသွားတဲ့ ဟာဆို အသစ်ပြန်လုပ်ရတယ်..၊ ဘာဖြစ်လို့ဘာဖြစ်မှန်းမသိဘူး..၊ ကိုယ်က စချစ်ရတာဆိုတော့ မေများ သိမလား မသိ..၊ ဒီက ချစ်ရတဲ့ သူကတော့ ရူးမတတ်ပဲ..၊ အမြဲတမ်း တွေးနေတာက မေ့အကြောင်းတွေပဲ..၊ မေများ ကျွန်တော့်ရဲ့ ရှေ့မှာ ဘွားကနဲ ပေါ်လာပြီး ချစ်တယ်လို့ အဖြေလာပေးသွားရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးတွေ ယဉ်လိုယဉ်..၊ သုံးဘီးကလေးကို မေနဲ့ ကျွန်တော်က နှစ်ယောက်အတူတူတွန်းရင်း မေက မြန်မာလို “ဟောဒီမှာ ကြက်ဥပလာတာနော်..၊“ ကျွန်တော်က ထိုင်းလို “အောက်(င်)လုံးတီးမိုင်းခပ်” လို့ ပြေားပြီး လိုက်ရောင်းချင်လိုက်တာလို့ တွေးလိုတွေး..၊ တွေးတာက အရေးမကြီးဘူး..၊ တွေးနေတုန်း ကျွန်တော့်ရဲ့ သုံးဘီးလှည်းကလေးက မောင်းသူမဲ့နေတဲ့ လှည်းအတိုင်း..၊ မြောင်းငယ်လေး တခုထဲကို ကျသွားပါလေရော..၊ အဲ့ဒီကျမှ ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မေပျောက်သွားတယ်..၊ မပျောက်လို့လဲ မရဘူး..၊ ကျွန်တော်ရောင်းရမဲ့ မုန့်တွေ ပြုတ်ကျခါနီးပြီ..၊ တော်သေးတာပေါ့.. မဖိတ်ကျသွားလို့၊ ဖိတ်များဖိတ်သွားရင်တော့လေ ဒီညတော့ ညစာငတ်ပြီ။ ဟိုက်ရှာပါး..၊ ညစာငတ်ခံနီး ကျွန်တော့နှလုံးသားရဲ့ သော့တစ်ချောင်းဖြစ်တဲ့ မေ့ကို သွားတွေ့ရတယ်..၊ မျက်စိက ဒါမျိုးဆိုလျှင်ပါ့..။ အော ချစ်ရတဲ့ သူကိုး၊ ဟိုက်.. မေ့ဘေးမှာ ယျောက်ကျားကြီးတစ်ယောက်ဗျ..၊ မေ့လက်ကို တွဲလို့..၊ မေက ကျွန်တော့်ဆီ တန်းတန်းကို လာနေပြီဗျ..၊ ဟိုက် ဒါမှ ခက်တာပဲ သူက မေ့ကို ဒီနေ့မှ ချစ်စကား ဆိုမလို့..၊ တဖြည်းဖြည်း နီးလာတဲ့ မေ့ကို သူပြုံးပြရုံမှ တပါး ဘာမှ မတတ်နိုင်တော့..၊
“ကိုမျိုး ဒီမှာမုန့်ထပ်လာရောင်းတာလား“
“ဟုတ်တယ် မေ၊ ဒါနဲ့မေက ဘယ်လဲ“
“အော.. မေဒီနားသွားမလို့..၊ အော မိတ်ဆက်ပေးရဦးမယ်..၊ ဒါက မေနဲ့ တချိန်ကျရင် လက်ထက်ရမဲ့ မေ့ရဲ့ မောင်ပါ..၊ မောင့်နာမည်က ကိုဇင်သက်ဦးတဲ့..၊ မောင် ဒါက မေ့ရဲ့ အကိုလို့လည်း ပြောလို့ရတယ်..၊ မေနဲ့ မကြာသေးခင်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ အကိုပေါ့..“
အော.. မေ.. မေ.. မေကတော့ ၀မ်းတွေသာ ပီတိတွေဖြာလို့..၊ ကိုယ့်မှာတေ့ အပြင်ပန်းသာ မျက်နှာပြုံးရုံလေး မေ့ကို ပြုံးပြနေရတယ် ဆိုတာ မေသိမှသိပါ့မလား၊ ကိုယ့်ရဲ့ ရင်တွေ ဘယ်လောက်ပူလောင်နေတယ်ဆိုတာ..၊ မုန့်လုပ်ရင်း လောင်သွားတဲ့ မီးတောင် မမှီနိုင်ဘူး ထင်ပါတယ်။ အော.. နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ခဲ့ရပါတယ်.. မေ..၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က တဖက်သတ် ချစ်ခဲ့ရသူမို့လေ..၊

ပြီးပါပြီ
ရှမ်းကလေး

Saturday, June 7, 2008

ကယ်တင်ရှင်

လေက တဟူးဟူး တိုက်ခတ်နေသည်
မိုးကလည်း တဒုန်းဒုန်းနှင့် ကြမ်းတမ်းစွာ ခြိမ်းခြောက်နေသည့်အလား.။
မိုးစက်လေးများကား လေထဲတွင် တ၀ူဝူ လွင့်မျောနေသည်...။
ပတ်ဝန်းကျင်တခုလုံး ဗြုန်းဆန်အောင် ဆူညံနေပါသည်။ ထိုကြားထဲတွင် ဓါးအချင်းချင်း ထိခိုက်သော အသံများက နားခါးစဖွယ် ကြားနေရပေသည်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေသည် ဆိုသည်မှာတော့ သေချာနေပြီ။ သိုင်းလောကတွင် ဓါးအချင်းချင်း ထိရသော အသံကို ကြားရခြင်းမှာ မထူးဆန်းပေ။ အခုလည်း ဘယ်က အနက်ရောင်သိုင်းသမားနဲ့ အဖြူရောင် သိုင်းလောကက သူရဲကောင်းသို့ အငြိုးကြီးစွာ တိုက်ခိုက်နေသည်ကိုတော့ မသိ။ ဓါးအချင်းချင်း ထိခိုက်သံများကတော့ ကြောက်မခန်းခန်းလိလိပင် ဖြစ်ပါတော့သည်။

”မိန်းကလေးမို့ ငါညာနေတာနော် နှင်းပွင့်သခင်မ”

”အောင်းမယ် လာကလာသေးတယ်..၊ အခုမှ သိုင်းလောကမှာ နာမည်ရလာတဲ့ ငနဲသားလေးရယ်..၊ နင့်ကများ ငါ့ကို နိုင်အောင် တိုက်နိုင်တယ်လို့ ထင်ထားလို့လား”..

တိုက်လည်းတိုက် ပြောလည်းပြောနေကြတော့ သူတို့ရဲ့ အသံကို နားထောင်ကြည့်ခြင်းအားဖြင့် ယောက်ကျားလေးနှင့် မိန်းကလေးတို့ တိုက်ခိုက်နေကြသည်ကို သိနိုင်ပေသည်။ ယောက်ကျားလေးက မိန်းကလေး တစ်ဦးကို တိုက်ခိုက်နေသည်မှာကတော့ သဘာဝ မကျပေ။ သို့သော်...
ထိုသူများမှန် အခြားသူများ မဟုတ်။ မိန်းကလေးဖြစ်သူကား သိုင်းလောကတွင် အလွန်ကျော်ကြားရက်စက်သော နှင်းပွင့်သခင်မပင် ဖြစ်ပေသည်။ နှင်းပွင့်သခင်မဟူသော မိန်းမပျိုကား သိုင်းလောကတွင် ရက်စက်ခြင်းများစွာနဲ့ နာမည်ကြီးလှသော မိန်းကလေး သိုင်းသမား တစ်ဦးပင်ဖြစ်ပါသည်။ သူမသည် အဖြူရောင် သိုင်းလောက၏ ရန်သူတော် ဖြစ်သော်လည်းပဲ အနက်ရောင် သိုင်းလောကသားတို့ အတွက်ကား အရှင်သခင်ဖြစ်သည်။ သူမ၏ နှင်းစက်မုန်တိုင်း သိုင်းကွက်မှာ အထူးထင်ရှားပေသည်။ သူမသည် ရုပ်ချောသလောက် ရက်စက်လွန်းလှသည့် မိန်းမပျိုတစ်ဦးပင်ဖြစ်ပါသည်။ နှင်းပွင့်သခင်မနှင့် တိုက်ခိုင်နေသော လူကား အခြားသူမဟုတ်။ သိုင်းလောကတွင် နာမည်အတန်အသင့် ရထားသော မုန်တိုင်းဓါးသခင်ပင်ဖြစ်ပါသည်။ မုန်တိုင်းဓါးသခင် ရှောက်ရိသည် သူကျွမ်းကျင်လှသော ဓါးသိုင်းပညာနှင့် နှင်းပွင့်သခင်အား တိုက်ခိုက်နေသည်။ အနက်ရောင် သိုင်းသမား နှင်းပွင့်သခင်မမှာကား လက်နက်ပစ္စည်း တခုမှပင် မထုတ်သေးပေ။ သို့သော် မုန်တိုင်းဓါးသခင်မှာတော့ နှင်းပွင့်သခင်မအား အလူးအလဲ တိုက်ခိုက်နေရသည်။

“ရှင်ကျမရဲ့ နောက်ဆုံး နှင်းပွင့်ခြွေသိုင်းကွက်ကို ရှင်နိုင်မှာ မဟုတ်ပါဘူး”
“မင်းကိုကြောက်နေရင် ဒီနေရာတောင် အရောက်မလာဘူးကွ”
“စကားမများနဲ့ ရော့ ကျမရဲ့ နှင်းပွင့်ခြွေသိုင်းကွက် မြည်းစမ်းလိုက်ဦး“ နှင်းပွင်သခင်မက ပြောပြီးပြီးချင်း သူ့ရဲ့ အလွန်လျှင်မြန်ပြီး လှပသေးသွယ်တဲ့ လက်ချောင်းကလေးတွေကို အသုံးပြုကာ သိုင်းကွက်တကွက်ကို အသုံးပြုကာ မုန်တိုင်းဓါးသခင်ကို တရကြမ်း ၀င်ရောက်တိုက်ခိုက်ပါတော့တယ်။ မုန်တိုင်းဓါးသခင်ကလည်း နာမည်ကြီးလှတဲ့ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်မှန်းသိပေမဲ့လည်း နောက်ဆုတ်ရန် မဖြစ်နိုင်တော့။ ထို့ကြောင့် မုန်တိုင်းဓါးသခင်က ၎င်း၏ဓါးနှင့် နှင်းပွင့်သခင်မထံသို့ ပြန်လည် ၀င်ရောက်တိုက်ခိုက်ပေသည်။ သို့သော် မုန်တိုင်းဓါးသခင်မှာ နှင်းပွင့်သခင်မ၏ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်။ နှင်းပွင့်သခင်မကား မုန်တိုင်းဓါးသခင်၏ နှလုံးသားတည့်တည့်သို့ လက်ငြိုးနှစ်ချောင်းထောက်ကာ ပညာပြလိုက်လေသတည်း။ ပြီးနောက် အနက်ရောက်သိုင်းသမားတို့၏ ထုံးစံအတိုင်း မိမိတို့၏ ပြိုင်ဖက်ကို အနိုင်ရရှိပြီဆိုလျှင် ရက်ရက်စက်စက် ပြုမူတတ်သော အပြုအမူ တစ်ခုကား အဆိပ်လက်နက်ကို သုံးခြင်းပင်ဖြစ်ပါတော့သည်။ ထို့ကြောင့် နှင်းပွင့်သခင်မသည်လည်း သူမ၏ ကြောက်မက်ဖွယ်ရာ နှင်းခဲအဆိပ်နှင့် မုန်တိုင်းဓါးသခင်အား လျှင်မြန်ဖြတ်လတ်စွာ ပစ်လိုက်ပေတော့သည်။ မုန်တိုင်းဓါးသခင်မှာကား ၎င်းထံသို့ ၀င်ရောက်လာသော နှင်းခဲအဆိပ်ကြီးကို တွေ့နေပါသော်လည်း ရှောင်ရှားနိုင်ဖို့ကား မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာလည်း နှင်းပွင့်ခြွေသိုင်းကွက်၏ ပထမဆုံး သိုင်းကွက်တကွက်က သူ၏ အတွင်းအား မြောက်ပေါင်းများစွာကို စုတ်ယူသွားပေပြီ မဟုတ်ပါလား။ ထို့ကြောင့် ၀င်လာသော နှင်းခဲအဆိပ်ကြီးကို ငုံ့ခံနေရုံမျှတစ်ပါး အခြားမရှိတော့ပေ။

ဝှီ..၀ှီ ၀ှီ
လျှင်မြန်လှသော အဆိပ်ကြီးကား မုန်တိုင်းဓါးသခင်၏ အသည်းတစ်ခြမ်းပေါ်သို့ အရောက်တွင် အဖြူရောင်ဝတ်ဆင်ထားသော လူတစ်ဦးကား ၀င်ရောက်လာကာ မုန်တိုင်းဓါးသခင်အား ပွေ့ချီပြီး နှင်းခဲအဆိပ်အား ရှောင်ရှားလိုက်လေသည်။
ထိုအခါ နှင်းပွင့်သခင်မက ဒေါသထွက်ကာ
“နင်က သေချင်လို့လား.. နင်ဘာကြောင့် ဒီလူကို ကယ်ဆယ်ရတာလဲ..၊ နင်ဘယ်သူလဲ“
သို့သော် ထိုသူမှာ ဘာမျှမပြော။ ထို့ကြောင့် နှင်းပွင့်သခင်မ ဒေါသပိုထွက်ရသည်။ နှင်းပွင့်သခင်မက ဒေါသ အလုံးလုံးထွက်နေသောကြောင့် သူမ၏ အပြင်းထန်ဆုံး နှင်းခဲအဆိတ်ကို အဖြူရောင်ဝတ်စုံဝတ်ထားသော လူရှိရာသို့ ပစ်ပေါက်လိုက်သည်။ သို့သော် ထိုလူကိုမထိ။ သစ်ပင်ကိုသာ ထိသည်။ ထိမိသော သစ်ပင်ကြီးမှာလည်း အစိတ်စိတ်အမွာမွာ ဖြစ်ကုန်ရသည်။ လူကို ထိမပါက အစအနပင် ရှာတွေ့နိုင်မည် မထင်။ နှင်းပွင့်သခင်မမှာ ထိတ်လန့်ရသည်။ သိုင်းလောကတွင် သူမ၏ နှင်းခဲအဆိပ်ကို ရှောင်ရှားနိုင်သူမရှိ။ သို့သော် ထိုသူမှာကား....

“ရှင်ဘယ်သူလဲ“
“ငါက ကယ်တင်ရှင်လေ“
“ဟားဟားဟား ရှင်က ကယ်တင်ရှင်ဆိုတော့ ကျွန်မရဲ့ ရန်သူပေါ့“
“သိပ်ကို မှန်တာပေါ့၊ မင်းလို အသိဥာဏ်မဲ့တဲ့ မိန်းကလေးမျိုးကို ဆုံးမဖို့ ဘုရားက ငါ့ကို မွေးထုတ်ပေးခဲ့တာပေါ့“
“လာကလာသေးတယ်.. ကဲရှင်ကပဲ ကျွန်မကို ဆုံးမမလား၊ ကျွန်မကပဲ ရှင့်ကို သေမင်းဆီ ပို့မလားဆိုတာ စမ်းကြည့်တာပေါ့“
“ငါလာတာက သေရွာသွားဖို့လည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ငါသေရွာမပို့ဘူး၊ ငါလာတာဟာ မင်းကို ဆုံးမဖို့ သက်သက်ပဲ၊ သေတဲ့အထိတော့ မင်းကို ငါမသတ်ချင်ပါဘူး“
“ကဲ စကားမများနဲ့ ရော့ ကျွန်မရဲ့ နှင်းပွင့်ခြွေသိုင်းကို ခံစားကြည့်လိုက်ဦး“

နှင်းပွင့်သခင်မသည် ၎င်း၏ လျှင်မြန်လှသော နှင်းပွင့်ခြွေသိုင်းနှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လူရှိရာသို့ ၀င်ရောက်ကာ တရကြမ်း တိုက်ခိုက်ပေတော့သည်။ သို့သော် နှင်းပွင့်သခင်မ၏ သိုင်းကွက်များမှာကား ဘာမျှအရာ မရောက်တော့ပေ။ ထိုအဖြူရောင် ၀တ်ဆင်ထားသော လူ၏ ပြန်လည်တိုက်ခိုက်ခြင်းကိုပင် နှင်းပွင့်သခင်မခင်မျာ ရှောင်ရှားနေရသည်။
“ကယ်တင်ရှင် နေမင်းစကြာ“ဟု နှင်းပွင့်သခင်မ၏ ပါးစပ်မှ ရုတ်တရက် ထွက်လာသည်။ မှန်ပေသည်။ ယခု နှင်းပွင့်သခင်မနှင့် တိုက်ခိုက်နေသူမှာ အနက်ရောက်သိုင်းသမားများကို ချေမှုန်းနေသော ကယ်တင်ရှင် နေမင်းစကြာပင် ဖြစ်ပါတော့သည်။ ကယ်တင်ရှင် နေမင်းစကြာသည် သိုင်းလောကတွင် ပျောက်နေသည်မှာ ကြာနေပြီဖြစ်သည်။ လူတွေက သူ့ကို သေသွားပြီဟု ထင်နေကြသည်။ ထို့ကြောင့် နှင်းပွင့်သခင်သည်လည်း သိုင်းလောကတွင် အနိုင်ကျင့်ချင်တိုင်း ကျင့်နေသည်။ နှင်းပွင့်သခင်မသည် နေမင်းစကြာကိုတော့ မယှဉ်နိုင်မှန်းသိသည်။ နေမင်းစကြာ ပျောက်ကွယ်သွားမှပင် နှင်းပွင့်သခင်မက သိုင်းလောကကို ခြယ်လှယ်ဖို့ ကြိုးစားလာသည်။ ကြိုးစားခဲ့သည်မှာလည်း ၇ နှစ်မျှပင်ရှိလေပြီ။ သို့သော် ယခုမူကား သူမခြယ်လှယ်ချင်တိုင်း ခြယ်လှယ်၍ မရနိုင်တော့မှန်း သိပေပြီ။ နေမင်းစကြာကလည်း သူမ၏ နှင်းပွင့်ခြွေသိုင်းကွက်ကို ချေမှုန်းခဲ့လေပြီ။ သူမ၏ လက်မှာလည်း လှုပ်ရှား၍ မရတော့။ ထိုချိန်မှပင် နှင်းပွင့်သခင်မမှာ နောင်မှရသည့် နောင်တကို အသွင်သွင်ရလေတော့သည်။ ကယ်တင်ရှင် နေမင်းစကြာမှာလည်း မုန်တိုင်းဓါးသခင်နှင့် သိုင်းလောကကြီး တခုလုံးကို ကယ်တင်ရုံမကသေးပဲ နောင်တရပြီး ပူဆွေးဝမ်းနည်းနေသော အင်မတန်ချော၊ အင်မတန်လှသည့် နှင်းပွင့်သခင်မကိုပင် ကယ်တင်ကာ ထာဝရ ချစ်သူအဖြစ်သို့ သတ်မှတ်ခဲ့လေတော့သည်။

ပြီးပါပြီ
ရှမ်းကလေး

Thursday, June 5, 2008

”ဒါရိုက်တာများ သေပျော်ပါပြီ“

ပြီးဆုံးသွားတဲ့ နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာလူပေါင်း မြောက်များစွာ သေဆုံးကုန်ကြသည်။ လူပေါင်းမြောက်များစွာ အတိဒုက္ခ ရောက်ကုန်ကြသည်။ ထိုအခါ မြန်မာ့ရုပ်ရှင် အနုပညရှင်များက ၎င်းတို့ တတ်နိုင်သမျှ ၀ိုင်းဝန်းလှူဒါန်းကြသည်။ အခုအခါမှာတော့ ရုပ်ရှင်ရိုက်သော နာမည်ကြီး ဒါရိုက်တာကြီးများနှင့် အနုပညာရှင်များ စုပေါင်းကာ ဒုက္ခရောက်နေသော လူများကို လှူရန်အတွက် အလှူငွေရရှိအောင် ဗီဒီယို ဇာတ်ကားများရိုက်ကာ အလှူငွေ ရှာကြမည်ဟု တိုင်ပင်ကြသည်။ ဒါရိုက်တာများသည် အလျှင်အမြန်နှင့် ရက်တိုဗွီဒီယို ရိုက်ရခြင်းကြောင့် အထက်လှူကြီးများအား ဆင်ဆာမတင်ကြတော့ဟု ၎င်းတို့ အနုပညာရှင်အချင်းချင်း တိုင်ပင်ကြသည်။ ၎င်းတို့ တိုင်ပင်ပြီးနောက် ဒါရိုက်တာများ အနုပညာရှင်များ အားလုံး ထပြီး ပြန်သွားချိန်တွင် နာမည်အတန်အသင့် ရသော ဒါရိုက်တာ တစ်ဦးက ရုတ်တရက် ထရပ်ပြီး ၀မ်းသာအားရ ထအော်သည်။

ထိုဒါရိုက်တာ ထအော်လိုက်သည်ကား “ဟေး ငါတော့သေပျော်ပြီကွာ..၊ ဆင်ဆာမတင်ပဲ ဗွီဒီယိုရိုက်ရလို့“ ဆိုသတဲ့။

ရှမ်းကလေး

Friday, May 30, 2008

”နာဂစ်အလွန်“

”လူ့အသက်ပေါင်းများစွာ
ဆုံးရှုံးသွားစေခဲ့တဲ့
ပြင်းထန်တဲ့ လှိုင်းလုံးကြီးကတော့
နာဂစ်သာ ဖြစ်ပါလေသတည်း..
ရက်စက်လွန်းပါပေ့
နာဂစ်ရယ်လို့” မြန်မာနိုင်ငံသားများတင်မက ကမ္ဘာသူ၊ ကမ္ဘာသားများပါ ညည်းတွားရသည့် အန္တာရာယ်ဆိုးကြီး တစ်ခုသာ ဖြစ်ပေတော့သည်။

”နာဂစ်ရယ်၊ တကယ်မချစ်လို့၊ တွယ်ပစ်ပြီလား”လို့ ကဗျာတောင် ဖွဲ့ဆိုရမလို့ ဖြစ်နေပါပြီ။ ဟိုမလုပ်ရ၊ ဒါမလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ၊ အစရှိသဖြင့် ပြင်းထန်တဲ့ အာဏာစက်ကွင်းတွေထဲမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသားများကို နာဂစ်က ထက်ပြီး အပူစက်ကွင်းကြီးတခု ပေးဆောင်သွားခဲ့လေပြီ။

နအဖ စစ်အစိုးရလက်ထက်တွင် မတိုးတက်ခဲ့သော မိမိတို့ နိုင်ငံတော်ကြီး နာဂစ်ကြောင့် စစ်ကျွန်ဖြစ်ခဲ့ရလေပြီ။ နာဂစ်မုန်တိုင်းကြီးက မိမိတို့ ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးသွားခဲ့လေပြီ။ နာဂစ်မုန်တိုင်းကြီး လာရောက်ချွေယူ တိုက်စားသွားသော အသက်၊ အိုးအိမ်၊ စည်းစိမ်များသည် မိမိတို့ အမိမြေအတွက် အဓိက အထောက်အကူပြုသော အရာများသာ ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတိုင်း နေ့စဉ်နှင့်အမျှ စားသောက်နေရသော ဆန်၊ စပါးများ အများဆုံး ထွက်ရှိရာ အရပ်သည် ယခုနာဂစ် တိုက်စားယူဆောင်သွားသော မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းကြီးပင် ဖြစ်ပါတော့သည်။ ဧရာဝတီတိုင်းတွင် ဧရာဝတီသားများ နေထိုင်ကြသည်။ ဧရာဝတီသားများသည် ဆန်စပါး၊ သီးနှံ၊ ဆီ၊ ပဲ အစရှိသဖြင့် လူ့စားသောက်ကုန်များကို စိုက်ပျိုးကြသည်။ ၎င်းတို့ စိုက်ပျိုးသော ဆန်စပါးများ၊ ကောက်ပဲသီးနှံများကို မြန်မာနိုင်ငံသားများတင်မက နိုင်ငံတကာက ၀ယ်ယူ စားသုံးကြသည်။ နိုင်ငံတကာက ၀ယ်ယူင ရရှိလာသော အကျိုးအမြတ်များကို စိုက်ပျိုးသူ ဧရာဝတီတိုင်းသားများ မခံစားရ။ ရရှိလာသော ငွေကြေးများသည် မြန်မာနိုင်ငံကို အုပ်ချူပ်မင်းလုပ်နေသော နအဖစစ်အာဏာရှင်ကြီးများသာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးတွင် အသုံးပြုကြသည်။ ပြည်သူ့အတွက်အလို့ငှာ ရရှိလာသော ငွေကြေးများကို ပြည်သူ့အတွက် အနည်းအကျဉ်းလေမျှ မချန်ထား။ ရသမျှ အကုန်ယူသော ၎င်းတို့(နအဖ)၏ စိတ်ဓါတ်ကို အလွန်ရွံ့ရှာမိသည်။ ဤသည်မှာ နအဖစစ်အစိုးရ အုပ်ချူပ်နေသော မြန်မာနိုင်ငံ၏ ပုံသေနည်းများပင် ဖြစ်ပေတော့သည်။ ဆန်စပါးများ ကောက်ပဲသီးနှံများကို စိုက်ပျိုးသူများသည် ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။ ထိုနည်းတူစွာပင် နာဂစ်ကြောင့် သေဆုံးသူများ အများအပြားမှာလည်း ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။
ယခုမူကား မြန်မာနိုင်ငံ၏ အဓိက အထောက်အကူပြုသော ဧရာဝတီကြီးကို နာဂစ်က ချေမွခဲ့လေပြီ။ သန်းပေါင်းများစွာ ဒုက္ခရောက်သော မိမိတို့ မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ရောက်ရှိလာသော အမေရိကန်၊ ပြင်သစ် စစ်သင်္ဘောကြီးများကိုလည်း ယခုထိတိုင် ၀င်ခွင့်မပေးသူများမှာ နအဖစစ်အစိုးရများသာ ဖြစ်ပေတော့သည်။ အကူအညီများကို ပေးခွင့်ပြုသောအခါတွင်လည်း အကူအညီပေးသူများ၏ အလှူပစ္စည်းများသည် ဒုက္ခအဖုံဖုံ ရောက်ရှိနေသည့် ပြည်သူများထံသို့ မရောက်ရှိခဲ့ပေ။ ထိုပစ္စည်းများမှာ ဈေးကွက်စီးပွားရေးသို့ ရောက်ရှိကုန်ကြသည်။ နအဖတွေရဲ့ ရိုင်းစိုင်းစွာ လုပ်ရပ်များကို အတိုင်အခံတွေက ကဲ့ရဲ့ရှုံ့ချကြသည်။ နိုင်ငံတကာရောက် မိမိပြည်ကို ချစ်မြတ်နိုးသော၊ မိမိတို့ လူမျိုးများကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံလူမျိုးများကလည်း ဒုက္ခအမျိုးမျိုးရောက်ရှိသော မြန်မာပြည်သူများကို ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နိုင်ငံတကာရောက် မြန်မာကျောင်းသား၊ ကျောင်းသူများကလည်း တတ်နိုင်သမျှ လှူကြသည်။ ပြည်သူတို့ချစ်သည့် အနုပညာရှင်များကလည်း တတ်နိုင်သလောက်လှူဒါန်းကြသည်။ နိုင်ငံကျော် ဘောလုံးသမားများကလည်း ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နာမည်ကြီး ဘုန်းတော်ကြီးများကလည်း အားကြိုးမာန်တက် လှူဒါန်းကြသည်။ သို့သော် ဆရာတော်ဘုန်းတော်ကြီးများ၊ အနုပညာရှင်များ၊ ဘောလုံးသမားများ၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံကိုချစ်သော လူများ အစရှိသဖြင့် နအဖတို့က လှူခွင့်ပြုသော အလှူရှင်များ၏ အလှူပစ္စည်းများသည် ယခုလက်ရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုအားလုံး၏ ဘ၀အတွက် ပြီးပြည့်စုံမှုတော့ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ပြောရမည်ဆိုလျှင် နိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရများက လှူဒါန်းလာသော အလှူရှင်များ၏ အလှူပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် အကြောင်းပြကာ ပိတ်ပင်ကြသည်။
နိုင်ငံတကာက လှူဒါန်းသော အလှူပစ္စည်းများသည်လည်း အလိုလိုပျောက်ကွယ်ကုန်ကာ စီးပွားရေး ဈေးကွက်သို့ ရောက်ရှိကုန်သည်။ မြန်မာနိုင်ငံသားများအကြိုက် အမေရိကန်ထုတ် စစ်မိုးကာကြီးများမှာလည်း စီးပွားရေး ဈေးကွက်တွင် ၁ ထည်လျှင် ၈၀၀၀ ကျပ်၊ နိုင်ငံတကာမှ ပေးလှူသော ဆန်ကောင်းများသည်လည်း နအဖစစ်အာဏာရှင်ကြီးများလက်ထဲသို့ ရောက်ရှိသွားသောအခါ ဂျပိုးဆန်များသာ ဖြစ်ကုန်သည်။ အဟာရပြည့်ဝစေသော ဘီစကွတ် မုန့်များသည်လည်း ဗိုလ်ချူပ်တို့၏ ဗိုက်တွင်းသို့ ရောက်ကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တိုင်း ဗိုက်ပူကြသည်။ နိုင်ငံတကာက လှူဒါန်းသော အ၀တ်အထည်များသည်လည်း နအဖစစ်ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးတို့၏ ကိုယ်ပေါ်တွင် အလိုလိုရောက်ရှိကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးများ အချင်းချင်း မတည့်ကြကုန်။ တဦးပေါ်တဦး အတင်းအဖျင်း ပြောကြသည်။ နောက်ဆုံးတွင် မြန်မာလူထုများသာ စိတ်ဆင်းရကြရကုန်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံကြီးသည် နာဂစ်ကို ကျော်လွန်ခဲ့လေပြီ။ နာဂစ်ကလည်း မြန်မာနိုင်ငံကြီးကို တိုက်စားကာ နာမည်ဆိုးကြီးကို ယူဆောင်သွားခဲ့လေပြီ။ သို့သော်၊ သို့သော် နာဂစ်လွန်သွားသော်လည်း အတိဒုက္ခရောက်ပြီး ကျန်ရစ်သူများသည် နအဖစစ်အစိုးရများ မဟုတ်၊ အတိုင်အခံပါတီများမဟုတ်၊ မြန်မာနိုင်ငံတွင် နေထိုင်ကြကုန်သော ပြည်သူလူထု ကြီးများသာ ဖြစ်ကြပေတော့သည်။ ဗိုလ်ချူပ်သိန်းစိန်ကလည်း မြန်မာလူထု ဒုက္ခသည်များ လိုအပ်သော ပစ္စည်းစာရင်းများကို လာရောက်မေးမြန်းကာ အိမ်ပြန်သွားသည်။ ဗိုလ်ချူပ်သန်းရွေကလည်း မုန်တိုင်းတိုက်ပြီး ရက်အတော်ကြာမှ စူပုတ်သော မျက်နှာထားနှင့် အများသူငှာပြောသော ဒုက္ခသည်အတုများကို လာရောက်ကြည့်ရှုသွားခဲ့သည်။ ဗိုလ်ချူပ်သန်းရွေမှာမူကား ဘုမသိ၊ ဘမသိသော အများသူငှာပြောသည့် ဒုက္ခသည် အတုအယောင် ၁၀ ယောက်ခန့်၏ ရှိခိုးဦးချခြင်းကို ခံယူပြီး ပီတိတွေဖြာကာ လက်နက်ကိုင် အခြံအရံမြောက်ပေါင်းများစွာနှင့် ပြန်ထွက်ခွာသွားခဲ့သည်။ အစစ်အမှန် ဒုက္ခရောက်နေသော အမိပြည်သူလူထုများက ၎င်းတို့ထံမှ အကူအညီများကို အပြည့်အ၀ မရရှိခဲ့ပေ။ ထိုထိုသို့သော် နအဖ၏ မကောင်းလုပ်ရပ်များကို အတိုက်အခံပါတီများကလည်း အတင်းပြောခြင်းဖြင့်သာ ပြီးဆုံးခဲ့လေသည်။ ပြည်တွင်းတွင် ဆန္ဒပြကြကုန်သော အန်အဲလ်ဒီ လူငယ်များကလည်း အဖမ်းခံရကုန်သည်။ နအဖတို့၏ တဖက်သတ် လူထုဆန္ဒခံယူပွဲတွင် ကောက်ခံသော ဆန္ဒမဲများသည်လည်း ၉၂% နှင့် အောင်မြင်စွာ အပြီးသတ်ခဲ့လေသည်။ နောက်ဆုံးတွင် နအဖတို့ သက်ဆိုးရှည်ခဲ့ကြသည်။ နောက်တဖန် ဘလောဂ့်ဂါ ရပ်ဝန်းတွင်လည်း တဦးပေါ်တဦး တိုက်ခိုက်ရေးသားကြသည်။ အကူအညီ အပြည့်အ၀နှင့် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသော အမေရိကန် စစ်သင်္ဘောကြီးများမှာလည်း ပြည်တော်ပြန်ကြပေတော့မည်။ အမေရိကန်က မြန်မာစစ်အစိုးရကို ၀င်တိုက်တော့မည်ဟု ၀ါဒါဖြန့်သော လူများကလည်း အသံများ တိတ်ကုန်ကြသည်။ အမေရိကန် ၀င်တိုက်တာကို ရှုံ့ချသော လူများသည်လည်း ၀မ်းသာကုန်ကြသည်။ အမေရိကန်ကို လိုလားသော လူများကလည်း မြန်မာနိုင်ငံတွင်းရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုများသည် အမေရိကန်စစ်တပ်ကြီးကို အလိုရှိသည်ဟု အကြီးအကျယ်ဝါဒါ ဖြန့်ကြသည်။ နောက်ဆုံးတွင် အယူအဆခြင်းမတူညီသောကြောင့် မြန်မာအချင်းချင်း ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုကုန်ကြသည်။ နောက်ဆုံးတွင် နိုင်ငံတကာက မြန်မာလူမျိုးများသည် အများသူငှာရှေ့တွင် တူမတူအောင် ယဉ်ကျေးသည်ဟူသော ဓလေ့ ပျောက်ပျက်ကုန်သည်။
နောက်ဆုံးနာဂစ်အလွန်တွင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာတစ်ခုကား အကျယ်ချူပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရများက အရှက်မရှိ သက်တမ်း (၁)နှစ် ထပ်မံတိုးကာ အကျယ်ချူပ် ချလိုက်ကြောင်း သိရလေသတည်း။

ရှမ်းကလေး

Thursday, May 15, 2008

”ဆန္ဒခံယူပွဲပြီးသည့်နောက် ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်“

မေလ ၁၀ ရက်နေ့......
ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ကလည်း ထိုနေ့ရောက်တော့မည် ဆိုလျှင် ပြည်တွင်းရှိ မိမိတို့၏ နေထိုင်ရာ နယ်မြေဒေသ အသီးသီးတို့ ကိုယ်စီကိုယ်စီ ပြန်ကာ ထိုမေလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် နအဖစစ်အစိုးရတို့၏ ကလိမ်ကကျစ် ဆန္ဒခံယူပွဲကြီးတွင် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်မပါပဲ အာဏာလိုသူ စစ်အုပ်စုတို့၏ နောက်လိုက် ကပ်ဖား လူအုပ်များက သူတို့စိတ်တိုင်းကျ ထိုဆန္ဒခံယူပွဲကြီးတွင် ထောက်ခံမဲပေးရန် အတင်းတိုက်တွန်းခဲ့ပြီး နအဖတို့ အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲသာ ပေးပါက မဲထည့်သူ၏ အသက်သာ သာမက မဲထည့်သူ၏ မိသားစု တစ်စုလုံးပါ ဒုက္ခအတိ ရောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းလည်း ရှိခဲ့သည်။

ထိုထိုသော နအဖစစ်အစိုးရတို့၏ စိတ်တိုင်းကျ ဆန္ဒခံယူပွဲကြီးအား မဲသွားပြန်ထည့်ရန် အမိမြန်မာပြည်သို့ ပြန်သွားသော လူအများထဲတွင် တစ်ဦးတစ်ယောက်အနေဖြင့် ကျွန်တော်၏ မိသားဝင်များဖြစ်သော ဦးလေများသည်လည်း ၎င်းတို့နေထိုင်ရာ ကျေးရွာ၊ မြို့ကြီးများတို့ အလိုလို ပြန်ကာသွားကြရသည်။ သို့သော် ကျွန်တော်၏ ထိုဦးလေးကြီးများသည် စစ်အစိုးရတို့၏ စိတ်တိုင်းကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကြီးသည် တိုင်းပြည်ကို နွံထဲသို့ နစ်နေအောင် ပြုလုပ်နေသည်ဟု သိနေပါသောကြောင့် မဲပြန်သွားထည့်ရန် လုံးဝ လုံးဝကို စိတ်မ၀င်စားကြပါ။ အကယ်၍ ဖြစ်နိုင်လျှင် ၎င်းတို့အနေဖြင့် ကန့်ကွက်မဲသာ ထည့်ချင်ပါသည်ဟု ကျွန်တော်၏ ဦးလေးကြီးတော်များ အမိမြန်မာပြည်သို့ ပြန်မသွားခင်က ဖုန်းထဲက ပြောသွားခဲ့ပါသေးသည်။ သို့သော် ကျွန်တော်ထင်ပါသည်။ ကျွန်တော်၏ ဦးလေးအားလုံးသည် ကန့်ကွက်မဲကို ထည့်ချင်ပါသော်လည်း ထည့်နိုင်သည့် လူစားမျိုးမဟုတ်ကြပါ။ အဘယ်ကြောင့်ဆိုသော ၎င်းတို့သည် မိမိတို့၏ သားမယား၊ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းများနှင့် နေထိုင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မိမိတို့၏ အလိုကျ ကန့်ကွက်မဲကို ထည့်လိုက်လျှင်သော် မိမိတို့၏ မိသားစုအနေဖြင့် မည်သို့မည်ပုံ ဒုက္ခအ၀၀ကို ရင်ဆိုင်ဖြတ်သန်းရမည်ကို ဗေဒင်မတွက်ပဲ သိနေသည် မဟုတ်ပါလား။ သို့သော် ၎င်းတို့၏ စိတ်ထဲမှာမူ ထောက်ခံမဲကိုသာ ထည့်လိုက်လျှင်ဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိဒုက္ခရောက်သွားမည်ဟူသော အတွေးစများကလည်း ရှိနေပါပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော်အထင် ၎င်းတို့အနေဖြင့် ထောက်ခံမဲကိုသာ ထည့်ကြမည် ဖြစ်ပါသည်။ အကယ်၍သာ ကျွန်ုပ်အနေဖြင့် အမိမြန်မာပြည်တွင် ကျွန်ုပ်၏ ဦးလေးကဲ့သို့ ဆန္ဒခံယူပွဲတွင် မဲပြန်ထည့်ဖြစ်ခဲ့မည် ဆိုလျှင်လည်း မဖြစ်မနေ ထောက်ခံမဲကိုသာ ထည့်မိလိမ့်မည်ဟု ထင်ပါသည်။ သို့သော် ယခုမူကား ကျွန်ုပ်မဲ မသွားထည့်ဖြစ်ခဲ့ပါ။ ထို့ကြောင့် မဲသွားထည့်၍ ပြန်လာသော ကျွန်တော့်ဦးလေးများ၏ အတွေ့အကြုံများကိုသာ ဖုန်းဆက်မေးထားပါသည်။ ထို့ကြောင့် အမိမြန်မာပြည်တွင် မဲသွားထည့်သော ဦးလေးတို့ကို ဖုန်းဖြင့် မည်သည့် အကြောင်းအရာများကို မေးမြန်းပြောဆိုထားကြသည်ကို ရှုစားကြပါရန်။

မှတ်ချက်။ ။ အောက်ပါမေးမြန်းချက်များနှင့် အကြောင်းအရာများသည် အမှန်များဖြစ်သည်ဟု ပြောဆိုချင်ပါသည်။
-----------------------------------------------------------------------------------------------

ဦးလေး(၁)နှင့် ဖုန်းဆက်ခြင်း

ကျွန်တော်။ ။ ဟဲလို..၊ ဦးလေး--- နေကောင်းလား
ဦးလေး(၁)။ ။ အေးကွာ ကောင်းတယ်။
ကျွန်တော်။ ။ ဗာမာပြည် ပြန်သွားတာ မဟုတ်လား။
ဦးလေး(၁)။ ။ အေးလေ ဟုတ်တယ်လေ၊ အခုတော့ ပြန်ရောက်ပြီလေကွာ
ကျွန်တော်။ ။ ဘာပြန်လုပ်တာလည်း
ဦးလေး(၁)။ ။ မင်းလဲသိသားနဲ့ မဲပြန်ထည့်တယ်လေ
ကျွန်တော်။ ။ ဦးလေးပြောတော့ ပြန်မထည့်လည်း ရတယ်ဆို
ဦးလေး(၁)။ ။ အဲ့ဒါက အစတုန်းက ဟုတ်တယ်ကွ၊ နောတော့ ရွာမှာ လူသိပ်မရှိလို့ဆိုပြီး ငါတို့ရွာရဲ့ ဥက္ကဌက ယောက်ကျားလေး အယောက် ၂၀ ငါတို့ဆီကို လှမ်းခေါ်ခိုင်းလိုက်တာ၊
ကျွန်တော်။ ။ သူတို့ခေါ်တိုင်း ဦးလေးက သွားရတာလား
ဦးလေး(၁)။ ။ မသွားလို့မရဘူးလေကွာ၊ ငါ့သားသမီးနဲ့ မိန်းမက ရွာမှာရှိတာကိုး
ကျွန်တာ်။ ။ ဒါနဲ့ ဦးလေ ရွာမှာ လူမရှိဘူးဆိုတော့၊ ဘယ်တွေရောက် ကုန်လို့လည်း။
ဦးလေး(၁)။ ။ သူတို့လည်း ငါတို့လိုပဲ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ကြတာပေါ့ကွ။
ကျွန်တော်။ ။ ဒါနဲ့ ဦးလေးဟိုမှာ ဘယ်နှစ်ရက် ပြန်နေလာခဲ့လည်း
ဦးလေး(၁)။ ။ ၃ ရက်လောက်ပဲထင်တယ်
ကျွန်တော်။ ။ ဦးလေး ဘယ်နေ့တုန်းက စသွားတာလည်း
ဦးလေး(၁)။ ။ မေလ ၅ ရက်နေ့တုန်းကလေကွာ.၊
ကျွန်တော်။ ။ ဒါဆို ဦးလေဟာ ကြိုတင်မဲ ထည့်ခဲ့တာပေါ့။
ဦးလေး(၁)။ ။ အေးဟုတ်တယ်
ကျွန်တော်။ ။ ဒါဆို ဦးလေးဘာမဲ ထည့်ခဲ့လဲ ဆိုတာ ကျွန်တော်မေးစရာ မလိုတော့ဘူးထင်တယ်။
ဦးလေး(၁)။ ။ သိရင်လည်း ပြီးရောကွာ
ကျွန်တော်။ ။ ဦးလေးမဲထည့်တာ ဘယ်သူ့ရှေ့မှာထည့်တာလည်း
ဦးလေး(၁)။ ။ ဥက္ကဌတွေရှေ့မှာကွ၊ မယကတို့ ဘာတို့လည်း ရှိတယ်
ကျွန်တော်။ ။ မယကတို့ ဘာတို့ က ဘယ်သူတွေလည်း
ဦးလေး(၁)။ ။ ငါလဲ မသိပါဘူးကွာ၊ ငါက ရွာကို ပြန်မရောက်တာ ကြာပြီကိုးကွ
ကျွန်တော်။ ။ ဒါနဲ့ ဦးလေး ရွာက ကျွန်တော့် ရည်းစားဟောင်းကော နေကောင်းလား
ဦးလေး(၁)။ ။ နင်မလားလို့တဲ့၊ နင့်ကိုမျော်နေတယ်။ ယောက်ကျားတစ်ယောက် ယူရင်း မျော်နေမယ်တဲ့
-----------------------------------------------------------------------------------------------
ဦးလေး(၂)နှင့် ဖုန်းဆက်ခြင်း

ဦးလေး(၂)။ ။ ဟဲလိုး..၊ ----လား
ကျွန်တော်။ ။ ဟုတ်တယ်၊ ကျွန်တော်---ပါ။
ဦးလေး(၂)။ ။ နင်အခုဘယ်မှာလဲ
ကျွန်တော်။ ။ ကျွန်တော် ထိုင်းနိုင်ငံမှာလေ
ဦးလေး(၂)။ ။ အဲ့ဒါတော့ ငါလည်း သိတာပေါ့၊ ထိုင်းနိုင်ငံ ဘယ်နေရာမှလဲ
ကျွန်တော်။ ။ ဦးလေးလဲသိသားနဲ့ အရင်နေရာပဲလေဗျာ
ဦးလေး(၂)။ ။ အဖွားပြောတယ် နင့်ကို သတိရတယ်တဲ့
ကျွန်တော်။ ။ ကျွန်တော်လည်း သတိရပါတယ်..၊ ဒါနဲ့ ဦးလေး ဘယ်နေ့တုန်းက
ပြန်လာတာလဲ
ဦးလေး(၂)။ ။ ဒီနေ့မှ ရောက်တာကွ
ကျွန်တော်။ ။ ဦးလေးဘာမဲ ထည့်လာခဲ့လည်း
ဦးလေး(၂)။ ။ ငါတို့ကတော့ ကန့်ကွက်ပဲဟေ့
ကျွန်တော်။ ။ ဟုတ်လို့လား
ဦးလေး(၂)။ ။ ဟုတ်ပါတယ်ဆို၊ နင်မယုံဘူးလား၊ ငါလဲ နင်ပြောတဲ့ အတိုင်း ထည့်လာခဲ့တာ။
ကျွန်တော်။ ။ ဒါဆိုကောင်းတာပေါ့။ ဦးလေး မဲထည့်တဲ့ အချိန် ဘယ်သူ့မှ မကြည့်ဘူးလား
ဦးလေး(၂)။ ။ ဘယ်သူ့မှ မကြည့်ဘူးကွ၊ ငါတို့ရေးတဲ့ အချိန် ဘယ်သူ့မှ မတွေ့ဘူးကွ
ကျွန်တော်။ ။ ဦးလေးတို့ ရွာမှာကော ကန့်ကွက်မဲ ဘယ်နှစ်ယောက်လောက် ထည့်လည်းဆိုတာ ဦးလေး ခန့်မှန်းလို့ရလား
ဦးလေး(၂)။ ။ အေးကွ၊ ကန့်ကွက်တာကတော့ များတယ်လို့ထင်တာပဲ၊ ငါတို့ရွာမှာ မဲထည့်ရတာ နဲနဲလွတ်လပ်တာကိုးကွ
ကျွန်တော်။ ။ တာနဲ့ ဦးလေး မြို့ထဲကို ရောက်ဖြစ်သွားသေးလား
ဦးလေး(၂)။ ။ အေး ရောက်ဖြစ်တယ်၊
ကျွန်တော်။ ။ ကျွန်တော့် သူငယ်ချင်း ထိန်လင်းကော ဘာလုပ်နေလဲ
ဦးလေး(၂)။ ။ သူအခု တောင်ယာ ခုတ်နေတယ်၊ သူတောင်နင့်ကို မှာလာသေးတယ်..၊ ကျောင်းနေတုန်းက သတိရတဲ့ အထိမ်းအမှတ်နဲ့ အရက်တစ်ပုလင်းလောက် ထည့်လာပေးဦးတဲ့
ကျွန်တော်။ ။ ဒါနဲ့ ဦးလေးတို့ ရွာက ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုလဲ
ဦလေး(၂)။ ။ ဟေ့ရောင်ရေ၊ ကုန်ဈေးနှုန်းကတော့ မပြောနဲ့တော့ ဆားတစ်ထုတ်
ကို ၅၀၀ တဲ့ဟေ့၊ ငါတောင် မဲထည့်တဲ့ ရက်ပြီးတာနဲ့ အမြန်ပြန်ပြေး
လာရတယ်။
ကျွန်တော်။ ။ ဒါဆို ဒီလောက်ပဲနော် ဦးလေး၊ ကျွန်တော် အိပ်တော့မယ်
ဦးလေး(၂)။ ။ အေးအေး ငါလည်း အိပ်တော့မလို့၊
-----------------------------------------------------------------------------------------------
ရွာမှ ထိုင်းနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလုပ်ထွက်လာလုပ်သော သူငယ်ချင်းနှင့် ဖုန်းဆက်ခြင်း

ကျွန်တော်။ ။ .အေး.... လား။
သူငယ်ချင်း။ ။ ဘယ်သူလဲ
ကျွန်တော်။ ။ ဟေ့ရောင်၊ မင်းငါ့အသံကိုတောင် မမှတ်မိတော့ဘူးလား
သူငယ်ချင်း။ ။ ......လား
ကျွန်တော်။ ။ အေးပေါ့ကွ..၊ ဘယ်လိုလဲ အလည်လာတာလား၊ အလုပ်လာလုပ် တာလား
သူငယ်ချင်း။ ။ ဟေ့ကောင့် ငါတို့လို ရွာသားတွေက ဒီလို ထိုင်းနိုင်ငံကို ပျော်ရွင်မှုအနေနဲ့ အလည်လာလည် နိုင်မလားကွ..၊
ကျွန်တော်။ ။ ဒါဆိုမင်းအလုပ်လာလုပ်တယ်ပေါ့
သူငယ်ချင်း။ ။ အေးဟုတ်တယ်..၊
ကျွန်တော်။ ။ ဘယ်လိုလဲ ရွာရဲအခြေအနေ တိုးတက်လာပြီလား
သူငယ်ချင်း။ ။ ရွာတော့ မတိုးတက်လာဘူး ကုန်ဈေးနှုန်းတော့ တိုးတိုးပြီး
တက်လာတယ် ယောက်ဖရေ
ကျွန်တော်။ ။ ဒါနဲ့ မင်းမိန်းမရပြီလား
သူငယ်ချင်း။ ။ မိန်းမဆိုလို့ မူးလို့ရှုစရာတောင် မရှိဘူး ဟေ့ကောင်ရေ
ကျွန်တော်။ ။ အေးလေ ငါက အတာကို မင်းကို ယုံရအောင်
သူငယ်ချင်း။ ။ မင်းမယုံချင်လဲနေ၊ မင်းကောင်မလေးတောင် မင်းကို စောင့်နေတယ်ဟ
ကျွန်တော်။ ။ မင်းရှောက်ပြောတော့မယ်၊ ဒါနဲ့ မင်းမဲထည့်လာသေးလာ
သူငယ်ချင်း။ ။ အေး ထည့်လာတယ်
ကျွန်တော်။ ။ ဘာမဲထည့်လာခဲ့လည်း
သူငယ်ချင်း။ ။ ထောက်ခံမဲပဲထည့်ခဲ့တယ်
ကျွန်တော်။ ။ ငါဆိုရင်တော့ ကန့်ကွက်မဲပဲ ထည့်မှာ
သူငယ်ချင်း။ ။ မင်းပြောနေ..၊ ငါသာကန့်ကွက်မဲ ထည့်ပြီး ထိုင်းနိုင်ငံကို
လာရင် ငါ့အမေတွေ ဒုက္ခရောက်မှာပေါ့ကွ၊
ကျွန်တော်။ ။ မင်းအမေတွေ ဒုက္ခရောက်မယ်ဆိုတာ မင်းဘယ်လို သိလဲ
သူငယ်ချင်း။ ။ ဟာမင်းကလည်း၊ သူတို့တွေ ပြောနေကြတာပဲ၊ ထောက်ခံမဲ မထည့်ရင် ဖမ်းမယ်ဆိုတာ
ကျွန်တော်။ ။ အော အဲ့လိုပြောလား
သူငယ်ချင်း။ ။ အေးပေါ့...၊
ကျွန်တော်။ ။ ဟေ့ရောင် နောက်မှ ငါပြန်ဆက်တော့မယ်
သူငယ်ချင်း။ ။ အေး အေး..


ကဲကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေရဲ့ စစ်အစိုးရကို မဲပေးမှုတွေက ဒီလိုပါပဲခင်ဗျား။

အားလုံးပျော်ရွင်နိုင်ပါစေ။

ရှမ်းကလေး

Thursday, May 8, 2008

“ နောက်ဆုံးတွင် ပြည်သူသာ ရင်ကျိုးရမည်”

မြန်မာနိုင်ငံကြီးသည် အခုချိန်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဆိုတာ လူသားခြင်း စာနာတတ်သော လူတိုင်း ယုံကြည်ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက အကူအညီတွေ ၀ိုင်းပေးကြသည်။ တချို့ နိုင်ငံတွေဆိုလျှင် စစ်အစိုးရ ခွင့်မပြုချင်နေ အကူအညီ ပေးမယ်လို့ ဗြောင်ပြောလာကြသည်။ သို့သော် စစ်အစိုးရများက ထိုအကူအညီများ၏ နောက်ကွယ်တွင် မကောင်းသော အကြံအစည်များ ရှိသည်ဟု ယုံကြည်ကြသည်။ မိမိပထမဦးဆုံး ပြောချင်သည်က ထိုအကူအညီအားလုံးကို စစ်အစိုးရအနေဖြင့် လက်ခံသင့်သည်။ ယခုအချိန်တွင် စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီကို ယူရန်သာ ဆုံးဖြတ်ဖို့လိုသည်။ အခြားသော အကြောင်းအရာများကို မစဉ်းစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော ယခုလက်ရှိ မြန်မာလူမျိုးများ၏ အသေအပျောက်စရင်းများသည် နဲနဲနောနော် မဟုတ်ပေ။ ဤဆိုင်ကလုန်း မုန်တိုင်းကြီး မြန်မာနိုင်ငံအား တိုက်စားလိုက်ပြီးနောက် စစ်အစိုးရ၏ လိမ်လည်မှုများကို တစ်စိတ်တစ်ဒေသ အားဖြင့် တွေ့နိုင်ပေသည်။

ပထမ ၁ရက် ၂ ရက် ဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီးခါစ မြန်မာပြည်သူ ပြည်သားများ အယောက် ၃၀၀ ကျော်သေဆုံးချိန်တွင် အမေရိကန်နိုင်ငံက ပေးသော အကူအညီကို မြန်မာစစ်အစိုးရခေါင်းဆောင်များက ငြင်းဆိုသည်။ သို့သော် မကြာပါ။ လူထောင်ပေါင်းများစွာ သေဆုံးသော သတင်းကို ကြားသောအခါ နအဖစစ်အစိုးရ ခေါင်းဆောင်များ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြသည်။ အကူအညီပေးရန် နိုင်ငံတကာကို တောင်းဆိုကြသည်။ အမေရိကန်က ဒေါ်လာ ၃ သန်း အကူအညီပေးမည်ဟု ပြောဆိုသော အခါ ဒေါ်လာ ၅ သန်းပေးပါဟု မြန်မာစစ်အစိုးရများက တောင်းဆိုပြီး၊ ထိုငွေများအား ၎င်းတို့ လက်ထဲသို့ အရောက်ပို့ပေးပါဟု တောင်းဆိုကြသည်။ ဤတွင် မြန်မာစစ်အစိုးရတို့၏ မရိုးသားမှု တစ်ရပ်ကို တွေ့ရပြန်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပညာတတ်လူငယ်အများစုသည် နိုင်ငံတကာသို့ ပညာသင် ထွက်ကြသည်။ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ရှရှား၊ တရုတ်၊ အစရှိသဖြင့် နိုင်ငံတွေတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မွေးဖွားသောသူများ ပညာလာသင်ကြသည်မှာ အားလုံးအသိပင် ဖြစ်ပေသည်။ ထိုသို့ပညာ သင်နိုင်စေရန်အတွက် ၎င်းတို့မိဘ ဘိုးဘွားများက ပညာသင်စရိတ်များကို ကြိုးစားပမ်းစား ရှာကြရသည်။ တနေ့တွင် သူတို့၏ သား၊ သမီးများက ပညာသင်ကြားပြီး ပြန်ရောက်လာလျှင် မိမိတို့ကို တဖန် ပြန်ရှာကျွေးလိမ့်မည်ဟု မိဘဖြစ်သူ အားလုံးကလည်း မျော်လင့်ထားကြသည်။ မိဘအားလုံးကလည်း ထိုသို့ မျော်လင့်သကဲ့သို့ ပညာသင်ယူသူ သားသမီးများ အားလုံးကလည်း မိမိတို့ ပညာသင်ကြားပြီး အမိမြေသို့ ပြန်ရောက်သော် မိမိတို့၏ မိဘများကို တဖန် ကျေးဇူးဆပ်ကာ ပြန်လည်လုပ်ကျွေးကြမည်ဟု ၎င်းတို့စိတ်ထဲတွင် မှတ်ယူထားကြမည် ထင်ပါသည်။ အားလုံးသော ပညာတော်သင် လူငယ်များအား မဆိုလိုပေ။ မည်သူသည် မည်သည့်အမျိုးအစားထဲတွင် ပါဝင်မည်ဟုဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် ၎င်းတို့သိပါလိမ့်မည်။ ထိုပညာတော်သင် လူငယ်၊ လူရွယ်များမှာ မြန်မာပြည်၏ မြို့တော်အမျိုးမျိုးမှ ဖြစ်နိုင်သလို၊ ရွာအသီးသီးမှလည်း ဖြစ်နိုင်ပါသည်။ အများအားဖြင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ ဖြစ်မည်ဟုလည်း ကျွန်ုပ်ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အွန်လိုင်းများပေါ်ရှိ ချက်ရွန်းများပေါ်တွင် တခါတလေတွင် သွားရောက်လည်ပါတ်ဖူးသည်။ ထိုချက်ရွန်းများတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ရောက်ရှိနေသည် မြန်မာလူမျိုးများသာ ၀င်ရောက်လေ့ရှိသည်။ ထိုသူတို့နှင့် ကျွန်ုပ်စကားပြောဖြစ်ကြသည်။ အများအားဖြင့် ကျွန်ုပ်နှင့် စကားပြောဆိုဖူးသော မြန်မာလူမျိုးများသည် ရန်ကုန်မြို့မှ လာကြသည်ဟု သိရှိရသည်။ အချို့မှာမူ မန္တလေးမှလည်း ဖြစ်နိုင်ပါသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသို့ ပညာလာသင်သော လူငယ်များသည် မြန်မာနိုင်ငံ တ၀ှမ်းမှ ဖြစ်သည်။
ယခု မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်စီးလေပြီ။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီဟုခေါ်သော မြန်မာနိုင်ငံတွင် ဆန်စပါးပေါကြွယ်ဝသော၊ မြန်မာလူမျိုးများ စိုက်ပျိုးမွေးမြူရာတွင် အဓိက အားထားရသော တိုင်းကြီးတစ်ခုလုံးကို သာမက ရန်ကုန်၊ မကွေး၊ ပဲခူး စသော မြန်မာနိုင်ငံ၏ မြို့များကို ဆိုင်ကလုန်းမုန်တိုင်းကြီးက ဘီလူးကြီးသဖွယ် ၀ါးမြိုသွားလေပြီ။ အသေအပျောက် ၁၀၀၀၀၀ ကျော်ခန့်ရှိသော မြန်မာပြည်သူလူထုကြီးများသည် နိုင်ငံတကာသို့ ပညာတော်သင် ထွက်သွားသော လူငယ်များ၏ ဘိုးဘွားမိဘ ဆွေမျိုးများ မပါနိုင်ပါဟု မည်သူတွေက ပြောနိုင်လိမ့်မည်နည်း? ထိုပညာ သင်သွားသော လူငယ်များသည် ဧရာဝတီတိုင်းမှ လူမျိုးများ မဟုတ်ဟု မည်သူတွေက ပြောနိုင်လို့လည်း? အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော ပြည်သူလူထုကြီးသည် နိုင်ငံတကာတွင် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသော သူများသာမက၊ ပညာသင်ကြားနေသော မြန်မာလူမျိုးများ၏ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးများ မပါပါဟု အတိအကျပြောနိုင်ပါရဲ့လား? မပြောကောင်းမဆိုကောင်း အကယ်၍ ထိုလူငယ်များ၏ မိဘ၊ ဘိုးဘွား ဆွေမျိုးများသာ ပါခဲ့သည် ရှိသော ၎င်းတို့ အနေဖြင့် မည်သို့ခံစားရမည်နည်း? နအဖစစ်အစိုးရအနေဖြင့် ထိုလူငယ်များ၏ ကိုယ်စား စဉ်းစားသင့်သည်။ နောင်တချိန်တွင် ထိုလူငယ်များသည် နိုင်ငံတော်၏ အားထားရသော လူများဖြစ်နိုင်ပေသည်။ ထိုလူငယ်များသည် မိမိတို့ တတ်သမျှ ပညာများကို အမိမြေတွင် အသုံးချမည်ဟုလည်း ယုံကြည်ရမည်။ ယခုအချိန်တွင် မုန်တိုင်းတိုက်စားမှုကြောင့် သေဆုံးသူများသည် မည်သူမည်ဝါ၏ မိဘ၊ ဆွေမျိုး၊ ဘိုးဘွား၊ သားသမီးများဖြစ်သည်ကို စာရင်းဇယားအနေဖြင့် မထုတ်နိုင်သေးပါ။ စစ်အစိုးရအနေဖြင့် ထုတ်လိမ့်မည်ဟုလည်း မိမိအနေဖြင့် မယုံကြည်ပါ။
အဓိကအနေဖြင့်တော့ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို နိုင်ငံရေးအရ မစဉ်းစားပဲ၊ မတွေးကြည့်ပဲ ယူသင့်ပေသည်။ အကယ်၍ စစ်အစိုးရအနေဖြင့် မိမိတို့၏ အာဏာမြဲရေးသာ ကြည့်နေမည်ဆိုလျှင် ပြည်သူလူထုက ဆိုင်ကလုန်း မုန်တိုင်းကြီးကို မုန်းသော ရာဇ၀င်ကြီးသည် ပြည်သူလူထုကြီးက နအဖစစ်အစိုးရ အုပ်စုကို မုန်းသော ရာဇ၀င် ကြီးသာ ဖြစ်သွားပေမည်။ နောင်တချိန်တွင် ဆိုက်ကလုန်း မုန်တိုင်းကြောင့် မြန်မာပြည်သူလူထု အများအပြား သေဆုံးရသော နေ့ရက်ကို နအဖစစ်အစိုးရတို့၏ အဆုံးစွန်ကောက်ကျစ် ယုတ်မာသော နေ့ရက်အဖြစ် မြန်မာနိုင်ငံ ပြည်သူလူထုကြီးက ပြောင်းလည်းသတ်မှတ်ပေလိမ့်မည်။
ယခုအချိန်တွင် ပြည်ပရောက် မြန်မာလူမျိုးများ အနေဖြင့်လည်း ပြည်တွင်းက ဖြစ်ပျက်နေသော သတင်းများကို နိုင်ငံတကာသို့ ရောက်ရှိနေသော သူများထံသို့ email ကဖြစ်စေ G-talk ကဖြစ်စေ၊ Chat Room ကဖြစ်စေ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းများကို ပေးသင့်သည်။ နိုင်ငံတကာရောက် ပညာသင်ကြားနေသော မိမိတို့ မြန်မာလူမျိုးများအနေဖြင့်လည်း စစ်မှန်သော ဒီမိုကရေစီရေးကို လိုလားသော သတင်းဌာနများကို ယုံကြည်သင့်သည်။ ထိုသတင်းဌာနများမှ သတင်းများကို ဖတ်ရှုနိုင်ဖို့ကိုလည်း မိမိတို့ ကွန်ပျူတာတွင် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သင့်သည်။ ပြည်ပရောက် မြန်မာလူမျိုးများ မြန်မာနိုင်ငံနှင့် ဆိုင်သော သတင်းများကို ဖတ်ရှုနိုင်စေရန်ကိုလည်း သတင်းဌာနအသီးသီးရှိ webpage ပေါ်များတွင် နည်းလမ်းများကို ပြောထားပါသည်။
မိမိအဆုံးသတ်အနေဖြင့် ပြောရမည်ဆိုလျှင် နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီများကို ဟိုစဉ်းစား ဒီစဉ်းစား မလုပ်ပဲ အပြည့်အ၀ ရယူပြီး၊ ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုကြီးကို နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို အပြည့်အ၀ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။ ထိုသို့မဟုတ်ပဲ စစ်အစိုးရ အနေဖြင့် မိမိတို့ ကောင်းစားရေးသာ ကြည့်ပြီး၊ ရလာသည့် နိုင်ငံတကာ အကူအညီများကို ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုထံသို့ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမည်ဆိုလျှင် မိမိတို့ မြန်မာလူမျိုးများသာ ရင်ကျိုးရမည်ဟု ထင်မြင်မိပါသည်။ ထိုသို့သော မြန်မာပြည်သူလူထုများက စစ်အစိုးရများအား အဆုံးစွန် ရွံ့ရှာမုန်းတီးမိပြီး ရင်ကျိုးပက်လက် ဖြစ်ပြီ ဆိုလျှင် နအဖစစ်အစိုးရအနေဖြင့် ယခုမေလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြက်ခြေခတ် မဲများသာ အစီအရီတွေရပေလိမ့်မည်ဟု သတိပေးချင်ပါသည်။

ရှမ်းကလေး

Monday, May 5, 2008

မုန်တိုင်းကြောင့် ပျက်စီးမှုများအတွက် အကူအညီပေးရေး

မှတ်ချက်။ ။အောက်တွင်ဖေါ်ပြပါ အကြောင်းအရာများကို ကိုထိုက်ဘလော့မှ ကူးယူဖေါ်ပြထားပါကြောင်း အသိပေးလိုပါသည်။

ကျွန်တော် အရင် ပို့စ်မှာ ဖေါ်ပြခဲ့သလို မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန်အတွက် အလှူငွေပါဝင် ထည့်လိုသူများ အောက်ပါ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ၏ ဘဏ် အကောင့်တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။ ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com ကို စတင်ရေးသားနေပါသည်။

ဆရာတော်၏ ဘဏ် အချက်အလက်များမှာ

Bank Name : Barclays
Account Holder Name Mr A Candobhasa
A/C 90 00 28 36
S/C 20 80 71

ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်
Ph 078 77 297 205
email: ucandobhasa@googlemail.com

UK နိုင်ငံမှ မဟုတ်သော အခြားနိုင်ငံမှ လှူဒါန်းလိုသူများအတွက် paypal အကောင့် တစ်ခုကို မကြာခင် update လုပ်ပါမည်။

မုန်တိုင်းအတွက် သီးသန့် အကောင့်တစ်ခုကိုလည်း ဘဏ်ဖွင့်ရက်တွင် သွားရောက်ဖွင့်လှစ်ပြီး အကောင့် အသစ် စတင် အသုံးပြုရသည့်အချိန်တွင် ချက်ချင်း အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

“ကန့်ကွက်မဲသာ ပိုပါမည်“

ဆိုင်းကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၅၀ ကျော် ခန့်သေဆုံးပြီး လူ (၉) သောင်းခန့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားတဲ့ သတင်းသည် မြန်မာနိုင်ငံသား လူမျိုးများ၏ လက်ရှိရှိနေတဲ့ အပူကို နောက်တစ်ပူက ထပ်ဆင့်လိုက်သလို ဖြစ်သွားပါသည်။ ယခုလက်ရှိ ရှိနေတဲ့ အပူကတော့ မတရားတဲ့ ဆန္ဒမဲကို မတရား ဖိနှိမ်မှုတွေကြောင့် အမှန်တရားကို မေ့ထားလိုက်ပြီး၊ သူရှုးတို့ရဲ့ စိတ်ချမ်းသာဖို့အတွက် ထောက်ခံမဲကို သွားထည့်ရဖို့ ဆိုတာလည်း (၅)ရက်သာ လိုပါတော့တယ်။

မကောင်းတဲ့ အလုပ် လုပ်တော့မယ် ဆိုရင် ဘုရားဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ် အစဉ်အမြဲ သတိပေး ဆုံးမတယ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းမှာ အယူအဆရှိကြပါတယ်။ အခုလဲပဲ မဟုတ်တာ လုပ်တော့မယ့် လူတွေကို ဘုရားကပဲ သတိပေးတာလား၊ နတ်ကပဲ သတိပေးတာလား ဆိုတာကတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် အခုလို လိမ်ညာတဲ့ ဆန္ဒခံယူပွဲကြီး စဖို့ (၅)ခန့် (၇)ရက်ခန့်သာ လိုတော့တဲ့ အချိန်မှာ မြန်မာပြည်ကြီးမှာ နေထိုင်တဲ့ လူပေါင်းမြောက်များစွာရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆိုင်ကလုန်း မုန်တိုင်းကြီးက အပြစ်ပေးသည့်အလား တိုက်ခတ်စားသောက်၊ မျိုးတုံးအောင် ပြုလုပ်သွားခဲ့လေပြီ။ ဒါဟာ လိမ်ညာရိုင်းစိုင်း၊ အာဏာမက်သူ အုပ်စုတို့ကို သတိပေးတာလား၊ ဆိုတာကတော့ တွေးထင်စရာပင် ဖြစ်ပါသည်။ ဒါကတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ အပြစ်မရှိပဲ ခံသွားရသူများအဖို့ ကျွန်တော် ဤနေရာကပင် အထူး ၀မ်းနည်းမိပါကြောင်း ပြောဆိုပါရစေ။
နောက်သတင်းတစ်ခု ကြားတာကတော့ နအဖစစ်အစိုးရတွေဟာ ဆန္ဒခံယူပွဲကြီးကို ရက်မရွေ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် နအဖစစ်အာဏာရှင်တွေဟာ အာဏာကို လက်လွတ်ဆုံးရှုံးမှာ အလွန်အမင်းကို ကြောက်ရွံ့တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ ပြီးတော့ နောက်တစ်ချက်က အိုးအိမ်ကင်းမဲ့တဲ့ ပြည်သူလူထုများ သာမက မုန်တိုင်း တိုက်စား၍ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အပေါင်းတို့ကို လစ်လျူရှုထားတယ်ဆိုတာကိုလည်း ကွင်းကွင်းကွက်ကွက်ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အာဏာဟာ နအဖစစ်အစိုးရခေါင်းဆောင်တို့၏ အဖေသဖွယ်ဖြစ်သလို၊ မိခင်တစ်ဖွယ်လည်း ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်သည် မည်သို့မှ ဆန္ဒခံယူပွဲ မလုပ်သင့်သည့် အချိန်အခါပင် ဖြစ်ပါသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကြီးတွင် သာမက အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လူများသေဆုံးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်း စသောစသော ပြသနာများသည် ရက်ပိုင်းတိုတိုအတွင်း ဖြေရှင်းနိုင်မည့် ပြသနာမျိုးမဟုတ်ပေ။ မြန်မာပြည် ပြည်သူလူထုများ နေရာအတည်တကျ နေထိုင်နိုင်ရန်အတွက်၊ တိုင်းပြည်ကို အုပ်ချူပ်နေသော စစ်ခေါင်းဆောင်ကြီးများ ဂရုတစိုက် တာဝန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်အလေးအနက် ပြောချင်သည်ကား ယခုလက်ရှိ ပြသနာကို အောင်မြင်အောင် ဖြေရှင်းပြီးမှသာ ဆန္ဒခံယူပွဲကို ကျင်းပစေချင်ပါသည်။ ဒီခေတ်မှာ (၅) ရက်အတွင်း အိမ်တစ်လုံး ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေ ဘယ်နေရမှာ သွားနေရမလဲ။ ကုန်ဈေးနှုန်းကလည်း တက်လိုက်တာမှ အမြင့်ဆုံးတက်နိုင်သည့် တောင်တက်သမားတောင် အရှုံးပေးရမယ် ထင်ပါတယ်။ မုန်တိုင်းလည်းဖြစ်ပြီး ကုန်ဈေးနှုန်းလည်း တက်တာကြောင့် နအဖစစ်အစိုးရတွေလည်း ရာထူးတက်ချင်တာ ဖြစ်မယ်ထင်တယ်။ ဆန္ဒခံယူပွဲကို ရက်မရွေ့ဘူးဆိုတော့။ ကျွန်တော် ဒီနေရာကနေ တိုက်တွန်းပါတယ်။ မြန်မာလူမျိုးတွေ ဘယ်လိုပဲဖြစ်နေပါစေ ကန့်ကွက်မဲသာ ထည့်ပေးကြပါလို့။ နအဖ လုပ်ရပ်ကို ကြည့်ပြီး ကျွန်တော် ထင်မြင်မိပါတယ်။ အရင်တုန်းက ထောက်ခံမဲ ထည့်မယ်ဆိုတဲ့ လူတွေ ကန့်ကွက်မဲ ထည့်မယ်ဆိုတာ။ အခုပဲကြည့်လေဗျာ။ အဲ့လောက်တော့ အတိဒုက္ခ ရောက်နေတာတောင်မှ ဆန္ဒခံယူပွဲကို မရွေ့ဘူးတဲ့။ ဒါက ကျွန်တော် ဘာမှမသိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ခံစားပြီး ရေးသားထားတာပါ။ ဒါကြောင့် ကျွန်တော် ယုံကြည်ပါတယ်။ ကန့်ကွက်မဲထက် ထောက်ခံမဲ ပိုပြီး မများနိုင်ပါဘူးလို့။ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေခင်ဗျား။

ရှမ်းကလေး

“နည်းနည်းတော့ ကောင်းပါသည်“

မှတ်ချက်။ ။ ဤဆောင်းပါးအား သေချာဖတ်ရှုပြီးမှ ဝေဖန်မှုများ ပေးစေလိုပါသည်။ မိမိသည် မြန်မာလူမျိုးများအား တမင်သက်သက်ဒုက္ခ ကျရောက်စေလိုခြင်းဖြင့် ရေးသားထားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင် ယခုလက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာများနှင့် မိမိ၏ အမြင်များကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဆောင်းပါးအား အစအဆုံး ဖတ်ပြီးမှ သင်ထင်မြင်သော ဝေဖန်မှုများကို မှတ်ချက် ပေးသွားနိုင်ပါသည်။ မည်သည့်ဝေဖန်မှုမျိုးကိုမဆို ဖော်ပြ ပြောဆိုသွားနိုင်ပါသည်။
အခုတလော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၀င်ချဲတဲ့ သတင်းတွေကို ပလူပျံနေတာကို တွေ့နေရပါတယ်။ မုန်တိုင်းဒါဏ်ကြောင့် လူတွေလဲ သေဆုံး၊ အိုးအိမ်တွေလည်း ပျက်စီး ခဲ့ရပါတယ်။ နောက်တစ်ခုက လိမ်လည်တဲ့ ဆန္ဒခံယူပွဲကို ပြည်သူလူထုတွေ မဲထည့်ရဖို့လည်း တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ မဲမထည့်ခင် အချိန်တိုအတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ၀င်ချဲမှုအပေါ် နအဖစစ်အာဏာရှင်တို့ကတော့ အမျက်ထွက်မိမှာ အမှန်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုက ယခုလို မုန်တိုင်း ၀င်တိုက်ခြင်းကို အမျက်မထွက်၊ စိတ်မတိုဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထု ဆိုင်ကလုန်း မုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုနဲ့ နအဖစစ်အစိုးရတွေက ဆိုင်ကလုန်းမုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုတွေက ကွဲပြားခြားနားမည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။

နအဖစစ်အစိုးရတို့ရဲ့ အမျက်ထွက်မှုကို ဦးစွာ ရှင်းလင်းပြီးမှာ မြန်မာပြည်သူ လူထုတွေရဲ့ စိတ်တိုတဲ့ အကြောင်းအရာတွေကို ဖော်ပြချင်ပါတယ်။
နအဖစစ်အစိုးရတွေဟာ သူတို့ရဲ့ရှေ့မှာ ဘယ်လို အတားအဆီးပဲ ရှိနေပါစေ သူတို့ လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ အများပြည်သူ အသိပင်ဖြစ်ပါသည်။ သူတို့ရဲ့ ရှေ့မှာ မြန်မာလူမျိုးများ ကိုးကွယ်ဆည်းပူးတဲ့ သံဃာတော်များကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးခဲ့သော ပုံရိပ်များကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အင်တာနက်မှဖြစ်ဖြစ်၊ ပြည်ပသတင်းဌာနများမှာ ဖြစ်ဖြစ် ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒါပေမဲ့ အခုမေလမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကိုတော့ သူတို့ ဘယ်လိုမှ မတားဆီး နိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဆိုင်ကလုန်း မုန်တိုင်းဟာလည်း တစ်စိတ်တစ်ဒေသ အားဖြင့် သူတို့ကို ဆန္ဒပြတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ရက်စက်စွာ ချွေယူသွားပေမဲ့လည်း မြန်မာနိုင်ငံရေးအတွက် တစ်ဘက်က ပြန်ကြည့်ခဲ့ရင်လည်း ဆိုင်ကလုန်း မုန်တိုင်းဟာ စစ်မှန်သော ဒီမိုကရေစီ လိုလားသူ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် ကောင်းတယ်လို့ ဆိုရပေလိမ့်မယ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အိုးအိမ်တွေ ပျက်စီးကုန်မယ်။ လူပေါင်းများစွာ သေဆုံးကုန်မယ်။ အဲ့ဒီလို သေဆုံး၊ ပျက်စီးတဲ့ အခါမှာ ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြန်လုပ်ရမယ်။ ဒီလို ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြုလုပ်လိုက်တဲ့ အချိန်မှာ နအဖတို့ရဲ့ ရိုင်းပင်းကူညီမှု မရှိတဲ့ အကျင့်ကောင်းတွေကို ပြည်သူလူထုတွေက စိတ်နာနာနဲ့ တွေ့ကြရပါလိမ့်မယ်။ “မြို့တော်သူ မြို့တော်သား တွေအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ ဆောင်ရွက်ပေးဖို့က စည်ပင်သာယာတာဝန်” ဆိုတဲ့ ဆန့်ကျင်ဘက် ဆောင်ပုဒ်နဲ့အညီ ကိုရွေစည်ပင်တို့ကလည်း ဟိုရှောင်ဒီရှောင် ပြုလုပ်မှုတွေကို မြန်မာနိုင်ငံသား အပေါင်းတို့ တွေ့ကြရပါလိမ့်မယ်။ မီဒီယာကို မီဒီယာခြင်း တိုက်မယ်ဆိုတဲ့ ကိုကျော်ဆန်းတို့အဖွဲ့ကလည်း သတင်းမှန်တွေကို မဖော်ပြဘဲ လိမ်လည်ကောက်ကျစ်တဲ့ သတင်းမှားတွေကို ဖော်ပြပါလိမ့်မယ်။ နအဖတို့ရဲ့ လူယုံတော်အဖွဲ့ ကိုကိုကြံ့ဖွတ်တို့ကလည်း အများတကာတို့ရဲ့ ရှေ့မှာ ဆုံးရှုံးပျက်စီးသူတို့ကို အလှူအတန်းတွေ အနည်းအကျဉ်းလုပ်ပြီး သူတို့ကိုယ်ကို ကျေးဇူးရှင်လို့ထင်ပြီး မကြာခင် ပြုလုပ်မဲ့ ဆန္ဒခံယူပွဲကိုလည်း ထောက်ခံမဲ ထည့်ဖို့ တိုက်တွန်းကြပါလိမ့်မယ်။ ပြီးရင် နအဖတို့ရဲ့ သတင်းမီဒီယာများကလည်း မည်သို့မည်ပုံ မြန်မာလူမျိုးများအား ကယ်ဆယ်ထားပုံ တွေကို သတင်းလိမ် ထည့်ကြပါလိမ့်မယ်။ နအဖ စစ်အုပ်စုတို့ရဲ့ အိုဟောင်းတဲ့ ပေါ်လစီတွေ အတိုင်း ကျင့်သုံးသွားမယ်ဆိုတာ တစ်စိတ်တစ်ဒေသာ အားဖြင့် တွေ့ကြရပေလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ဒီလိုဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက် နှောက်ယှက်တဲ့အတွက် နအဖစစ်အစိုးရက အမျက်ဒေါသ ထွက်မှာ အမှန်ပါပဲ။ သူတို့ အမျက်ဒေါသထွက်တဲ့ အကြောင်းအရင်းသည် ပြည်သူလူထုတို့ အသက်အိုးအိမ်၊ စည်းစိမ်များ ကုန်ဆုံးခြင်းကြောင့်တော့ မဟုတ်နိုင်ပေ။ သူတို့ အမျက်ဒေါသ ထွက်တဲ့ အကြောင်းအရာများကတော့ သူတို့ ကိုယ်ပိုင် တိုက်တွေ၊ ပျက်စီးသွားခြင်း၊ မကြာခင် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲကိုလည်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် တစ်စိတ်တစ်ဒေသ အားဖြင့် နှောက်ယှက်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်နှောက်ယှက်ခြင်းကြောင့် မကုန်သင့်သော ပစ္စည်းတန်ဖိုးများကို စိုက်ထုတ်ရခြင်း...၊ စသော စသော အကြောင်းအရာများပင် ဖြစ်ပါတော့သည်။
ဒုတိယပိုင်းအနေနှင့် ကျွန်တော်တို့ မြန်မာပြည်သူလူထုများ၏ စိတ်တို၊ အမျက်ဒေါသထွက်မှုတွေကို တင်ပြရပေလိမ့်မည်။ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ကြိုတင် စဉ်းစားမှုများမှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပြီးသွားလျှင် နအဖအဖွဲ့အစည်းများဖြစ်သည့် လမ်းများရှင်းလင်းရန် စည်ပင်သာယာ၊ ပျက်စီးသွားသော အိုးအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အစိုးရမှ အကူအညီပေးမည့် ငွေကြေးအနည်းငယ်များ စသည်တို့ကို ကြိုတင် မမျှော်မှန်းပဲ ကိုယ်ကိုတိုင်သာ ကိုယ်ထုကိုယ်ထ စည်းစည်းလုံးလုံးနှင့် လုပ်ကိုင်ရှင်းလင်းရမည်ဟု မျှော်ကိုးထားကြပြီးလည်း ဖြစ်ပါလိမ့်မည်။ နအဖစစ်အစိုးရတို့၏ ငွေကြေးအကူအညီများကို ရဲရဲတင်းတင်း မမျှော်ကိုးရဲပဲ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သနားညှသာတတ်သော မြန်မာနိုင်ငံအတွင်းရှိ လူအများအပြားမှ ငွေကြေးအကူအညီများကို ကျွန်တော်တို့ မြန်မာလူမျိုးများက ရဲရဲတင်းတင်း မျော်ကိုးကြမည် ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ နအဖစစ်အစိုးရများ၏ အကူအညီသည် တစ်လုပ်သာစားရပြီး၊ တစ်သက်လုံး အလုပ်အကျွေး ပြုရမည့် အကူအညီမျိုးသာ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ဆိုင်ကလုန်းအပေါ် အမျက်ဒေါသ ထွက်ခြင်းထက် နအဖစစ်အစိုးရ အပေါ် အမျက်ဒေါသ ထွက်ခြင်းက ပိုမိုများပြားမည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံ လူမျိုးများအတွက် မုန်းတီးဖွယ်ကောင်းတဲ့ အန္တာရာယ်တစ်ခု ဖြစ်ပေမဲ့၊ မြန်မာ့အနာဂတ်နိုင်ငံရေးအတွက် အကောင်းကြီး မဟုတ်တောင်မှ အကောင်းတကာ့ အကောင်းတို့၏ အငယ်ဆုံး အကောင်းပိုင်းတွင် တည်ရှိမည်ဟု ကျွန်တော် ထင်မြင်မိပါသည်။ ။

ရှမ်းကလေး

Saturday, May 3, 2008

တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် (အပိုင်း ၁၀)

လောကကြီးရဲ့ သဘာဝကို
ဘယ်တော့မှ မဆန့်ကျင်တဲ့
လူသားဆိုတာ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့မယ်ဆိုရင်တော့
ထိုလူသားဟာ
လောကကြီးရဲ့ ကျေးဇူးရှင်လို့
ပြောသင့်ရင်ပြောရလိမ့်မယ်

ရှမ်းကလေး။ ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစ
ရန်သူအပေါင်းနှင့် ကင်းရှင်းပါစ
မိတ်ဆွေအပေါင်းနှင့် ချစ်ခင်ပါစ
လောကကြီးအကြောင်းကော သိရှိပါစ
ဤမျှလောက်သာ နှုတ်ဆက်ခဲ့ရင်တော့
ပရိတ်သတ်က ခဲ့နဲ့ထုမှာ အမှန်ပါဗျ

ကိုချင်း ။ ။ ပရိတ်သတ်ကတော့ မင်းကို ခဲနဲ့ မထုသေးဘူး၊ ငါကတော့ ဓားနဲ့ ထိုးချင်နေပြီ

ကိုချင်းပြောပြောဆိုဆိုနှင့် ရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ရိုက်ချ။


ကိုကံသာ။ ။ ဟုတ်ပါ့ကွာ ဘာတွေလျှောက်ပြောနေတာလဲ မသိဘူး။

ကိုချင်း ။ ။ ကဲ အကိုတို့ ညီတို့ရေ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ကြီးကို မကရ မပျော်ရတာလည်း လအတော်ကြာပေါ့

ကိုကံသာ။ ။ မှန်တာပေါ့ မောင်ချင်းရေ

ကိုချင်း ။ ။ အမှန်တော့ ကျွန်တော်တို့ လူငယ်တွေဟာ တီထွင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားပုံအတိုင်း မဖြစ်ပျက်သေးတဲ့၊ လူတွေ မပြောတဲ့ အရာမှန်သမျှကို တီထွင်ပြောဆို နေရတာ မဟုတ်ပါပေဘူးလား ကိုကြီးညီလေး တို့ရေ

ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ ကျွန်တော်တောင်မှ မိန်းမအဟောင်း တစ်ယောက်ကို မေ့ထားပြီး အသစ်ဖြစ်တဲ့ ကိုချင်းညီမကို ယူမလားလို့ ကြံဆနေတာဗျ

ကိုချင်း ။ ။ ကောင်းပါတယ် မောင်ရှမ်းရေ၊ ငါ့အမလည်း ရှိသေးတယ်လေ

ရှမ်းကလေး။ ။ ဟာ ကိုချင်းကလည်း ညီမဆိုတော်ပါပြီ၊ ကိုချင်းအမ ပိုနေရင်လည်း ကိုကံသာကို ပေးလိုက်ပေါ့

ကိုချင်း စိတ်တိုတိုနဲ့ ရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ရိုက်ချ

ကိုချင်း။ ။ မင်းကိုရွဲ့နေတာကွ၊ ရွဲ့လို့ရွဲ့မှန်းမသိ၊ မင်းတို့အမျိုးတွေက ရွဲ့လို့ရွဲ့မှန်း မသိတဲ့ အမျိုးတွေ

ကိုကံသာ။ ။ ရှမ်းကလေး မင်းက အဟောင်းမေ့ပြီး အသစ်ထက်ရှာတယ် ဆိုတော့ မင်းထားခဲ့တဲ့ အဟောင်းက ငါ့အတွက်ပေါ့နော်။

ရှမ်းကလေး။ ။ ရတယ်လေ ကိုကံသာရဲ့ အဲ့ဒါလည်း ကိုကံသာ ညီမအရင်းပဲ၊

ကိုကံသာ။ ။ တော်ပါပြီကွာ မင်းနစ်နာ နေပါဦးမယ်

ကိုချင်း ။ ။ ကဲ အကိုတို့ရေ။ ကျွန်တော်တို့က ပါးစပ်ကပဲ ဟာသလုပ်ပြောရတာလည်း အာညောင်းလှပြီ

ရှမ်းကလေး။ ။ ဘာလဲ ခင်ဗျားက ပါးစပ်က မပြောလို့ ဖင်ကပြောမလို့လား

ကိုချင်း ။ ။ မင်းကလည်း အားအားရှိ ငါ့ကို ပြောဖို့ပဲ သိတယ်။ ငါပြောမှာက စကားနဲ့တင် မပြောကြပဲ သရုပ်ဖော် ပုံလေးတွေနဲ့ ပရိတ်သတ်တွေ ပိုပြီးတော့ ရီရ၊ ရွင်ရအောင် တင်ဆက်မလားလို့ပါ

ကိုကံသာ။ ။ သရုပ်ဆောင်ရမယ် ဟုတ်လား

ရှမ်းကလေး။ ။ ကျွန်တော်တော့ သရုပ်မဆောင်ချင်ပါဘူးဗျာ

ကိုချင်း။ ။ ဘာဖြစ်လို့လဲ

ရှမ်းကလေး။ ။ ဟာကိုချင်းကလည်း ကျွန်တော်သာ သရုပ်ဆောင်လိုက်ရင် မြန်မာပြည်မှာ ရှိတဲ့ မင်းသားတွေ အကုန် ထမင်းငတ်ကုန်မှာပေါ့

ကိုကံသာ။ ။ မင်းသမီး မပါဘူးလား

ရှမ်းကလေး။ ။ မင်းသမီးက ကျွန်တော် ကျွေးထားမှာလေ

ကိုချင်း။ ။ ဒါဆိုငါ့ညီမကို မင်းထိပ်ဆုံးက တင်ကျွေးထားမှာပေါ့နော်

ရှမ်းကလေး။ ။ ကျွန်တော်မိန်းမ အယောက် ၁၀၀ ရှိရင် ခင်ဗျားညီမကို နံပါတ် ၁၀၁ မှာထားမယ် စိတ်ချ

ကိုချင်း ။ ။ ဒါလဲကောင်းတာပဲ

ကိုကံသာ။ ။ ဟား ဘာဖြစ်လို့လဲ မောင်ချင်းရ

ကိုချင်း ။ ။ ဟားအကိုကလည်း ရှမ်းကလေးအကြောင်း ကျွန်တော်သိတာပေါ့ ဒီကောင်က မိန်းမကို ပေါင်းရင် ခဏလေးပဲ ပေါင်းတာ ကျွန်တော့ ညီမက နောက်ဆုံးမှာဆိုတော့ နောက်ဆုံးကျန်တဲ့ ကျွန်တော် ညီမကိုပဲ တသက်လုံး ပေါင်းတော့မှာပေါ့

ရှမ်းကလေး။ ။ ပိုင်လိုက်တဲ့ အကြံ

ကိုကံသာ။ ။ မင်းညီမတော့ ရှမ်းကလေးနဲ့တော့ ရလား၊ မရလားတော့ မသိဘူး မောင်ချင်းရေ၊ မင်းညီမ မရခင်တော့ မောင်ရှမ်း လူ့လောက မှာရှိမှာ မဟုတ်တော့ဘူး

ရှမ်းကလေး။ ။ ထွီး ပါးစပ်ပုတ်နဲ့ ဘာတွေလျှောက်ပြော နေတာလဲသိဘူး။

ကိုချင်း ။ ။ ဒါလဲကောင်းသားပဲ သူသေသွားရင် ကျွန်တော့်ညီမက သူ့အမွေတွေ အကုန်ရတာပေါ့

ရှမ်းကလေး။ ။ လက်က မလျှော့သေးဘူး

ကိုချင်း။ ။ ဒါနဲ့ ရှမ်းကလေးက ဘာလို့သေမှာလဲဗျ ကိုကြီးကံသာရ

ကိုကံသာ။ ။ မင်းပဲစဉ်းစားကြည့်လေ အဲ့လောက်တောင် မိန်းမယူထားတာ ဒီကောင် AIDS နဲံ့ မသေလို့ ငှက်ဖျားနဲ့ သေရမှာလားကွ

ရှမ်းကလေး။ ။ ကိုကံသာ ခင်ဗျား မနာလိုတိုင်း ရှောက်မပြောနဲ့ဗျာ

ကိုချင်း ။ ။ ကဲကဲ ကိုကံသာနဲ့ မောင်ရှမ်းတို့ရေ မောင်ရင်တို့ ပြောတာလဲ နောက်မှပြောပေါ့ အခုက ပရိတ်သတ်တွေက ခဲတွေနဲ့ ထုဖို့ စိတ်ကူးပေါက်နေပြီ၊ ဟောဟိုမှာကြည့် ကောင်မလေးတစ်ယောက် မျက်နှာပုတ်နေပြီ၊ ခဏနေ မင်းတို့ကို ခဲနဲ့ ပေါက်တော့မယ်။

ရှမ်းကလေး ကိုချင်းခေါင်းအား လင်ဗန်းနှင့် ရိုက်ချ

ရှမ်းကလေး။ ။ ရှောက်ပြော အဲ့ဒါ သူ့ရည်းစားကို စိတ်ကောက်လို့ မျက်နှာမကောင်းတာဗျ၊ ခင်ဗျားကလေ အသက်ကြီးပြီး လူမစီးတဲ့လို လူမျိုး၊ ထမင်းစားပြီး ချီးဖြစ်တယ်ဆိုတာ ခင်ဗျားကို ပြောတာ၊ ဘာမှမသိဘူး

ကိုချင်း ။ ။ ဒါဆိုမင်းက အသက်ငယ်ပြီး လူကျယ်တယ်ပေါ့

ရှမ်းကလေး။ ။ ကျွန်တော်က လူကျယ်တာ မဟုတ်ဘူး မသိတဲ့ မတတ်တဲ့ လူကို သင်ပေးတာ၊ ဟုတ်တယ်နော် ဟိုက ညီမလေး၊ ညီမလေးရဲ့ နာမည် ဘယ်လိုခေါ်လဲဟင်

ကိုချင်းရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ထက်ရိုက်ချ

ကိုချင်း။ ။ အရေးထဲက ကိုယ့်ရဲ့ အကျင့်ကို ပရိတ်သတ်ကို ပေးသိသေးတယ်

ကိုကံသာ။ ။ ကဲကဲကဲ ညီလေးတို့ရေ ပြောကြတာလဲ ပြောကြပေါ့ကွာ ကဲ လုပ်စရာရှိတာလည်း လုပ်လိုက်ကြရအောင်

ရှမ်းကလေး။ ။ ဟုတ်ကဲ့ပါ ကိုကြီး ကံသီး အဲဟုတ်ပါဘူး ကိုကြီး ကံသာရေ

ကိုချင်း ။ ။ ကဲ ငါပြောမယ် မင်းတို့သေချာနားထောင်

ရှမ်းကလေး။ ။ ပြောဗျာ...

ကိုချင်း ။ ။ ငါတို့ သရုပ်ဆောင်ကြရအောင်

ကိုကံသာ။ ။ အေးလေ သိတယ်၊ ပြောနေတာ အခါပေါင်း ရေလို့ကို မရတော့ဘူး

ကိုချင်း ။ ။ ကျွန်တော်တို့ သရုပ်ဆောင်မယ် ဆိုတော့ ဘယ်သူ လူဆိုးလုပ်မယ် လူကောင်းလုပ်မယ်ဆိုတာ ရှိသေးတယ်လေဗျာ

ရှမ်ကလေး။ ။ ဟေး ငါတို့ကတော့ မင်းသားပဲဟေ့၊ ဒါမှ မင်းသမီး လက်ကိုင်ရမှာ

ကိုချင်း ။ ။ အော.. ရှမ်းကလေး မင်းပြောမှပဲ ငါသတိရတော့တယ် မင်းသမီးလုပ်ဖို့ ပရိပ်သတ်အသည်းစွဲ ချောရတနာလေးကို ခေါ်ရဦးမယ်လေကွာ

ကိုကံသာ။ ။ မင်းတို့က မမေ့သင့်တဲ့ အရာကို မေ့တာကိုးကွ... ကဲကဲကဲ ရှမ်းကလေး မင်းသမီးကို ခေါ်ကွာ

ရှမ်းကလေး။ ။ မင်းသမီး ကိုခေါ်ရမယ်

ကိုကံသာ။ ။ ဘာလဲ မင်းက မခေါ်ဘူးလား

ရှမ်းကလေး။ ။ ကျွန်တော်က ဘာလို့ခေါ်ရမှာလဲ

ကိုချင်း။ ။ ဟာဒီကောင် ဒီနေ့ဘာဖြစ် နေတာလဲ

ရှမ်းကလေး။ ။ နေဦး ကျွန်တော် မင်းသမီးကို ခေါ်ရင် မင်းသမီး လက်ကိုင်ရမှာလား
ရှမ်းကလေးက ကျော်ဟိန်းလေသံနှင့် ခတ်တည်တည်ပြောလိုက်သည်။

ကိုချင်းနှင့် ကိုကံသာ နှစ်ယောက်စလုံးက ရှမ်းကလေးအား လင်ဗန်းနှင့် ၀င်ရိုက်ကာ
ကိုချင်း ။ ။ စကားကောင်းပြောကွာ

ရှမ်းကလေး။ ။ ဟဲဟဲ ကျွန်တော် အကယ်ဒမီရအောင် လေ့ကျင့်နေတာပါ

ကိုကံသာ။ ။ ရှမ်းကလေး နင်အကယ်ဒမီ တကယ်ရချင်လား

ရှမ်းကလေး။ ။ အေးပေါ့ ဘာလဲ နင်က ငါ့ကို ပေးမလို့လား

ကိုကံသာ။ ။ နင်အကယ်ဒမီ ရချင်ရင် နင့်အဘ ဗိုလ်ချူပ်ကြီးတွေကို တနေ့ဘုရား သုံးခါရှိခိုးပြီး ညတိုင်းလည်း ပုတီး စိတ်ပါတယ်လို့ နင့်ရေးနေတဲ့ ဘလော့မှာကော နင်ဗွီဒီယို ရိုက်ရင်ကော အဲ့လိုတွေပြော နင်အကယ်ဒမီ ရမှာသေချာတယ်

ရှမ်းကလေး။ ။ ဘာဘာ ငါက ငါ့အအဘ တွေကို အဲ့လို ပြောရမယ်

ကိုကံသာ။ ။ အေးပေါ့ အဲ့လိုပြောလို့ ထိုင်းနိုင်ငံ ၀န်ကြီးချူပ်တောင် အကယ်ဒမီ ရနေပြီ ဒါတောင်မှ ထိုင်းဝန်ကြီးချူပ်က တနေ့ကို ဘုရား သုံးခါ ရှိခိုးတယ်လို့ မပြောသေးဘူး

ရှမ်းကလေး။ ။ ဒါနဲ့ ထိုင်းဝန်းကြီးချူပ်က ဘာအကယ်ဒမီ ရတာလဲ

ကိုချင်း။ ။ ၀မ်းလျှောရောဂါရှင် အကယ်ဒမီလေ

ကိုကံသာ။ ။ မင်းကလည်း မသိပဲနဲ့ လျှောက်ပြောနေ

ကိုချင်း။ ။ မသိဘူးလေကွာ ငါတွေ့တာ ထိုင်းဝန်ကြီးချူပ် မြန်မာက ပြန်လာကတည်းက မကြာဘူး ၀မ်းလျှောရောဂါ တန်းဖြစ်တာပဲ

ရှမ်းကလေး။ ။ တောပါပြီဗျာ အကယ်ဒမီ မရချင်တော့ဘာဘူး ကဲ မင်းသမီးကို ခေါ်တော့မယ်

ကိုကံသာ။ ။ အေး ခေါ်စေဗျာ

ရှမ်းကလေး။ ။ အဖြူရောင် ၀ိုင်းဆက်လေးကို
ဆင်မြန်း၍
အနီရောင် နှုတ်ခမ်းနီလေးကို
ခြယ်သကာ
အပြာရောင် တဘက်လေးကို
ခါးမှာပတ်လို့
ချောချင်တိုင်းချော
လှချင်တိုင်းလှ နေတဲ့
မမချောရတာနာလေးရယ်
ဒီမြေတခွင်မှာ မှီသင်းနေထိုင်
ဘ၀ကို တည်ဆောက်နေကြတဲ့
ပွဲလာဧည့်ပရိတ်သတ်တွေက
မင်းကိုမှ မမြင်ရရင်
လူရွင်တော်တွေဖြစ်တဲ့
အချစ်ကံမပါ ကိုကံသာရယ်
အချင်းချင်းဗျင်းတဲ့ ကိုချင်းနဲ့
တော်တော်ရှမ်းတဲ့ ရှမ်းကလေးငါ့ကို
သူတို့ပါလာသမျှ ပစ္စည်းတွေနဲ့
ငါတို့တတွေကို ပစ်မယ်ဆိုလို့
မင်းသာအရောက်မလာရင်
မင်းရဲ့ ပျော့ပျောင်းလှတဲ့
လက်နုနုလေးတွေနဲ့
ငါတို့ရဲ့ နဖူး၊ ပါး၊ ခေါင်းပေါ်က
ဖုရောင်နေတဲ့ ဒါဏ်ရာတွေကို
ကြက်ထိုးပေးချင်တယ် ဆိုရင်တော့
ထွက်မလာခဲ့နဲ့ပေါ့ကွာ...။

ရှမ်းကလေးရဲ့ စိန်ခေါ်မှု တစ်ရက်ကြောင့်လားမသိ မင်းသမီးခင်မျာ အပြေးထွက်လာတာ ဖိနပ်ကျွတ်တော့မလို့....၊

ကိုကံသာ။ ။ ချောရတာနာ နင်ကလည်း ဖြည်းဖြည်းလာလည်း ရပါတယ်ဟ..၊ ဖိနပ်က ငါ့ပါးကို ကပ်တော့မယ်..၊

ကိုချင်း ကိုကံသာ ခေါင်းကို လင်ဗန်းနှင့် ရိုက်ချ

ကိုချင်း။ ။ ခင်ဗျားက ဘာလဲဗျ..၊ မင်းသမီးက ဘာလို့ ဇာတ်စင်ပေါ်မှာ ဖိနပ်စီးမှာလည်း ဗျ..၊ ပြောလိုက်ရင် စောက်တလွဲကြီးပဲ

မင်းသမီး။ ။ မင်္ဂလာပါရှင် ကိုရှမ်းကလေး

ရှမ်းကလေး။ ။ ဝေ့ ညီမလေး နာမည်ခေါ်ရင် ကိုကိုလို့ ထည့်မခေါ်ပါနဲ့

ကိုချင်း။ ။ အံ့မယ် ဘာဖြစ်လို့လဲ

ကိုကံသာ။ ။ သူ့ကိုသူ ရှက်လို့ နေမှာပေါ့..၊ ဒီမယ် ချောရတနာ နောက်ဆို ကိုကိုဆိုပြီး ထည့်မခေါ်နဲ့ ဦးဦးလို့ ထည့်ခေါ်..၊

ရှမ်းကလေး။ ။ ခင်ဗျားရှောက်ပြောတော့မယ်၊ တကယ်တော့ ကျွန်တော်က အသက်ငယ်ငယ်လေးပဲ ရှိသေးတာ..၊ ကျွန်တော်က အသက်ကြီး ဟန်ဆောင်နေတာ.၊

ကိုချင်း။ ။ မင်းရှောက်မပြောနဲ့ ရှမ်းကလေး..၊ ကဲပြော ဒါဆို ဘာဖြစ်လို့ အသက်ကြီး ဟန်ဆောင်နေတာလည်း

ရှမ်းကလေး။ ။ ကျွန်တော်ငယ်ငယ်တုန်းက ရွာမှာနေတုန်းကပေါ့ဗျာ..၊ ကျွန်တော့်ရွာကို သူဌေးသမီး မမတစ်ယောက်လာလည်တယ်။ အဲ့ဒီမမက ကျွန်တော့်ထက် အသက် 4 နှစ်လောက်ကြီးတယ်..၊ ၂၀ ပေါ့..၊ အဲ့ဒါ သူကျွန်တော့်ကို တွေ့တော့ ကြိုက်ပါလေရော..၊ အဲ့ဒီတုန်းက ကျွန်တော်ကလည်း ရုပ်ကလေးက ရှိသေးတာကို..၊ ကျွန်တော်က အဲ့ ဒီတုန်းက အသက် ၁၆ နှစ်ပဲ ရှိသေးတာ..၊ ဒါပေမဲ့ ကိုယ်လုံးက ကြီးတော့ ကျွန်တော်အသက် ငယ်မှန်း ဘယ်သူ့မှ မသိသေးဘူးလေဗျာ..။ အဲ့ဒါနဲ့ အဲ့ဒီမမက ကျွန်တော်ကို သူ့နဲ့ ရွယ်သူ ထင်ပြီး ကျွန်တော့်ကို လာပြီးတော့ ဘာပြောလဲ ထင်လဲ

ကိုကံသာ။ ။ မင်းကို ဘာပြောသွားတာလဲ..၊

ရှမ်းကလေး။ ။ ကိုချင်းကော ကျွန်တော်ကို အဲ့ဒီ မမက ဘာပြောသွားတယ်လို့ ထင်လဲ

ကိုချင်း။ ။ မင်းပြောမှ ငါတို့သိရမှာပေါ့ကွ..၊ အဲ့ဒီမမက မင်းကို ဘာပြောသွားလဲ

ရှမ်းကလေး။ ။ ချောရတနာ ညီမလေးကကော အဲ့ဒီမမက ဘာပြောသွားလဲလို့ ထင်လဲ

ကိုကံသာနှင့် ကိုချင်းတို့ နှစ်ဦး ရှမ်းကလေးကို စိတ်မရှည်နိုင်တော့၍ လင်ဗန်းနှင့် အပြင်းဆုံး ရိုက်ချ

ကိုကံသာ။ ။ ဟေ့ကောင် ငါနားထောင်ရတာ မျက်စိညောင်းနေပြီ..၊ မြန်မြန်ပြော

ရှမ်းကလေး။ ။ အဲ့ဒီမမကလေ ကျွန်တော့်နား ဖြည်းဖြည်းလေးတိုးပြီး အား

ုကိုချင်း။ ။ ဘာလဲ အဲ့ဒီ မမက မင်းအနားတိုးပြီး ဆိတ်သွားလို့လား အားအား လို့အော်ရအောင်

ရှမ်းကလေး။ ။ လုပ်ပြီ အဲ့ဒီမမက ကျွန်တော့်ကို ပြောသွားတာက ဒီလိုဗျ..၊ အကို ရှမ်းကလေး အကိုက ဗလကောင်းသားပဲ ကျွန်မတို့အိမ်မှာ အိမ်ဖော်လုပ်မလားတဲ့..၊ ပန်းအိုးတွေမရအောင်တဲ့..၊

ကိုကံသာ။ ။ အဲ့ဒါ ဒီက ငါတို့ ညီမလေး ချောရတနာနဲ့ ဘာဆိုင်လို့လဲကွ

ရှမ်းကလေး။ ။ ဆိုင်တာပေါ့ဗျာ အကိုခေါ်ပြီး သူ့အိမ်မှာ ထမင်းချက်ခိုင်းရင် ဘယ်လိုလုပ်မလဲဗျ

ကိုချင်း။ ။ ထမင်းချက်ရင် ဗလမရှိလည်း ရပါတယ်ကွာ

ရှမ်းကလေး။ ။ ခင်ဗျားဘာသိလို့လဲ ဗလမရှိပဲ ထမင်းကို ယောက်မနဲ့ မွေရင် ဘယ်လိုမွေနိုင်မှာလဲဗျ..။ ဗလကောင်းခြင်းသည် ထမင်းချက်ချိန် မွေရာတွင် အလွန်မှ အသုံးဝင်လသည်လို့ စာဆိုရှိခဲ့တာ ခင်ဗျား တစ်ခါမှ မကြားဖူးဘူးလား။

ကိုကံသာ။ ။ ဟားဟားဟား မင်းပြောမှပဲ ငါကြားဖူးတော့တယ်ကွာ ဟားဟားဟား

ကိုချင်း။ ။ ကဲကဲ အကိုတို့ ကျွန်တော် ကဲကဲ ပြောရတာလဲ ကျွန်တော်တောင် တော်တော်ကို ကဲချင်လာပြီ အပြောလေးနဲ့ ကိုက်ညီသွားအောင် အလုပ်လေး လုပ်ပြလိုက်အောင်ကွယ်..၊ ရှမ်းကလေး တိတ် တိတ် မင်းဘာပြောမယ် ဆိုတာ ငါသိတယ်..၊ ဆက်မပြောနဲ့ မင်းပြောရင် ဒီနေ့ကလို့ ပြီးမှာ မဟုတ်တော့ဘူး

ရှမ်းကလေး။ ။ အော.. အကိုက ကနေတာလား...။

ကိုချင်း။ ။ ဟေ့ကောင် ပြောလေကဲလေပါလား..၊ တော်တော် စကားများတဲ့ ကောင်...၊ ကြည့်နေ ငါ့ညီမကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး..၊

ရှမ်းကလေး။ ။ ကဲ ကိုချင်းက တော်ဆိုလည်း တော်တော့မယ်ဗျာ..၊

ကိုကံသာ။ ။ ကဲ ညီလေးတို့ရေ လုပ်ငန်းလေး စလိုက်ကြရအောင်ကွယ်

ကိုချင်း။ ။ ရှမ်းကလေး မင်းက ဒီနေရာမှာ မင်းသားလုပ်ရမယ်..၊ မင်းမင်းသားလုပ်ရမယ် ဆိုတော့ လူတစ်ယောက်ရဲ့ ပုံကို သရုပ်ဆောင်ရမယ်

ရှမ်းကလေး။ ။ ဟား ရတာပေါ့..၊ ဘယ်မင်းသားရဲ့ စရိုက်လဲပြော...၊ လွင်မိုးလား၊ ဒွေးလား၊ ကျော်ဟိန်းလား၊ ကျော်သူလား၊ ဇာဂနာ

ကိုချင်း။ ။ တော်တော် မင်းဟာ တစ်ခုမှ မဟုတ်ဘူး

ကိုကံသာ။ ။ ဒါဆို ဘယ်သူ့စရိုက်လည်းကွ

ကိုချင်း။ ။ ဗိုလ်ချူပ်မှူးကြီး သန်းရွေ

ရှမ်းကလေး။ ။ ဘာဘာ ဗိုလ်ချူပ်မှူးကြီး သန်းရွေ..၊ လုပ်နိုင်ပါဘူးဗျာ..၊ သူမှ မင်းသားမှ မဟုတ်တာ..၊ သူက လူသတ်သမားကြီးကို

ကိုကံသား။ ။ ဟေ့ကောင် ရှမ်းကလေး ငါမပါဘူးနော်

ကိုချင်း။ ။ ရှမ်းကလေး မောင်ချင်းတို့က ဘူးဆိုဖရုံမသီးဘူးကွ..၊ လုပ်ဆိုလုပ်ပဲ..၊ တချက်လွတ်အမိန့်..၊ မင်း ဗိုလ်ချူပ်မှူးကြီး သန်းရွေ စရိုက်ကို ပေါ်လွင်အောင် သရုပ်ဖော်ရမယ်။

ရှမ်းကလေး။ ။ အမလေး လန့်လိုက်တာ..၊ ကျွန်တော်တော့ ငရဲတွေ ကြီးကုန်တော့မှာပဲ..၊ ဒါဆို မင်းသမီးက ဘယ်သူ့ စရိုက်ကို သရုပ်ဆောင်ရမလဲ..၊

ကိုချင်း။ ။ မင်းသမီး ချောရတာနာက ဗိုလ်ချူပ်မှူးကြီးသန်းရွေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် စရိုက်ကို သရုပ်ဆောင်ရမယ်။

မင်းသမီး။ ။ ဟာ သရုပ်ဆောင် ချင်ဘာဘူး..၊ တော်ပြီ ကိုချင်းကို ချစ်တော့ဘူး

ကိုချင်း။ ။ ဒါဆိုလဲ ရပါတယ် ချောရတနာလေးရယ် ရတနာလေး ကြိုက်တာ သရုပ်ဆောင်

ရှမ်းကလေး ကိုချင်းပြောဆိုမှုကို မကျေနပ်သော မျက်နှာ အမူအရာနှင့် လင်ဗန်းနှင့် ကိုချင်းခေါင်းအား ရိုက်ချ

ရှမ်းကလေး။ ။ ကိုချင်း ခင်ဗျားဟာ..၊ ကျွန်တော့်ကျတော့ ဘူးဆိုဖရုံမသီးဘူးတဲ့..၊ မင်းသမီးကျတော့ သူကြိုက်ရာ သရုပ်ဆောင်တဲ့..၊ ဘာလဲခင်ဗျားက ဘူးဆိုပြီး ဘူးထက်ထပြလိုက်တာလား

ကိုချင်း။ ။ မင်းသမီးနဲ့ မင်းနဲ့မှ မတူတာကွ..၊

ကိုကံသာ။ ။ ကဲကဲ တော်ကြပါတော့ မင်းသမီးလဲ ဒေါ်ကြိုင်ကြိုင်လုပ်..၊ ပြီးတော့ ငါကျတော့ရော ဘယ်သူ့စရိုက်ကို သရုပ်ဆောင် ရမှာလဲ

ကိုချင်း။ ။ ကိုကံသာ..၊ ခင်ဗျားကို ကျွန်တော်က ဆရာတင်တဲ့ အတွက် ခင်ဗျားက ဗိုလ်ချူပ်မှူးကြီး မောင်အေးရဲ့ စရိုက်ကို သရုပ်ဆောင်

ရှမ်းကလေး။ ။ ကိုချင်းက ကိုကံသာကို ဘာဆရာသင်တာလည်း

ကိုချင်း။ ။ အရက်သောက်တဲ့ နေရမှာလေကွာ..

ကိုကံသာ။ ။ ငါအရက်သောက်တာတော့ ဟုတ်ပါပြီ..၊ ဘယ်နဲ့ ဗိုလ်ချူပ်မောင်အေးက ကြားက ကပ်ပါသွားရတာလဲ

ကိုချင်း။ ။ ဟားခင်ဗျားကလည်း ဗိုလ်ချူပ်မောင်အေးက အရက်ကို မိန်းမလို စွဲတာဗျ..၊ ခင်ဗျားမယုံရင် တီဗွီကြည့်ကြည့်ပါလား..၊ ဗိုလ်ချူပ်မောင်အေး ပါလာပြီဆိုရင်..၊ နော်မှ ပြားပြားလေးနဲ့ ကပ်ပါလာတာ..၊ သူ့မိန်းမဆို ဘေးတောင်မကပ်ဘူး..၊ အရက်နဲ့နံလို့

ရှမ်းကလေး။ ။ ဘာတုန်း

ကိုချင်း။ ။ အရက်ပုလင်းပြား

ကိုကံသာ။ ။ ငါမပါဘူးနော် မောင်ချင်း

ရှမ်းကလေး။ ။ ကိုချင်း..၊ ကျွန်တော်တို့က ဗိုလ်ချူပ်တွေရဲ့ စရိုက်တွေကို သရုပ်ဆောင်တာတော့ ဟုတ်ပါပြီ..၊ ခင်ဗျားက ဘယ်ဗိုလ်ချူပ် စရိုက်ကို သရုပ်ဆောင်မှာလည်း..၊ ဘာလဲ ဗိုလ်ချူပ်စိုးဝင်း စရိုက်လား..၊ သူက ဒီပဲယင်း လူသတ်ကောင်နော်..၊ အခုတော့ တာမလွန်မှာ နောင်တရနေပြီ..၊ ခင်ဗျားသူ့စရိုက်ကို သရုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်ခင်ဗျားကို ငရဲပြည် ဦးရင်ပို့မှရမယ်..၊

ကိုချင်း။ ။ ဟေ့ကောင် ဘာတွေရှောက်ပြောနေတာလည်း..၊ ဘယ်ဗိုလ်ချူပ်ရဲ့ ငါသရုပ်မဆောင်ဘူး..၊

ကိုကံသာ။ ။ မောင်ချင်းက ဘယ်သူ့စရိုက်ကို သရုပ်ဆောင်မှာလည်း

ကိုချင်း။ ။ အဲပုဂံပိုင်ရှင် ဦးတေဇ စရိုက်ကို သရုပ်ဆောင်မှာ..၊ ဒါမှ ဗိုလ်ချူပ်ရဲ့ သမီးတွေ..၊ မြေးတွေ၊ သူမတွေ အလားကားရတာ..၊ ဟိဟိ ပြောရင်းနဲ့ တေဇတောင် ဖြစ်ချင်လာပြီ..၊

ရှမ်းကလေး။ ။ သူကျတော့လျှင်တယ်..၊ ရတယ် ငါလည်း ကြိုင်ကြိုင်လစ်တဲ့ အချိန် တေဇရဲ့ သမီးကို အပိုင်ကြံမှာ.. ဟိဟိ

ကိုချင်း။ ။ ကဲ ကျွန်တော်တို့ရဲ့ သရုပ်ဆောင်မှုတွေကို စလိုက်ကြရအောင်ကွာ..၊ အားလုံးပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ကြနော်..၊ ပြီးရင် ငါတို့ အကယ်ဒမီ ရွေးပွဲလည်း ရှိသေးတယ်။

ရှမ်းကလေး။ ။ ဟင်းခင်ဗျားဟာ ဘယ်သူက ကျွန်တော်တို့ကို အကယ်ဒမီပေးမှာလည်း

ကိုကံသာ။ ။ အေးလေ မင်းဟာ ငါတို့က သူတို့အကြောင်းကို လူတကာရှေ့မှာ ဖော်ထုတ်တော့ အကယ်ဒမီမရပဲ Gun စာမိသွားမှာ

ကိုချင်း။ ။ မင်းတို့ကလည်း ပြောရင် စောက်တလွဲချည်းပဲ..၊ ငါပြောတာ အခုဇာတ်စင်ရှေ့မှာ ရောက်နေတဲ့ ပရိပ်သတ်တွေက ပေးမှာပေါ့ကွ..၊

ရှမ်းကလေး။ ။ ဟားဟား ဒါဆို အကယ်ဒမီရဖို့ သန်းရွေစရိုက်နဲ့ အညီ လူသတ်ဖို့ အမိန့်များများ ပေးမှ ရမယ်ဟေ့..

ကိုကံသာ။ ။ ကဲစကြရအောင် ရွားစားရေ

ကိုကံသာက ရွာစားရေလို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ရဲ့ ရွာစားများကလည်း တက်ညီလက်ညီနှင့် သံပြိုင် သီဆိုတီးမှုတ်လိုက်တာ သာယာဖွင် မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံလေးက ချိုသာစွာနှင့်ပင် ထွက်ပေါ်လာလေသတည်း..၊ ထို့နောက် သန်းရွေအဖြစ် သရုပ်ဆောင်သော ရှမ်းကလေးနှင့် ကြိုင်ကြိုင်အဖြစ် သရုပ်ဆောင်သော တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ရဲ့ မင်းသမီးချောလေး ချောရတနာလေးတို့ နှစ်ယောက် အကောင်းစား ထိုင်ခုံပေါ်တွင် ကိုယ်စီထိုင်က တီးတိုးတိုင်ပင်နေကြသည်..။

ရှမ်းကလေး။ ။ မေကြိုင်ရ..၊ ဒီနှစ်တော့ ဖေကြီးတို့ သိပ်ကံမကောင်းဘူးကွ..၊

မင်းသမီး။ ။ ဒါဆို မေကြိုင် ယတျာရာ သွားချေလိုက်မယ်လေ

ရှမ်းကလေး။ ။ ဟာ မေကြိုင်ရဲ့ ယတျာရာက ယုံလို့ရပါတော့ မလား မေကြိုင်ရ..၊

မင်းသမီး။ ။ ဟာဖေကြီးနော် မေကြိုင်ယုံကြည်တဲ့ ယတျာရာကို လာမထိနဲ့နော်..၊ အသက်ခြင်းလဲပလိုက်မယ်

ရှမ်းကလေး။ ။ ဒါနဲ့ ဟို စက်တင်ဘာတုန်းက ဘုန်းကြီးတွေကို ရက်ရက်စက်စက် သတ်တုန်းက ဟိုကောင် ငမောင်အေးတို့က ဘုန်းကြီးတွေကို နဲနဲငဲ့ညာတယ်လို့ ပြောသံကြားတယ် မေကြိုင်ရ..၊

မင်းသမီး။ ။ ဟာအဲ့ဒါ အလားကား..၊ သူထင်တာ..၊ ဘုန်းကြီးတွေ ဆန္ဒပြလို့ ဖေကြီးက ရာထူးချပြီး ထွက်ပြေးမယ်ထင်တာ..၊ ဖေကြီး ထွက်ပြေးရင် သူလည်း ထွက်ပြေးရမှာလေ...၊ ဖေကြီးနဲ့ သူက ဇာတ်တူသားတွေပဲကို..၊ အဲ့ဒါ သူက မျက်နှာကောင်းယူတာ..၊ ကြည့်ပါလား..၊ ဖေကြီး ရာထူးမချပဲ ဖေကြီးရဲ့ အမိန့်ပေးမှုကြောင့် ဖေကြီးရဲ့ လက်မရွံ့တပ်သားတွေ ဘုန်းကြီးတွေကို နှိမ်နင်းလိုက်တဲ့ နောက်ပိုင်း ဖေကြီးက နိုင်သွားတော့ သူလဲ အရက်ဆက်သောက်တာပဲ..၊ အလားကားပါ

ရှမ်းကလေး။ ။ ဟင်..၊ သူအရက်ဆက်သောက်တာ မေကြိုင်က ဘယ်လိုသိလဲ..၊ သူ့အိမ်မှာသူသောက်တာကို

ဒေါ်ကြိုင်ကြိုင် အငိုက်တစ်ချက် မိသွားပြီလေ..၊ သန်းရွေသိတာပေါ့..၊ သန်းရွေယူလာတဲ့ မိန်းမပဲ..၊ မင်းတို့က သန်းရွေကို ဘယ်စမ်းလို့ ရမလဲ..၊ မင်းတို့ရဲ့ ယတျာရာတွေကို ကြောက်နေလို့တာ.. သန်းရွေဘာမှ မပြောတာ..၊ ကြိုင်ကြိုင်ရာ မင်းဥာဏ်လောက်တော့ ငါလိုက်မီပါသေးတယ်ကွာ.. ဟားဟားဟား ဟု သန်းရွေက တွေးရင်း ရီလိုက်တာ နောက်ဆုံး ဟားတစ်ချက်မှာ အသံက ထွက်ဖြစ်အောင် ထွက်သွားသေးတယ်

မင်းသမီး။ ။ ဖေကြီးက ဘာရီတာလဲ..၊

ရှမ်းကလေး။ ။ အော.. ဘာမှမရီပါဘူး..။ မေကြိုင်ကို သဘောကျလို့ပါ..၊ မေကြိုင်က အဲ့လောက်တော်တဲ့ အတွက်..၊ ဖေကြီးက ဂုဏ်ပြုခြင်းနဲ့ ရီတာပါ..။

ဟင်းဟင်းကံကောင်းလို့ မိတော့မလို့ မိလို့ကတော့ ဒီညထက်နှိပ်စက် ခံရဦးမှာ သေချာတယ်..။

မင်းသမီး။ ။ ဟော ကားသံကြားတယ်..၊ မောင်အေးလာလားမသိဘူး

ကြိုင်ကြိုင်က ထိုသို့ပြောဆိုသောအခါ သန်းရွေက ဟင်း ဒီကောင်မှ မောင်းအေးနဲ့ ဘယ်လောက်များ နေထားလဲမသိဘူး..၊ ကားလာတာတောင်မှ မောင်အေးကားမှန်းသိတယ်..၊

ရှမ်းကလေး။ ။ ဟေ..၊ ဟုတ်လား..၊ အေးခေါ်လိုက်လေ မေကြိုင်

ထိုစဉ် မောင်အေးအဖြစ် သရုပ်ဆောင်သော ကိုကံသာ ၀င်ရောလာကာ အရက်သောက်ထားသော လူတစ်ဦး လေသံနှင့်

ကိုကံသာ။ ။ ဟာ ကိုကြီးတို့ လင်မယားက အိမ်မှာ ရှိနေကြတာကိုး..၊

မေကြိုင်။ ။ ဟုတ်တယ် မောင်အေးရ နင့်အကိုကြီးက ဒီမှာ သိပ်နေမကောင်းလို့လေ..

ကိုကံသာက ခါးကြားမှ ပစ္စည်းတခု ထုတ်ရန်ပြင်သောအခါ

ရှမ်းကလေး။ ။ မင်းဘာထုတ်မလို့လဲ မောင်အေးရ

ကိုကံသာ။ ။ အော.. ဘာမှ မဟုတ်ပါဘူး..၊ အရက် တစ်ပက်လေး ကျန်တော့လို့ ဆက်ချမလို့

“အေးဆက်ချဆက်ချ မင်းအရက်နှင့်ခါသောက် မြန်မြန်သေမှ ကောင်းတယ်..”ဟု သန်းရွေ စိတ်ထဲမှာ တွေးလိုက်သည်

ရှမ်းကလေး။ ။ တပက်ပဲ ရှိတော့တာလား..၊ ဒီမှာ ဆက်ချလို့ ရသေးတယ်လေကွာ.. မေကြိုင် ဟိုနိုင်ငံခြားက အထူးမှာထားတဲ့ အရက်ယူလာဦးလေ

မင်းသမီး ထဖို့ပြင်တုန်းပဲရှိသေးတယ်.. မောင်အေးက

ကိုကံသာ။ ။ နေ နေ နေပါစေ ကိုကြီးရ..၊ ညီအဲ့လောက်လဲ အရက်ကို မမက်ပါဘူးဗျာ..။

“အောင့်မား ငါမသိဘူးမှတ်နေလား..၊ ခင်းဗျားတို့ လင်မယား အရက်ထဲမှာ အဆိပ်ထည့်ပြီး ကျွန်တော့်ကို လာတိုက်မှာပေါ့..။ မောင်အေးတို့ အဲ့လောက်အနေရင် ခင်းဗျားတို့အိမ်တောင် မလားဘူးဟေ့ ပြောတော့ နိုင်ငံခြားကို မုန်းတယ်မုန်းတယ်တဲ့ အရက်မှာတော့ နိုင်ငံခြားကတဲ့..၊ ဒီမယ် သန်းရွေ ခင်ဗျားကို ပြောချင်လိုက်သာ သိလား..၊ မောင်းအေးတို့က ကိုယ့်ပြည်က ထုတ်တဲ့ အရက်သာသောက်တာ.. နိုင်ငံခြားအရက်ဆို လုံးဝမသာက်ဘူးလို့” ဟု ကိုကံသာက စိတ်ထဲမှာ ရေရွတ်လိုက်သည်။

“ဟင်းဟင်း မောင်အေး၊ မောင်အေး ရှင်ဘာစဉ်းစားနေတယ်ဆိုတာ ကျွန်မမသိဘူး ထင်နေလား” ဟု မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ချူပ်ထားသော ခေါင်းဆောင်ကြီးများ တစ်ဦးကို တစ်ဦး စိတ်ထဲမှ ရေရွတ်နေကြခြင်းကြောင့် ထင်တယ်.. မြန်မာနိုင်ငံ ပြည်သူလူထု အများစုကလည်း နအဖစစ်အာဏာရှင်များကို စိတ်ထဲကပဲ မကောင်းကြောင်း ရွေရွတ်နေကြရသည် မဟုတ်ပါလား။

ရှမ်းကလေး။ ။ ပြောလို့ ပြောသာ မဟုတ်ဘူး..၊ ဒါနဲ့ မင်းက အိမ်ကို ဘာလာလုပ်တာလဲ

ကိုကံသာ။ ။ အော.. ဘာအကြောင်း ရယ်လို့တော့ မဟုတ်ဘာဘူး ကိုကြီးကလည်း..၊ ကျွန်တော်တို့ ကိုကြီးတို့က အကြောင်းရှိမှ အိမ်လာရ မှာလား..

ရှမ်းကလေး။ ။ အေးအေး အလုပ်မရှိရင်လည်း ပြန်တော့ကွာ..။ ဒီမှာ ငါအလုပ်တွေ လုပ်ရဦးမှာကွ

“မောင်အေး မင်းမြန်မြန် ပြန်တော့ ခဏနေ ငါ့သမက် တေဇ လာတော့မှာကွ..၊ မင်းရှိရင် ငါ့သမက်နဲ့ ငါတို့ စီးပွားရေးအကြောင်း ဆွေးနွေးလို့ ရမှာမဟုတ်ဘူး ဟိုကောင် တေဇက မင်းလို မကြာခင် သေတော့မယ့် လူမျိုး ရှိရင် သိပ်မကြိုက်ဘူးကွ..၊ ဟိုကောင်က မိန်းကလေး ချောချောလေး ရှိမှ ကြိုက်တာ..၊ ငါ့သမီးတောင် သူ့ကို အဆစ်တစ်ယောက် ပေးထားလို့..၊ ဒါတောင်မှ မေကြိုင်ခေါ်ထားတဲ့ တောက အိမ်ဖော်တစ်ယောက်ကို အဆစ်တောင်းသေးတယ်..၊ ငါလဲပေးတော့ ပေးချင်ပါတယ်လေ..၊ ဒါပေမဲ့ မေကြိုင်က အဲ့ဒီအိမ်ဖော် ထားရတာ ယတျာရာ ချေတာတဲ့.. တောကကောင်မလေးတော့ မပေးနိုင်ဘူးဆိုလို့ ဒီကောင် အသာနေနေတာ..၊ သွားမင်းမြန်မြန် ပြန်တော့”ဟု သန်းရွေကပင် စိတ်ထဲက ရေရွတ်လိုက်သည်။

“အောင်းမယ် ခင်ဗျား အလကား ကျွန်တော့်ကို လာမရွိးနေနဲ့ သန်းရွေကြီး..၊ အလကား အလုပ်လုပ်တယ်တဲ့ ကိုယ့်စီးပွားရေး တခုထဲအတွက် စဉ်းစားတဲ့ လူကများ..၊ ခင်ဗျားတို့ လင်မယားနှစ်ယောက် ဘာတွေဆွေးနွေးလဲ၊ ဘာတွေ လုပ်လဲဆိုတာ ကျွန်တော် ပို့ပေးလိုက်တဲ့ တောသူမ စုံထောက်က ကျွန်တော့ကို အကုန်လုံး အစီရင်ခံတယ်။ ကျွန်တော်ပြန်လည်း ဘာမှ မဖြစ်ပါဘူးလေ..၊ ခင်ဗျားတို့ ဘာလုပ်မလဲဆိုတာ နောက်တော့ သိရမှာပဲ..၊ ခင်ဗျားတို့တတွေ အကြောင်းကို သိရတာလည်း ခင်ဗျားမိန်းမ အပြစ်ပဲလေ..၊ ယတျာရာ အရှုးရှုးတာကို..၊ ဟားဟားဟား” ဟု မောင်အေးကလည်း စိတ်ထဲမှ ရေရွတ်ပြီး ထပြန်ရန် ပြင်လိုက်သည်။

ကိုကံသာ။ ။ ဒါဆိုလဲ ကျွန်တော် ပြန်တော့်မယ် ကိုကြီး..၊ မကြိုင် ကျွန်တော်ပြန်တော့မယ်နော်..၊

ရှမ်းကလေး။ ။ အေး...၊ အေး မင်းလည်း အရက်ပဲ သိပ်သောက်နဲ့ဦး..၊ အလုပ်လဲ လုပ်ဦးကွ..၊ ဘုန်းကြီးတွေလည်း တော်တော် လှုပ်ရှားလာပြီကွ..၊ အဲ့ဒါလဲ ကြည့်ဦး..၊

ကိုကံသာ။ ။ ဟုတ်ကဲ့ ကိုကြီး..၊
မောင်အေး.. ပြန်တော့မယ် ဆဲဆဲ..၊ ကြိုင်ကြိုင်ထံကို မျက်ရိပ် တစ်ခုက ထားသွားသေးတယ်..၊ အဲ့ဒီမျက်ရိပ်ကို ဘယ်သူ့မှ မသိပေမဲ့ မောင်းအေးနဲ့ ကြိုင်ကြိုင်တို့ နှစ်ဦးကတော့ သိမယ်ထင်ပါတယ်။

ဒီတွင်ပဲ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်အပိုင်း (၁၀)ကို ရပ်နားလိုက်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျား။

ရှမ်းကလေး

“အဝေးဆုံးသို့ ထွက်မသွားနိုင်ပါ” (ဇာတ်သိမ်းပိုင်း)

ရက်တွေလတွေ ပြောင်းလဲသွားကုန်သည်..၊ အိမ်မက်ဖြစ်ချင်သော သတင်းထောက်ကြီးလဲ ဖြစ်ချေပြီ။ ယခုလက်ရှိ အိမ်မက် နေထိုင်သည့် နေရာမှာလည်း ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အများစု နေထိုင်ရာ မယ်ဆောက်မြို့ ကလေး မြို့တစ်မြို့၏ ရပ်ကွက် တစ်ခုတွင် ဖြစ်သည်။ ရက်တွေ လတွေ ပြောင်းလဲသွားသလို အိမ်မက်ရဲ့ ဘ၀ကိုလည်း လောကဓံကြီးက ဗြောင်းဆံအောင် ပြောင်းလဲပစ်လိုက်သည်။ လောကဓံကြီးရဲ့ နှိပ်စက်မှုကြောင့်လား၊ ဘ၀ပေးကံ မကောင်းခြင်းကြောင့်လားမသိ အိမ်မက်ဆိုသည့် ကောင်မလေးတစ်ယောက်၏ အချစ်ရဆုံး မွေးမိခင် မေမေလည်း ဘ၀တစ်ပါးသို့ ကူးသွားရှာလေသည်။

အိမ်မက်ရဲ့ မွေးမိခင် ဆုံးပါးသွားခြင်းသည့် အချိန်နှင့် တပြိုင်နက် အိမ်မက်မှာလည်း ဒုက္ခသည်တွင် ကျောင်းပညာ သင်ယူရာတွင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟုခေါ်သော ဒုက္ခသည်တွင် အမြင့်ဆုံး ကျောင်းကိုလည်း သူမ အောင်မြင်စွာ ပြီးဆုံးသွားခြင်းဖြစ်သည်။ တိုက်ဆိုင်မှု တစ်ခုလားတော့မသိ သူမ စာမေးပွဲ ဖြေသည့်နေ့တွင်ပင် မိခင်ဖြစ်သူ အသည်းအသန်ဖြစ်ကာ ဒုက္ခသည်ရှိ ဆေးခန်းကလေးတွင် ဆေးကုသမှု ခံယူလိုက်ရသည်။ ထိုနေ့သည် အိမ်မက်ရဲ့ အပျော်ဆုံးနေ့ဖြစ်သလို အိမ်မက်အတွက် အထီးကျန် ဖြစ်သွားအောင် ပြုလုပ်လိုက်သော နေ့တစ်နေ့လဲ ဖြစ်နိုင်ပေသည်။ အကြောင်းမူကား မိခင်ဖြစ်သူမှာ ထိုနေ့တွင်ပင် ဒုက္ခသည် ဆေးရုံကလေး၌ ဆုံးပါးသွားခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံး အိမ်မက်ရဲ့ မွေးမိခင် ပြောဆိုသွားတဲ့ စကားတစ်ခွန်းကို အိမ်မက် ဘယ်တော့မှ မမေ့နိုင်ပါ။ မိမိ မိခင်က အားအင်များ ကုန်ခမ်းနေသော်လည်း ထိုစကား တစ်ခွန်းကို အားယူကာ ပြောဖြစ်အောင် ပြောဆိုသွားခဲ့သည်။ ထိုစကားတစ်ခွန်းသည် အိမ်မက်အတွက် အဓိကရည်ရွယ်ချက် ဖြစ်သလို၊ မိခင်ရဲ့ အလိုဆန္ဒ တစ်ခုလည်း ဖြစ်သောကြောင့် အိမ်မက်အနေနှင့် ကြိုးစားလုပ်ကိုင်သင့်သည်ဟု မိမိကိုယ်ကို စိတ်ထဲတွင် မှတ်ယူထားသည်။ အိမ်မက်ရဲ့ ဘ၀ ပြောင်းလဲခြင်းမှာ မယုံကြည်နိုင်အောင် ပြောင်းလဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော အိမ်မက်ဆိုတဲ့ နာမည်လှလှလေး ပိုင်ဆိုင်ယုံတင် သာမက၊ ရုပ်ကလေးပါ လှတဲ့ အိမ်မက်ဆိုတဲ့ သတင်းထောက်မလေးကို ဒုက္ခသည် စခန်းတွင် ပညာအတူတူ သင်ယူခဲ့သော နော်ထူးဆိုတဲ့ ကောင်လေးတစ်ယောက်က ချစ်စကားဆိုပြီးလို့ အိမ်မက်တို့ နှစ်ယောက်သား ချစ်သူရည်းစား ဘ၀သို့ အလိုလို ရောက်ခဲ့လေပြီ။ သို့သော် အိမ်မက်တစ်ယောက် ချစ်ကံခေ ခဲ့ရှာပါတယ်။ အဘယ်ကြောင့်ဆိုသော် အိမ်မက်၏ ချစ်သူလဲဖြစ်၊ အိမ်မက်ကိုယ်တိုင်က အိမ်ထောင်ဖက်အဖြစ် တစ်ထစ်ချ သတ်မှတ်ထားသည့် မောင်နော်ထူးသည် သူ၏မိသားစုနှင့်တကွ တတိယ နိုင်ငံသို့ ထွက်ခွာရပါတော့မည်။ တစ်ကောင်ကြွက် တစ်မျက်နှာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမတွင် အားကိုးပိုင်ခွင့် မရှိအောင် လောကဓံကြီးက ပစ်ပစ်ခါခါ ရက်စက်သွားလေပြီ။ နိုင်ငံခြားသို့ ထွက်သွားသော ချစ်ရသူ မောင်နော်ထူးနောက်ကို အိမ်မက်တစ်ယောက် လိုက်သွားနိုင်ပါသော်လည်း…..!!!! သို့သော် အိမ်မက်ဟူသော နာမည်လှလှလေး ပိုင်ဆိုင်ထားသူ မိန်းမပျိုတစ်ယောက်တွင် ကြီးမားသော ရည်ရွယ်ချက် အိမ်မက်ကြီးကို အကောင်ထည်ဖော်ရန် သာမက ဘ၀တစ်ပါးသို့ မကူးပြောင်းခင် သူမ၏မိခင်က အားယူကာ ပြောဆိုထားတဲ့ စကားတစ်ခွန်းကလည်း သူမ၏ ဦးနှောက်အတွေးထဲတွင် မှတ်မှတ်ရရ ရှိနေပါသေးသည်။ အိမ်မက်ဟူသော် မိန်းမပျိုလေး ကြီးမားသော ရည်ရွယ်တစ်ရပ်ကား မိမိနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် မနေရစေကာမူ မိမိနိုင်ငံ၏ ဖြစ်ပျက်နေသော သတင်းအစုံအလင်ကို ယူနိုင်ရန်အလို့ငှာ မိမိတို့ တိုင်းပြည်နိုင်ငံနှင့် နယ်နမိတ်ခြင်း နီးစပ်သော ဤထိုင်းနိုင်ငံကြီးတွင် မနေထိုင်ပဲ အလွန်တရာမှ ဝေးလံလှသော် နေရာကြီးကို အိမ်မက်တစ်ယောက် မည်သို့မျှ မထွက်သွားနိုင်ပေ။ ထို့ကြောင့် အိမ်မက်သည် မိမိနေထိုင် အသက်ရှင်နေနိုင်သော ဤထိုင်းနိုင်ငံကြီးမှ အပ မည်သို့သော နိုင်ငံများကိုမှ ထွက်မသွားနိုင်ပါဟု မိမိကိုယ်မိမိ ဆုံးဖြတ်ထားပေသည်။ ဘ၀တစ်ပါးသို့ မကူးပြောင်းခင် မိခင်တစ်ယောက် အားတင်းကာ ပြောဆိုသွားသော် စကားတစ်ခွန်းမှာလည်း………….၊

ပြီးပါပြီ

ရှမ်းကလေး

Wednesday, April 30, 2008

အဝေးဆုံးကို ထွက်မသွားနိုင်ပါ (၂)

ကျောင်းစာသင်ခန်းသည် ဒုက္ခသည်ဟူသော မိမိသို့ မြန်မာနိုင်ငံမှ လာရောက်ကာ ၀င်ရောက်ခိုလှုံင အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးက ထောက်ပံ့သော ကျောင်းတစ်ကျောင်း ဖြစ်ပါင အုပ်အင်္ဂတေများဖြင့် တည်ဆောက်ထားနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲသားများတင် သာမက ငွေကြေးအနည်းအကျဉ်းမျှ ရှိသော ပြည်သူလူထုများ နေထိုင်သော ပြည်နယ်များရှိ အိမ်ခြေများကဲ့သို့ ထရံကာ ဓနိမိုး စသည်ဖြင့်သာ ကျောင်းဆောင်ကြီးအား တည်ဆောက်ထားသည်ကို သူမတွေ့ရှိ လိုက်ရသည်။ ကျောင်းသားများ ပညာသင်ယူရာ ကျောင်းဆောင်ကြီးမှာလည်း တစ်ဆောင်သာ ရှိပြီး ထိုကျောင်းဆောင်ကြီးကို အမှီပြုင ကျောင်းခန်းလေးများ ဖွဲ့စည်းထားသည်ကို သူမတွေ့ရှိရ ပြန်သည်။ ကျောင်းဆောင်ကြီး၏ ပတ်ဝန်းကျင် အနီးအနားတွင်လည်း ကျောင်းသို့၏ ၀ိနည်းနှင့်အညီ စိမ်းစိုလန်းဆန်းသော ပန်းပင်များ၊ အထူးသဖြင့် ရွက်လှပန်းပင်များ အရိပ်ကောင်းသော သစ်ပင်ကြီးများမှာ မြန်မာနိုင်ငံ တောရွာများတွင် တည်ဆောင်ထားသော ကျောင်းများသဖွယ် ယခုဒုက္ခသည် စခန်းရှိ ကျောင်းလေးမှာလည်း သာယာလှပ သေသပ်စွာ တည်ဆောက်ထားကြောင်း သူမတွေ့ရှိလိုက်ရသည်။ သူမနှင့် ခင်ဆီတို့ နှစ်ယောက် ကျောင်းပတ်ဝန်းကျင်ကို တချက်ပတ်ကြည့်လိုက်ပြီး သည်နှင့် ခင်ဆီက “ဟေ့ အိမ်မက် ကျောင်းခန်းထဲ ၀င်ကြရအောင်လေ ကျောင်းလဲတက်တော့မှာပဲ"

"အေးဟုတ်တယ် ကျောင်းခန်းထဲက သူငယ်ချင်းတွေနဲ့ သွားမိတ်ဆက်ရတာပေါ့"

သူငယ်ချင်းဆိုလို့ သူမတွင် များများစားစားမရှိ။ ယခုတွင်လည်း သူငယ်ချင်းဆိုလို့ ခင်ဆီတစ်ယောက်သာ သူ့မှာရှိသည်။ သူ့အတွက် သူငယ်ချင်း များများစား မရှိသည်မှာလည်း သိပ်ပြီးတော့ မထူးဆန်းပါ။ ပထမ တစ်ချက်က သူဒီကို ရောက်သည်မှာလည်း သိပ်ပြီးတော့ မကြာသေးဘူး..၊ နောက် ဒုတိယတစ်ချက်က သူအိမ်မှာပဲနေပြီး အပြင်ထွက်လေ့ သိပ်မရှိ။ နောက်တတိယ အချက်က သူနေထိုင်တဲ့ ရပ်ကွက်မှာလည်း သူ့အရွယ်လောက်ရှိ မိန်းကလေးများပင် သာမက ယောက်ကျားလေးများပါ မရှိခြင်းဖြစ်သည်။ ခင်ဆီတစ်ယောက်မှာပင် သူမတို့၏ အိမ်နှင့် နီးလို့သာပေါ့။ သို့မဟုတ်ရင် သူမမှာ မွေးမိခင်နှင့် အိမ်နီးချင်း ဦးလေး ဒေါ်ဒေါ်သာ ခင်တွယ်စရာ ရှိမည်ဖြစ်သည်။ ပြီးတော့ သူမကိုယ်တိုင်ကလည်း စကားပြောလေ့ သိပ်မရှိ။ သူမရဲ့ ဦးနှောက်က အတွေးနက်တွေထဲကို ရောက်သွားပြီ ဆိုလျှင် ဘာကိုမှ စိတ်မ၀င်စား တာကြောင့်လဲ ဖြစ်နိုင်သည်။ ခင်ဆီကတောင် သူနဲ့တွေ့လျှင် ခဏခဏ ပြောဆိုလေ့ရှိသော စကားစု တစ်ခုကို အမြဲပြောလေ့ ရှိသည်။ အဲ့ဒါကတော့
"အိမ်မက် နင်ကလည်း ငါနဲ့ တွေ့ရင် စကားဘယ်တော့မှ စမပြောဘူး..၊ နင့်ကိုသာ ယောက်ကျားတစ်ယောက်က ချစ်ခဲ့မယ် ဆိုရင်တောင်မှ နင့်ရည်စားက စကားပြောကျင့်မှ ရမယ်တဲ့၊ အဲ့ဒါမှာ နင်နဲ့ စကားပြောလို့ ရမှာ" တဲ့။

သူမနှင့် ခင်ဆီသို့ နှစ်ယောက် ကျောင်းစာသင်ခန်း ထဲသို့ ၀င်လာခဲ့သည်။ ကျောင်းခန်းတွင်းသို့ ၀င်လိုက်သည်နှင့် အဖြူရောင် ကျောင်းဝတ်စုံလေးများကို ၀တ်ဆင်ပြီး ယောက်ကျားလေးများက ပုဆိုးရောင် အစိမ်းလေးများကို ၀တ်ဆင်ကာ၊ မိန်းကလေးများမှာလည်း အစိမ်းရောင် ထမိန်များကို ၀တ်ဆင်ခဲ့ကြသည်မှာ မြန်မာနိုင်ငံ တွင်းက ကျောင်းလေးတွင်းရှိ ကျောင်းသားကျောင်းသား များနှင့် မထူးခြားပါ။ မည်သို့ပင်ဖြစ်စေ သူမနှင့် ကျောင်းတစ်ကျောင်းတင် သာမက ဒုက္ခသည် စခန်းထဲမှ လူအများစုမှာလည်း ဗာမာနိုင်ငံသားများဖြစ်၍ မြန်မာလူမျိုး တိုင်းရင်းသားများပင် ဖြစ်ကြသည် မဟုတ်ပါလား။ ကျောင်းကြီးရှိ စာသင်ခန်းကလေးထဲတွင် ကျောင်းသူကျောင်းသားများ အသုံးပြုရန်အတွက် တာဝန်ရှိသူ အသီးသီးက ဆောင်ရွက်ပေးထားခြင်းကြောင့် ခုံစောင်းကလေးများမှာ အစီအရီပင် ရှိနေပါတော့သည်။ ပြီးတော့ ကျောက်သင်ပုန်း အကြီးကလည်း ကျောင်းသူကျောင်းသားများ၏ အမြင်ရှင်းလင်းအောင် ချိတ်ဆွဲထားသည်မှာလည်း အရှင်းသားပင် မြင်နေရသည်။ ဆရာ၊ ဆရာမများ ထိုင်ဖို့ စားပွဲခုံနှင့် ထိုင်ခုံလေးမှာလည်း သေသပ်စွာ ချထားခြင်းကြောင့် သူမတို့၏ ဒုက္ခသည်ကျောင်းကလေးမှာ စာသင်ကျောင်း တစ်ကျောင်းတွင် ရှိသင့်သည့် အဂါင်္ရပ်နှင့် ပြည့်စုံနေပါတော့သည်။ ဒုက္ခသည်ကျောင်းကလေးသည် မြန်မာနိုင်ငံ မြို့ကြီးများရှိ အထက်တန်းကျောင်းများ အလား ပြီးပြည့်စုံနေသည်မှာ သူမအတွက်တင် သာမက ကျောင်းတစ်ကျောင်းလုံးရှိ ကျောင်းသူကျောင်းသား များအတွက်ပါ ၀မ်းမြောက်စရာပင် ဖြစ်ပါတော့သည်။

"ဆရာမလာပြီ..၊ မင်္ဂလာပါ ဆရာမ"
" မင်္ဂလာပါ သားတို့ သမီးတို့ရေ"
ဆရာမ ဟူ၍ သူမ ရုတ်တရက် ကြောင်သွားသည်။ အဘယ်ကြောင့်ဆိုသော သူမမြင်သော ဆရာမလေးမှာ အသက်အားဖြင့်ကြည့်လျှင် သူမထက် ၃ နှစ် ၄ နှစ် ခန့် ကြီးပေလိမ့်မည်။ ဆရာမလေးဟုပင် သူမမထင်ပါ။ သူမထင်ထားသည်မှာ သူနှင့်ရွယ်သူ ကျောင်းသူလေးဟုပင် ထင်မိပါသည်။ သူများတော့ မသိပါ။
စစတွေ့ခြင်းပင် သူမကိုယ်တိုင် ဆရာမလေးကို အထင်သေးမိသည်။

"ဆရာမက အရမ်းချော တာပဲနော်..၊ ပြီးတော့လည်း ငယ်ငယ်လေးနော်..၊ ချစ်စရာလေးဟယ်" ဟု ခင်ဆီက တိုးတိုးလေး ပြောလိုက်သည်။

"ကဲ သားတို့သမီးတို့ရေ ဆရာမက နာမည်က မေနော်ထူးလို့ ခေါ်ပါတယ်..၊ အသက်ကတော့ ၂၂ ပဲရှိပါသေးတယ်..၊ ဒီဒုက္ခသည် စခန်းကို ရောက်လာတာကတော့ သားတို့သမီးတို့ထက်တော့ ဦးရင်ရောက်လာတယ်လို့လည်း ပြောနိုင်တယ်ပေါ့ကွယ်..၊ သားတို့ သမီးတို့ရေ၊ ဆရာမက သားတို့သမီးတို့လို့ ခေါ်ရတာဟာ ဆရာမနဲ့ တပည့်တို့ရဲ့ တာဝန်ဝတ်တရား အရပါကွယ်..၊ တကယ်တော့ ဆရာမဟာ သားတို့သမီးတို့နဲ့ အသက်သိပ်တော့ မကွာပါဘူးကွယ်..၊ ဆရာမနဲ့ သားတို့သမီးတို့နဲ့ ဒီနေရာမျိုးမှာ တွေ့ဆုံရတာဟာ ရေစက်တခုလို့ ပြောလို့ရသလို..၊ ရှေးဘ၀က ကုသိုလ်ကံအကြောင်း မလှခဲ့လို့လဲ ဖြစ်နိုင်တာပေါ့ကွယ်..၊ တကယ်တော့ ဆရာမနဲ့ သားနဲ့သမီးတို့ဟာ ဘ၀တူတွေပါပဲကွယ်..၊ ဘ၀တူတွေဆိုတာ အချင်းချင်း ရိုင်းပင်းကူညီ ကြရတယ် သားတို့သမီးတို့ရဲ့..၊ သားတို့သမီးတို့ တတွေဟာလည်း ကိုယ့်ခံစားချက်နဲ့ကိုယ် ရှိကြတယ်ဆိုတာလည်း ဆရာမ သိပါတယ်..၊ ခံစားချက် မရှိပဲနဲ့တော့ လူမဖြစ်လာ တတ်ကြပါဘူးကွယ်..၊ ဆရာမ အထူးပြောချင်တာကတော့ ကိုယ့်ခံစားချက်ကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစား ကြပေါ့ကွယ်..၊ ပထမဦးဆုံးနေ့မှာ ဆရာမ ၀မ်းနည်းစရာကောင်းတဲ့ စကားတွေပြောသွားသလို့ ပျော်ရွင်စရာကောင်းတဲ့ သင်ခန်းစာတွေကိုလည်း သင်ပြသွားမှာပါကွယ်..၊ ကဲဆရာမလည်း ဒီလောက်နဲ့ပဲ ဆရာမနဲ့ သားတို့သမီးတို့ရဲ့ နှုတ်ဆက်ခြင်းကို ရပ်လိုက်ရအောင်ကွယ်..၊ ဆရာမဖက်ကတော့ ဆရာမကိုယ်ကို နှုတ်ဆက်ပြီးပြီ..၊ သားတို့သမီးတို့ရဲ့ နာမည်တွေကိုလည်း ပြောကြဦးလေကွယ်။ ကဲ ရှေ့ဆုံးက ခုံကနေ အရင်စပြောကြ"

ဆရာမ ဒေါ်မေနော်ထူးရဲ့ ရုပ်လေးကို ကြည့်ယုံနဲ့ ကရင်ရုပ်ပေါက်နေတယ်ဆိုတာ သူမအစောကြီးထဲက သိထားပါတယ်။ ဆရာမကိုယ်တိုင် နာမည်ကိုပြောပြ လိုက်တော့ ပိုပြီးတော့ သေချာသွားပါပြီ။ ဆရာမဟာ တိုင်းရင်းသား တစ်ယောက်ဖြစ်ပေမဲ့လည်း ဆရမရဲ့ အသံဟာ ပြတ်သားပြီး ရှင်းလင်းနေသည်ကိုကြည့်ပြီး သူမတော်တော်ပင် အံ့သြ မိသွားတယ်။ ပထမဦးဆုံး ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ ကျောင်းသားတစ်ယောက်က ဆရာမရှေ့မှာ ရိုသေစွာ လက်ပိုက်ပြီး

"သားနာမည်က နော်ထူးပါခင်ဗျား"
"သားနာမည်က မင်းနိုင်ပါခင်ဗျား"
"သားနာမည်က စောခရစ်ပါ ခင်ဗျား"
ယျောက်ကျားလေးများ ၁၀ ယောက်ခန့် ဆရာမကို မိတ်ဆက်ပြီးသောအခါ မိန်းကလေးများကလည်း

"သမီးနာမည်က ကပေါ်ဝါးပါရှင့်"
"သမီးနာမည်က ချိုချိုလွင်ပါရှင့်"
"သမီးနာမည်က ခင်ဆီပါရှင့်"
မိန်းကလေး ၈ ယောက်ခန့် မိတ်ဆက်ပြီးသောအခါ သူမ မိတ်ဆက်ရမည့် အလှည့်သို့ ရောက်လာလေသည်.

"သမီးနာမည်က အိမ်မက်ပါရှင့်"

တပည့်နှင့် ဆရာမတို့ မိတ်ဆက်ပြီးသောအခါတွင် ဆရာမက
"ကဲ သားတို့သမီးတို့ရေ ဆရာမကတော့ သားတို့သမီးတို့ကို သင်ဖို့ မြန်မာစာဘာသာရပ်ကို ယူထားတယ်..၊'

ဆရာမရဲ့ ပြောလိုက်တဲ့ စကားကြောင့် သူမမှာ အံ့သြရပြန်သည်...၊ အဘယ်ကြောင့်ဆိုသော် ဆရာမ ဒေါ်မေနော်ထူးမှာ တိုင်းရင်းသား လူမျိုးတစ်ဦးဖြစ်သည်..၊ တိုင်းရင်းသား တစ်ဦးက မြန်မာစာ သင်မည်ဆို၍ သူမ အံ့သြခြင်းဖြစ်သည်..၊ အသက်ကိုကြည့်ခြင်းအားဖြင့်လည်း မြန်မာစာကို ဆရာမ ဒေါ်မေနော်ထူး ကောင်းကောင်းသင်နိုင်ပါ့မလား ဆိုတာကို သူမကြိုတင် စိုးရိမ်မိသည်။

သို့သော် သူမထင်ထားသည်နှင့် ဆရာမဒေါ်မေနော်ထူးမှာ လုံးဝခြားနားနေသည်။ ဆရာမသင်ပြသည်ကို နှစ်ရက်ခန့် ခံယူပြီးသွားသော အခါ သူမ၏ စိတ်ထဲတွင် ဆရာမ ဒေါ်မေနော်ထူးကို အထင်သေးမှုများမှာ လုံးဝပျောက်သွားလေပြီ။ ဆရာမကို အထင်သေးခြင်းကိုလည်း သူမကိုယ် သူမရှက်မိသွားသည်။ စိတ်ထဲမှာလည်း မရှင်းမရှင်း ဖြစ်နေ၍ ဆရာမဆီကို အကျိုးအကြောင်း ရှင်းပြရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ရက်တွင် သူမ ခင်ဆီကို ခေါ်ပြီး ဆရာမအိမ်ကို သွားခဲ့သည်။ ဆရာမရဲ့ အိမ်နှင့် အိမ်မက်တို့ရဲ့ အိမ်မှာ နဲနဲတော့ လှမ်းသည်။ သူမတို့ ဆရာမ ဒေါ်မေနော်ထူး အိမ်ရောက်တော့ ဆရာမက စာဖတ်နေသည်။ သူမတို့ လာသည်ကို ဆရာမ မြင်တော့

"ဟဲ အိမ်မက် ညီမတို့ အမအိမ်ကို လာတာလား..၊ ကဲကဲ အိမ်ပေါ်တက်..၊ ဘာမေးမလို့လဲ တမင်တော့ လာလည်တာ မဟုတ်လောက်ပါဘူးနော်"
"ဟုတ်ကဲ့ ဆရာမ၊ ဆရာမကို မေးစရာရှိလို့ လာခဲ့တာ မဟုတ်ပါဘူး..၊ ၀န်ခံစရာရှိလို့ လာခဲ့တာပါ"
"အော အိမ်မက်ရယ် အမနဲ့ ညီမက အသက်မ သိပ်မကွာတာကွယ်၊ အပြင်မှာတော့ ဆရာမလို့ မခေါ်ပါနဲ့ကွယ်၊ ရပါတယ်၊ ကျောင်းမှာသာ ကျောင်းစည်းကမ်းအရ ပေါ့ကွယ်..၊ ကဲ ဘာဝန်ခံစရာများ ရှိလို့လဲ..၊ ပြောစမ်းပါဦး"

သူမ မအံ့သြပဲ မနေနိုင်တော့ပါ..၊ လူ့လောကကြီးတွင် အံဝင်ဂွံကျအောင် ပေါင်းသင်းဆက်ဆံနိုင်သူကို သူမ ပထမဦးဆုံး ကြုံတွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ လူရဲ့စိတ်ကို အမျိုးမျိုး ပြောင်းလဲ နေထိုင်နိုင်တဲ့ သူကိုလည်း အိမ်မက် ပထမဦးဆုံးအကြိမ် တွေးဖူးခဲ့ပြီ။ ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်နှင့် ဆရာမနှင့် တွေ့ပြီး အိမ်မက်ရက် ခံယူချက်တွေဟာ လုံးဝဥသုံ ပြောင်းလဲသွားလေပြီ။ အရင်းတုန်းက ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်မှာ လူ့ရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲ တတ်သောသူသည် ကောက်ကျစ်စဉ်းလဲသောသူ ဖြစ်သည်ဟုတ် မှတ်ယူထားမိသည်။ သို့သော် ယခုမူကား လုံးဝကို ပြောင်းလဲသွားလေပြီ။ ဆရာမ ဒေါ်မေနော်ထူးရဲ့ စိတ်ပြောင်းလဲခြင်းမှာ လူ့လောက သဘာဝနှင့် လိုက်လျော်ညီထွေစွာ နေထိုင်ခြင်း ဖြစ်သည်ဟု သူမရဲ့ ဦးနှောက်ရဲ့ အသိစိတ်ဓာတ်က အလိုလို ၀င်လာတော့သည်။ တကယ်တော ဆရာမဒေါ်မေနော်ထူးဟာ ကျောင်းစာတွေသင်သာမက သင်ယူချင်တိုင်း သင်ယူလို့ မရတဲ့ လူ့လောကကြီးရဲ့ အကြောင်းကိုပါ ပထမဦးဆုံး သင်ပေးလိုက်ပြီ ဟုလည်း သူမကိုယ်တိုင် ယုံကြည်လက်ခံထားသည်။ သူမရဲ့ စိတ်ထဲမ ကျိတ်ပြီး ဆရာမကိုလည်း ကျေးဇူးတင်မိသည်။

" အော ဟိုလေ ကျောင်းစဖွင့်တုန်းက ဆရာမ အတန်းထဲ ၀င်လာတဲ့ အခါတုန်းက သမီးက ဆရာမကို ကျောင်းသူလို့ထင်မိတာရယ်..၊ ဆရာမက အသက်ငယ်ငယ်လေးနဲ့ ဆရာမဖြစ်နေတာကြောင့် ဆရာမကို အထင်သေးမိတာရယ်..၊ ပြီးတော့ ဆရာမလို တိုင်းရင်းသူလေး တစ်ယောက်က မြန်မာစာကို သင်မယ်ဆိုတော့ ပိုပြီးတော့ အထင်သေးမိတာရယ် အဲ့ဒါတွေကို လာတောင်းပန်တာပါ..၊ ဆရာမ"

ဆရာမ ဒေါ်မေနော်ထူးက သူ့ကို အမလို့ ခေါ်ပါလို့ ပြောလိုက်ပေမဲ့ အိမ်မက်တစ်ယောက်ကတော့ ဆရာမ ဒေါ်မေနော်ထူးကို အမဟု သူ့ပါးစပ်မှ ခေါ်ထွက်ရန် ၀န်လေးနေမိသည်။

"အော.. အိမ်မက်ကလည်းလေ ဆရာမအရွယ်နဲ့ ကျောင်းဆရာမ ဖြစ်တဲ့ သူတစ်ယောက်အနေနဲ့ အိမ်မက်တို့လို့ အသက်မတိမ်းမယိမ်း လူတွေက တွေ့မယ်ဆိုရင် အဲ့လိုထင်မြင်တတ်ပါတယ်..၊ ဘာမှမဖြစ်ပါဘူးကွယ်..၊ အိမ်မက်တင် မဟုတ်ပါဘူး..၊ ကျန်တဲ့ မောင်လေး၊ ညီမလေးတွေလည်း အိမ်မက်လို ထင်ကြမှာပါ..၊ အမက ဗွေမယူပါဘူးကွယ်..၊ ဒီလိုကိစ္စမျိုးတွေက ဖြစ်တတ်ပါတယ်။"

"ခင်ဆီကတော့ အဲ့လိုမထင်ပါဘူး ဆရာမရယ်"

"အော..၊ ဒီကလေးနှစ်ယောက်နယ် ဆရာမ ဆရာမ နဲ့ ပါးစပ်ကကို မချနိုင်ဘူး..၊ ဆရာမတောင် တော်တော်အိုနေပြီလား မသိဘူး..၊ ပြောပါဦး ခင်ဆီက ဘယ်လိုထင်တာလဲ"
"ခင်ဆီက ဆရာမ ၀င်လာကတည်းက နတ်သမီး ကျလာသလားလို့တောင် ထင်မိတာ"
"ခင်ဆီကတော့လေ ရှောက်ပြောတော့မယ်..၊ ဆရာမကို တွေ့တုန်းမြောက်နေပြန်ပြီ..၊ ဆရာမ မုန့်ကျွေးမှာပါကွယ်"
"တကယ်ပြောတာ ဆရာမရဲ့ ဆရာမက အရမ်းလှတာပဲ.."
"အေးပါ ထားပါတော့ ကဲ ညီမတို့ ဒီမှာခဏစောင့်နော် အမ စားစရာ တစ်ခုခု လုပ်လာခဲ့ဦးမယ်"
"ဟာ... ရပါတယ် ဆရာမ..၊ အိမ်မက်တို့ အခုပဲ ပြန်တော့မလို့"
"အေး အေး နောက်လဲ အားရင်လာလည်ဦးပေါ့..၊ စာ မရှင်းတာရှိရင်လဲ လာမေးလို့ရတယ်နော်"
"ဟုတ်ကဲ့ပါ ဆရာမ" ဟုပြောဆိုက အိမ်မက်နှင့် ခင်ဆီတို့နှစ်ယောက်သား ဆရာမ ဒေါ်မေနော်ထူး အိမ်မှ ထွက်လာခဲ့ကြလေသည်။ ဆရာမ အိမ်မှ ထွက်ထွက်ခြင်း အိမ်မက်ရဲ့ ဦးနှောက်အိမ်လေးထဲတို့ သတိတစ်ချက်က အိမ်မက်မတောင်းဆိုပဲနဲ့ အလိုလိုဝင်ရောက်လာသည်။ ထိုသတိတစ်ချက်ကား မိမိထက် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ ရွယ်သူဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမှ အထင်မသေးရဟူသော သတိတစ်ချက်ပင် ဖြစ်ပါတော့သည်။
*************************************************************