Monday, July 20, 2009

အထီးကျန်သော နှလုံးသား (မထမပိုင်း)

တကယ်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ သူသဘောထားတယ်။ ဒါကြောင့်လည်း မကိုသူသိပ်ချစ်တယ်။ မရဲ့ လိုအင်ဆန္ဒကို သူအမြဲတမ်း လိုက်ဖြည့်ပေးချင်တယ်။ မကို ရွေဘုံ၊ ငွေဘုံပေါ်မှာ တင်ထားချင်တယ်။ ဖြစ်နိုင်ရင် မကို ဘာမှမလုပ်တတ်တဲ့ ကလေးတစ်ယောက်လို နေခိုင်းစေချင်တယ်။ ဒါကသူ့ရဲ့ဆန္ဒ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကတော့ သူမသိဘူး။ ဒါပေမဲ့ ဖြစ်လာအောင်တော့ သူကြိုးစားမယ်။ ရိုးသားတဲ့ နည်းနဲ့ပေါ့။ မကိုလည်း သူတိုင်ပင်ပြီးသား။

“မ အစိုင်းမကို ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ တနေ့ မကို အစိုင်း လက်ထပ်မယ်နော်”
“အေးပါ အစိုင်းရာ”
“မ အစိုင်းကို မထားခဲ့ရဘူးနော်”
“အစိုင်းနော် မကို အဲ့လိုလာမရစ်နဲ့ကွာ၊ နောက်ကျရင် မအစိုင်းဆီမလာတော့ ဘူးနော်”
“မကလည်းဗျာ မကို ချစ်လို့ အစိုင်းပြောမိတာပါ၊ မ စိတ်မတိုနဲ့နော် အစိုင်းတောင်းပန်ပါတယ်”
“ဟာအစိုင်းကလည်းကွာ အဲ့လိုမဟုတ်ပါဘူး မစတာပါ”

မကသူနေတဲ့ရပ်ကွက်နဲ့ နည်းနည်းဝေးတယ်။ နေတာကတော့ တစ်မြို့တည်း။ မလည်းအလုပ်လုပ် နေတယ်။ သူတို့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်က ရွာကလေး တစ်ရွာမှာ အလုပ်လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ခြင်းကတော့ သူတို့နှစ်ယောက် မတူဘူး။ တခြားစီ။ မက မိန်းမသားဆိုတော့ သူဌေးအိမ်တွေမှာ အိမ်ဖော်လုပ်ငန်း လိုက်လုပ်တယ်။ သူကတော့ ထုံးစံအတိုင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့ လုပ်နေကြ ပန်းရံအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရတယ်။ လုပ်မှလည်း သူတစ်နေ့သာ ထမင်းစားရမှာကို။ ဒါကြောင့် သူ့ရဲ့ ဘ၀က မကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ လုံးဝအလျော့ မပေးဘူး။ ဖြစ်ချင်တာကို ရအောင်လုပ်မယ်။ လောကကြီးမှာ သူမလုပ်နိုင်တာ မရှိစေရဘူး။ မြန်မာပြည်မှာ သူနေ တာက ကယားပြည်နယ်။ ဒါပေမဲ့ မနေတာက ရှမ်းပြည်နယ်။ သူနဲ့ မနဲ့ က တနယ်စီ။ သူနေတာ ကယားဆိုပေမဲ့ သူက ရှမ်းမျိုးရိုး။ မက ရှမ်းဗမာ။ မနဲ့စတွေ့တာက မ အလုပ်လုပ်တဲ့နေရာမှာ။ မတို့ သဌေးက ငွေပေါတယ်။ မြန်မာအခေါ်အဝေါ်ဆိုရင် လောပန်းပေါ့။ ဆိုတော့ မတို့သူဌေးက Second Hand ဆိုင်ကယ်တွေ ရောင်းတယ်။ အစိုင်းက မတို့ သူဌေးဆိုင်မှာ ဆိုင်ကယ်အကြွေးသွားယူထားတယ်လေ။ ဒါကလည်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ သဘာဝပဲလေ။ ဆိုင်ကယ်ကို အကြွေးယူတယ်။ ပြီးတော့ တလခြင်း ဆိုက်ကယ် ကြွေးဆပ်တယ်။ တစ်နှစ်တန် တစ်နှစ် နှစ်နှစ်တန် ၂ နှစ်ပေါ့။ အလွန်ဆုံးကတော့ ၃ နှစ်ပေါ့။ မနဲ့ တွေ့တာက

“ပိုင်ရှင်ရှိလားမသိဘူးဗျ”
မိန်းကလေးတစ်ယောက်ရှမ်းသံဝဲ၀ဲလေးနဲ့ ထိုင်းလိုမပီမသသံကို သူကြားလိုက်တယ်။
“ရှိပါတယ် ခဏစောင့်နော်”
“ဟုတ်ကဲ့”
သူသိလိုက်တယ်။ ဒါထိုင်းနိုင်ငံဖွား အမျိုးသမီးတော့ မဟုတ်လောက်ဘူးလို့။ ရှမ်းသံကလည်း ၀ဲနေတယ်။ ၀တ်ထားဆင်ထားတာကလည်း လုံလုံခြုံခြုံ။ ဒါရှမ်းမ မဟုတ်ရင်တောင်မှ ငါ့လိုပဲ မြန်မာပြည်ကလာပြီး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ငါတို့ မြန်မာလူမျိုးပဲ ဖြစ်ရမယ်လို့။
“အမ ဘယ်မှာနေတာလည်း အရင် တခါမှ မတွေ့ဖူးဘူးနော်” လို့ သူ စကားစလိုက်တယ်။
“အော ကျမက ဒီအိမ်မှာ အိမ်ဖော်လုပ်တာပါ၊ ရောက်တာ မကြာသေးဘူးလေ” လို့ မက ရှမ်းလိုပဲ ပြန်ဖြေတယ်။
“အော ဟုတ်လား အမက အရင်ဘယ်မှာ နေတာလည်းဗျ”လို့ သူက စပ်စပ်စုစု မေးလိုက်တယ်။
“အော အရင်က မြန်မာပြည်မှာနေတာ”

အောလို့ သူက ပြောလိုက်ချိန်မှာပဲ ဆိုင်ရှင်ထွက်လာတော့ သူက သူ့ရဲ့ တစ်လသာ ဆိုင်ကယ်ကြွေး ဆပ်လိုက်တယ်။ မနဲ့ သူနဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ သူ့ရဲ့ နှလုံးသားလေးက အလိုလို လှုပ်ခတ်လိုက်သလို သူခံစားလိုက်ရတယ်။ ပြီးတော့ မရဲ့ ပုံရိပ်တွေလည်း သူ့ရဲ့ နှလုံးသားလေးထဲမှာ အလိုလို ထင်လာတယ်။ သူသိလိုက်တယ် မကို သူချစ်မိပြီ။

ဒုတိယပိုင်းမျော်

ရှမ်းကလေး

Sunday, July 19, 2009

မင်္ဂလာပါခင်ဗျာ့

အားလုံးမင်္ဂလာပါခင်ဗျား
ဟဲဟဲ မတွေ့ရတာအတော်တော့ ကြာညောင်းသွားပြီနော် ကိုကို၊ မမ တို့ရေ။ တကယ်မအားလို့ပါ၊ နောက်တခုက ရှမ်းကလေး အဝေးရောက်နေလို့ပါဗျ။ ကဲအခုတော့ ရှမ်းကလေး တကယ်ပြန်လာပြီ။ မအားလပ်တဲ့အချိန်ထဲမှာ ရှိသမျှ အချိန်ကို ဖဲ့ယူပြီး စာတွေအများကြီး ရေးတော့မယ်နော်။ နောက်မှ စာများများရေးတော့မယ်နော်။ အခုတော့ မိတ်ဆက်လောက်ပဲဗျ။

ရှမ်းကလေး