Friday, January 25, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၂)

အချိန် - ၇း ၃၀ မိနစ်တိတိ

နေရာ - စစ်တပ်နှင့်လွတ်ရာကျွတ်ရာ

လိုက်ကာကို စက်ခလုပ်နှင့် ဖြည်းဖြည်းခြင်းဖွင့်ချကာ အဲဟုတ်ပါဝူး... မှားသွားလို့၊ လိုက်ကာဖွင့်ဖို့ငှားထားတဲ့ လူနှစ်ယောက်က ဖြည်းဖြည်းခြင်း ဖွင့်ချလိုက်တဲ့အခါမှာပဲ ကျွန်တော်မောင်ရှမ်းကလေးနှင့် ဗမာအမျိုးသား ကိုကံသာရယ် ချင်းတိုင်းရင်းသား ကိုချင်းရယ် ဇာတ်စင်ရှေ့သို့ ထွက်ရှိလာကာ...

ကိုကံသာ ။ဒီနှစ်သစ်ခါလေးမှာ

ဇန်န၀ါရီလ အကျူး

ဖေဖော်ဝါရီလအကူးမှာတော့

လကြီးကထိန်ထိန်သာလို့

သနပ်ခါးတွေကိုယ်စီလိမ်းကာ

တို့တောသူများလှလိုက်တာ

ဖိုးလမင်းထဲက အဖွားအိုလိုပါပဲလား..

ကိုချင်း ။ လမင်းကြီးကို

ကောင်းကင်ကြီးက ရစ်ပတ်ထားတယ်

မီးပုံတစ်ပုံကို လူတွေက၀ိုင်းဖွဲ့ကာ ပျော်မြူးကြတယ်

သမင်တစ်ကောင်ကို စပါးကျီးမြွေက ရစ်ပတ်ထားတယ်

သဘာဝဟာ သဘာဝအလျှောက်သာဖြစ်ပျက်နေပေမဲ့လည်း

ကျွန်တော်တို့ပြည်သူတွေကိုတော့ သူတို့တတွေ

သတင်းအမှောင်ချထားတာ သဘာဝမကျလိုက်တာဗျာ...

ရှမ်းကလေး ။ ကိုတို့ရေ...ဒုတိယအကြိမ်အဖြစ် တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်လေးကို ထပ်ပြီးဖော်ထုပ်လိုက် ရတဲ့အတွက် ၀မ်းသာလို့မဆုံး ပိတိတွေဖြာမိတာအမှန်ပဲမဟုတ်ပေဘူးလားခင်ဗျား..

ကိုကံသာ ။ မှန်တာပေါ့ ညီလေးရေ

ကိုချင်း ။ တကယ်တော့လူရယ်လို့ဖြစ်လာရင်.. ကိုယ်လုပ်ချင်တာလုပ်လို့ရသည်ရှိခဲ့ရင်တော့ ဘယ်သူမဆို ပျော်ရွင်မှာပါ မောင်ရှမ်းရေ....

ရှမ်းကလေး ။ ဟုတ်တာပေါ့ ကိုချင်းရေ

ကိုကံသာ ။ ဟေ့ကောင်တွေ..ဟေ့ကောင်တွေ အဲ့ဒါတော့ငါမယုံဘူးကွ..

ကိုချင်း ။ သဘာဝဆိုတာ.. ဒါပဲဗျ.. ဆန့်ကျင်ဘက်ဆိုတာအမြဲပါနေမှ

ရှမ်ကလေး ။ အကိုကဘာလို့ မယုံတာလဲ ကိုကံသာရေ

ကိုကံသာ ။ မင်းပဲစဉ်းစားကြည့်ကွာ ငါတို့မြန်မာပြည်က ဗိုလ်ချူပ်တွေ သူတို့လုပ်ချင်တာလုပ်လို့ရတာပဲ..

ကိုချင်း ။ အေးလေ..သူတို့လည်းပျော်နေတာပဲကို..

ကိုကံသာ ။ ငါတော့မယုံပါဘူးကွာ...

ရှမ်းကလေး ။ အကြောင်းရင်းလေးရှင်းပြပါဦးခင်ဗျား...

ကိုကံသာ ။ ဒီလိုကွာ.. မင်းတို့ပဲကြည့် ငါတို့ဗိုလ်ချူပ်ကြီးတွေကွာ သူတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာ ပြောတာ.. တစ်ခါမှ ပြုံးတယ်လို့ကိုမရှိဘူး...

ရှမ်းကလေး ။ ကျွန်တော်တို့ဗိုလ်ချူပ်တွေက ခင်ဗျားကို လာပြီးပြုံးပြနေရဦးမလားဗျ...

ကိုကံသာ ။ မင်းတို့တွေဗိုလ်ချူပ်သန်းရွေပုံကို သေချာကြည့်ကြည့် မျက်နှာက ကျက်သရေကိုမရှိဘူး.. တွန့်လိမ်ခေါက်ပျော့နေလိုက်တာ... ဒါတောင်အဆင့်မြင့်ဗိုလ်ချူပ်တဲ့..

ကိုချင်း ။ အော်..အဲ့ဒါက ဒီလိုရှိတယ်ဗျ.. ကျွန်တော်တို့ဗိုလ်ချူပ်မှူးကြီးက ပြည်သူလူထုတွေနဲ့ တန်းတူနေတဲ့သဘောပြတာ.. တန်းတူလေတန်းတူ

ရှမ်းကလေး ။ အဲ့လိုမဟုတ်ပါဘူးဗျာ... ကျွန်တော်တို့ဗိုလ်ချူပ်မှူးကြီးကို ဒေါ်ကြိုင်ကြိုင်က မပေးလိမ်းတာဖြစ်လိမ့်မယ်ဗျ..

ကိုကံသာ ။ ရှမ်းကလေး. မင်းပြောမှပိုရှုပ်လာပြီ.. မင်းပြောတာကိုပြန်ရှင်း...

ရှမ်းကလေး ။ အော..ဒါလား.. လွယ်လွယ်လေးပါဗျာ.. ဗိုလ်ချူပ်သန်းရွေက မျက်နှာကြီးကိုအလှပြင်နေရင် ကျန်တဲ့ဗိုလ်ချူပ် တွေက သူ့ကိုမကြောက်မှာစိုးလို့တဲ့ဗျ... အဲ့ဒီလိုပဲ ကျန်တဲ့ဗိုလ်ချူပ်တွေရဲ့မျက်နှာတွေကို ခင်ဗျားသေချာကြည့် သူတို့ကိုအမှောင်မှာ မြင်ရင် မလေးရှားစုန်းတောင်မှအရှုံးပေးရတယ်ဆိုပဲ..

ကိုကံသာ ။ အော... အဲ့ဒါကြောင့်ကို ဒါကြောင့်ဗိုလ်ချူပ်ကြီးက ညမှလှတာကိုးဗျ

ကိုချင်း ။ ဘယ်လိုတုန်းဗျ

ကိုကံသာ ။ အော..ညညဆို မိတ်ကပ်လိမ်းအိပ်လို့လေ...

ကိုချင်း ။ ခင်ဗျားတို့ရှောက်မပြောနဲ့.. ကျွန်တော်တို့ဗိုလ်ချူပ်တွေ ဘယ်လောက်ပြည်သူတွေကိုချစ်သလဲဆိုတာကို ကျွန်တော်ပြောပြမယ်...

ရှမ်းကလေး ။ လုပ်စမ်းပါဦး...

ကိုချင်း ။ ဒီလိုဗျ.. စက်တင်ဘာရွေဝါရောင်အရေးခင်းလည်းပြီးရော.. ကျွန်တော်တို့ဗိုလ်ချူပ်တွေက ကြွေးကြော်ထားတာ

ကိုကံသာ ။ ဘယ်လိုကြွေးကြော်ထားတုန်း သိချင်လိုက်တာ..

ကိုချင်း ။ ဗိုလ်ချူပ်တွေက အပြစ်မဲ့တဲ့ပြည်သူတွေကို မသတ်တော့ဘူးတဲ့...

ရှမ်းကလေး။ ။ ဟားပျော်လိုက်တာ တခြားနိုင်ငံက ကျွန်တော်အမျိုးတွေကို ပြန်ခေါ်လိုက်တော့မယ်ဗျာ..

ကိုချင်း ။ မောင်ရှမ်းစကားကို ဆုံးအောင်နားထောင်အုံး... ငါတို့ဗိုလ်ချူပ်တွေက အပြစ်မဲ့တဲ့ပြည်သူတွေကို မသတ်တော့ဘူးတဲ့.. အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ ဆက်သတ်တော့မယ်တဲ့..

ကိုကံသာက လင်ဗန်းကြီးနှင့် ကိုချင်းခေါင်းကို ရိုက်ချ.

ကိုကံသာ။ ။ ထွီး.. ငါကအကောင်းမှတ်လို့

ရှမ်းကလေး ။ ဟုတ်ပါ့ဗျာ.. ရှောက်ပြောနေ...

ရှမ်းကလေး ။ ကဲဗျာ... ပရိတ်သတ်ကို ဖျော်ဖြေပေးဖို့ မင်းသမီးမရှိတော့လည်း တီးလုံးလေးနဲ့ပဲ ပရိတ်သတ်တွေကို ချိုသာတဲ့သံစဉ်တွေနဲ့ ဖျော်ဖြေလိုက်ပါရစေလား အကိုတို့ရေ..

ကိုကံသာ ။ ကောင်းပ့ါဗျာ...

တိုင်းရင်းသားတို့ရဲ့ အငြိမ့်တီးဝိုင်းမှ တီးဝိုင်းတီးသော ဆရာသမားများက ပျော်ရွင်ဖွယ်သံစဉ်ကလေးများကို ဖျော်ဖြေပြီးနောက် ရှမ်းကလေး၊ ကိုကံသာနှင့် ကိုချင်းတို့ ဇာတ်စင်ပေါ်တို့တဖန်ပြန်တက်လာကာ..

ကိုချင်း ။ ရှမ်းကလေး မင်းနဲ့ငါနဲ့ပြိုင်မယ်ကွာ...

ရှမ်းကလေး ။ ဘာပြိုင်မလဲကိုချင်းရ..

ကိုကံသာ ။ ငါကဒိုင်လူကြီး...

ကိုချင်း ။ မင်းနဲ့ငါနဲ့က စပြီးတယောက်ခလှည့်စီ ဥပမာကွာ က ကလေးငယ်ချစ်စာဖွယ်ပေါ့..

ရှမ်းကလေး ။ အော..အဲ့လိုလား... ရတယ်လေစိန်လိုက်

ကိုချင်း ။ ငါစပြီနော်... က....ကလေးရယ်ငယ်သေးတယ် မိန်းမမယူနဲ့ကွာ

ကိုကံသာ ။ ဟားဟား.. ရှမ်းကလေးမင်းငယ်သေးတယ်တဲ့...

ရှမ်းကလေး ။ ရပါတယ်ဗျာ.. ခ...ချစ်စရာလေး ခင်ဗျားညီမကိုစာလိုက်ပေး...

ကိုကံသာ ။ ဟားဟား... ကိုချင်းခင်ဗျားညီမ စာပေးခံရပြီ..

ကိုချင်း ။ ဂ..ဂဏန်းတွေ မင်းကိုကိုက်တယ်လေ..

ကိုကံသာ ။ ရှမ်းကလေး.. မင်းစာလိုက်ပေးလို့ ဂဏန်းနဲ့ကိုက်ခိုင်းပြီ..

ရှမ်းကလေး ။ ဃ. ဃဃဏဏ ကျွန်တော်က ပြင်ဆင်ကာ ပြန်ကာချ..

ကိုချင်း ။ င..ငါးချိတ်တွေ မင်းကိုချိတ်မယ်လေ..

ရှမ်းကလေး ။ စ..စပ်စုစိမ် သူ့ညီမက သန္တစိန်

ကိုကံသာ ။ ဟားဟားဟား... စပ်စုလွန်းလို့ ကိုချင်းညီမ သန္တစိန်တောင်ဖြစ်သွားပြီ

ကိုချင်း ။ ဆ..ဆုတွေလေ ဖိုးလပြည့်ကို အကုန်ဝေ..

ရှမ်းကလေး ။ ဘာလဲဟာ.. ဖိုးလပြည့်ဆိုတာ ဘယ်သူလဲ.

ကိုကံသာ ။ ရှမ်းကလေးဒါတောင်မသိဘူးလားကွ.. ဖိုးလပြည့်ဆိုတာ ဟိုမျောက်လောင်းလေကွာ

ရှမ်းကလေး ။ ဘယ်မျောက်လောင်းလဲ အကိုရ

ကိုကံသာ ။ ဘယ်မျောက်လောင်းဖြစ်ရမလဲ ငါတို့ဗိုလ်ချူပ်မှူးကြီး သန်းရွေရဲ့မြေးလေကွာ

ရှမ်းကလေး ။ အော.. အဲ့လိုလား..

ကိုချင်း ။ အဲ့လိုလေးပေါ့.. ဘာလဲမင်းကငါ့ကို မနိုင်တော့ဘူးလား

ရှမ်းကလေး ။ လာမယ်လေ... ဇ..ဇွဲသတ္တိ ငါတို့ဗိုလ်ချူပ်မှာ တပြားမှမရှိ

ကိုချင်း ။ အားလား... ငါလဲလာပြီကွ. ဈ..ဈေးသည်တွေ အခွန်ငွေတွေနဲ့ သေပြီလေ..

ရှမ်းကလေး ။ ည...ညနက်ဖက် အပြင်ထွက်ဖို့ မစဉ်းစားနဲ့..

ကိုကံသာ ။ ရပ်.. ဒီဟာငါမကြိုက်ဘူး.. မင်းဟာမရှင်းဘူး ရှင်းအောင်ရှင်း

ရှမ်းကလေး ။ အရေးထဲ ဒိုင်လူကြီးကလည်း ဒီလိုဗျ.. ညနက်ထွက်ရင် ရောပါမှာစိုးလို့ဗျ သတိပေးတာ.

ကိုကံသာ ။ ညနက်ထွက်တော့ဘာဖြစ်လဲ.. မင်းအမပါသွားလို့လား သူတို့ကိုယ့်သူတို့ထွက်တာ မင်းကသွားပြောနေသေးတယ်.

ရှမ်းကလေး ။ မဟုတ်ဘူး ဒီလိုရှိတယ်အကိုရ ညညဆိုဘုန်းကြီးကျောင်းတောင်တွေတောင် တံခါးလုံအောင်ပိတ်ထားရဲ့နဲ့ ၀င်ဝင်လာတာ..

ကိုချင်း ။ ဘယ်သူတွေတုန်း..

ရှမ်းကလေး ။ ဘာလဲကြံ့ဖွံ့တို့.. ငှက်ဖွံ့တို့. စည်ပင်တို့. မီးသတ်တို့ သွေးစွန်းရှင်တို့လေ

ကိုကံသာ ။ မင်းကလည်း ရှောက်ပြောတော့မယ် စွမ်းအားရှင်ပါကွ

ရှမ်းကလေး ။ မသိဘူးလေ စက်တင်ဘာတုန်းက ကျွန်တော်တွေ့တာ သူတို့လက်ထဲက ကိုင်ထားတဲ့တုတ်တွေမှာ သွေးတွေပဲမြင်နေရတာကိုး အခုထက်ထိကိုရှိသေးတယ်

ကိုချင်း ။ ရှူးတိုးတိုး... အဲ့လိုမပြောနဲ့ ခဏနေ ငါတို့သုံးယောက် ဒီစင်ပေါ်က အကောင်းမဆင်းရပဲ ကားပြာလေးတွေနဲ့ လာခေါ်သွားဦးမယ်..

ရှမ်းကလေး ။ ဒါလဲကောင်းတာပဲ.. အိမ်ကိုလမ်းလျှောက်မပြန်ရတော့ဘူးပေါ့ဗျာ

ကိုချင်း ။ မင်းအိမ်တော့မရောက်ဘူး အစာရေစာမ၀တဲ့ နေရာကိုတစ်ခါထဲ ရောက်သွားမယ်

ကိုချင်းရဲ့ အပြောစကားကြောင့် ကျွန်တော်တို့လည်း ဆက်မကတော့ပဲ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း-၂ကို သည်မှာတင်ပဲ ရပ်နားလိုက် ပါတော့တယ်ခင်ဗျား..

ရှမ်းကလေး