Tuesday, December 4, 2007

“အချစ်ရဲ့ကျေးကျွန်”

အပိုင်း(၁)

သူ့ရဲ့အကျင့်တစ်ခုက မနက်ထလိုက်လို့လေ့ကျင့်ခန်းမလုပ်လိုက်ရရင် စိတ်ထဲမှာတစ်မျိုးကြီးပဲ။ သူဆိုတဲ့ လူကတော့ စိုင်းလင်းနောင်။ အများကတော့သူ့ကို လင်းလင်းလို့ခေါ်ဝေါ်ကြတယ်။ အများအားဖြင့်သူ့ရဲ့ သူငယ်ချင်း တွေပေါ့။သူ့မျိုးရိုးကရှမ်း။ သူနေထိုင်တဲ့မြို့လေးက ကယားပြည်နယ်၊ လွိုင်ကော်မြို့။ သူကမနက်တိုင်း ထပြေးလေ့ရှိ တယ်။ ဒါကသူ့ရဲ့တစ်နေ့တာထဲမှာ မဖြစ်မနေလုပ်တဲ့အကျင့်တစ်ခု။ ဒါကိုဘယ်သူမှ ဖျောက်ဖျက်လို့မရဘူး။သူ့ရဲ့အမေကတစ်ခါပြောဖူးတယ်။ “ငါ့သားရယ်မင်းမနက်တိုင်းထပြေးတာကိုယ်လုံးလည်းမကြီးလာဘူး။ခဏနေခွေးတွေလိုက်ဆွဲနေဦးမယ်၊”လို့ ပြောတယ်။

ဒါကိုသူကဘယ်လိုပြန်ဆင်ခြေပေးလည်းဆိုတော့ “အမေရယ် ကိုယ်လုံးကြီးတာမကြီးတာအဓိကမဟုတ်ဘူး၊ အရေးကြီးတာက ကျန်းမာဖို့၊ ဒါမှ ကျွန်တော်အသက်ရလာရင် သူများလိုနာမကျန်းဖြစ်တာတို့မဖြစ်တော့ဘူး”တဲ့ သူကအဲ့လို။ သူ့ကြိုက်တာကိုသူလုပ်ရမှ။ သူကြိုက်တာကိုသွားပြီးတော့ မင်းဒါမလုပ်နဲ့။ မင်းဟိုဟာမလုပ်နဲ့လို့ သွားမပြောနဲ့။ မနားထောင်ချင်တဲ့ဆင်ခြေတွေ။ မသက်ဆိုင်တဲ့ဆင်ခြေတွေ တစီတတန်းကြီးပေးလာလိုက်မယ်။

အခုသူကျောင်းစတက်ရတော့မယ်။ (၁၀)တန်းကျောင်းသားဘ၀ရောက်ပြီ။ သူ(၉)တန်းတက်တုန်းကတော့ (A)ခန်း မှာနေရတယ်။ ဒါပေမဲ့ (၁၀)တန်းကျောင်းသားဘ၀ရောက်လာတော့ (c)ခန်းကိုတန်းလျှောသွားပါရော။ အကြောင်းရင်းကလည်းရှင်းနေတယ်။ သူက ဘုကျကျလူမျိုး။ စိတ်ထဲမှာရှိရင်ရှိတဲ့အတိုင်းပဲပြောတယ်။ ဆရာ၊ ဆရာမတွေဆိုရင် သူ့ကိုသိပ်ကြည့်လို့မရဘူး။ ဆရာမတစ်ယောက်က သူ့ကိုပြောဖူးတယ်။ “မင်းယဉ်ကျေးတော့ ယဉ်ကျေးပါတယ်၊ဒါပေမဲ့မင်းကတစ်ခါတစ်လေမှာအမှန်တရားကိုအမှန်အတိုင်း ပြောတတ်တဲ့ အကျင့်တစ်ခုပဲဆိုး တာ၊ လူဆိုတာအမှန်ပြောသင့်တဲ့နေရာမှာမှပြောသင့်တယ်”လို့သူ့ကိုသတိပေးဖူးတယ်။

ဒါပေမဲ့သူကဘယ်လိုဆင်ခြေပြန်ပေးလည်းဆိုတော့ “ဆရာမဘုရားဟောထားတာတွေကျွန်တော့် ထက်ကြားသိ ဖူးမှာပါ၊ဘုရားစာထဲမှာတောင်ရှိတယ်၊မုဒါဝါဒါတဲ့သူတစ်ပါးကိုလိမ်ညာပြီးမပြောဆိုရတဲ့။ ကျွန်တော်ရဲ့ခံယူချက် ကလည်း အဲ့ဒီအတိုင်းပဲခင်ဗျ။ လူတစ်ယောက်ဆိုတာမှန်ရင်မှန်တဲ့အတိုင်းပဲပြောရမယ်၊ မှားတယ်ဆိုရင်လည်း ကိုယ်ကိုတိုင်ဝန်ခံရဲမယ်”တဲ့။ ဆရာမလည်းသူ့ကိုဘာမှမပြောတော့ဘဲပြန်လှည့်သွားတယ်။ ဒါကသူကိုးတန်း ကျောင်းသားဘ၀တုန်းကအဖြစ်အပျက်တစ်ခု။ဒါပေမဲ့သူ(၁၀)တန်းရောက်လာတော့ သူ့ကို သူ့အမေနဲ့သူ့အဖေက ဘော်သာဆောင်မှာသွားထားမယ်တဲ့။သူကပြောတယ်“အမေရယ်ဘာလို့ဘော်သာဆောင်မှာသွားထားမ လည်းဗျာ သားကနွားမှမဟုတ်တာ။ သူများထိန်းကျောင်းမှသား (၁၀)တန်းအောင်မလား၊ ဘော်ဒါဆောင်မှာ မနေချင် ပါဘူးဗျာ။ လူကလည်းများ ပြီးတော့ဟိုဟာမလုပ်နဲ့ ဒါမလုပ်နဲ့ စည်းကမ်းတွေကလည်းတစ်ပုံကြီးလာဦးမယ်။ ကျွန်တော်တော့မနေချင်ပါဘူးဗျာ” လို့သူစောဒက တက်ဖူးသေး တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူ့အမေက သူ့ကိုအလိုမလိုက်တော့ဘူး။

“မင်းကိုဒီတစ်ခါတော့ငါအလိုမလိုက်တော့ဘူး။ ဆယ်တန်းစာမေးပွဲဆိုတာဘာထင်နေလည်း။ တော်တဲ့တတ်တဲ့ လူတွေနဲ့၊ တော်တဲ့တတ်တဲ့ဆရာ၊ဆရာမတွေနဲ့ နေမှ ဆယ်တန်းကိုကျော်ဖြတ်နိုင်မှာ။ မင်းအဆောင်မှာ သွားနေရမယ်။ ဒါပဲ။”လို့ခတ်ပြတ်ပြတ်ပဲသူ့ကိုပြောလိုက်တယ်။ သူလည်းငယ်ငယ်ကတည်းက သူ့အမေ ရဲ့စကားကိုနားထောင်လာတဲ့သားဆိုတော့မငြင်းတော့ဘူး။ဒီအချိန်မှာသူဟုတ်ကဲ့ကလွဲပြီးဘာမှဖြေမနေတော့ဘူး။ ပြီးတော့တစ်ဆက်ထဲပဲသူ့အမေက “မင်းမနက်ဖြန်ဘောဒါဆောင်မှာသွားနေရမယ်၊ ဒီနေ့ယူစရာရှိတာတွေယူ ထား” လို့သူ့အမေက ပြောလိုက်တယ်။ “ဟုတ်ကဲ့အမေ” လို့ဆိုပြီးသူသူ့အခန်းထဲကိုဝင်သွားလိုက်တယ်။ ပြီးတော့သူ့ကတင်ပေါ်မှာ သူတစ်ချက်မှေးကနဲအိပ်ပျော်သွားတယ်။

ရှမ်းကလေး

ဒုတိရပိုင်းကိုဆက်လက်စောင့်စားပါရန်