Wednesday, January 9, 2008

“အမှောင်လောကကြီးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသော ငိုရှိုက်သံ”

“ဟဲ့...ဟဲ့..ဒီကလေးတွေကျွေးတာတောင်မှ လုစားနေကြသေးတယ်...သွားသွား..ဝေးဝေးသွား” ဆိုတဲ့ ကျယ် လောင်တဲ့မိန်းမကြီးတစ်ယောက်ရဲ့အသံ...။ မိန်းမကြီးရဲ့ရှေ့မှာတော့ ၁၀ နှစ်သာသာ ကလေးတစ်အုပ်က...၁၀ နှစ် သာသာရှိသေးတဲ့ကောင်လေးတစ်ယောက်ရဲ့...မရှိမဲ့ရှိမဲ့မုန့်ကို လုစားနေကြတယ်။ ကောင်လေးကတစ်ယောက်ထဲ ဆိုတော့သူ့လက်ထဲကမုန့်တွေကို မပေးချင်၊ ပေးချင်နဲ့ကလေးတစ်အုပ်ရဲ့လုတာကိုခံလိုက်ရတယ်။ သူ့မှာလည်း သူများလှူမှ စားရတဲ့ဘ၀ဆိုတော့ မုန့်တွေကိုလွယ်လွယ်နဲ့တော့ဘယ်ပေးချင်မလဲ။ သူ့မှာအဖေကလည်းငယ်ငယ် ကတည်းကမတွေ့ခဲ့ဘူးဘူးလေ။ အမေဆိုပြန်တော့လည်း သူ့အမေကဘယ်နေ့သေမလဲဆိုတာကို မသိရတဲ့ သူ့ဘ ၀။ ဘာကြောင့်လဲဆိုတော့ သူ့အမေကရောဂါသည်မဟုတ်ပါလား။ ဘာရောဂါလည်းဆိုတာကတော့ သူ့လို(၁၀) နှစ်သာသာရှိတဲ့ကလေးလေးတစ်ယောက်က ဘယ်သိနိုင်မလဲ။ သူ့အမေကလည်းသူ့ကိုတစ်ခါကိုမှမပြောပြခဲ့ဘူး။ သူ့အမေကိုဆေးခန်းသွားပြဖို့ဆိုတာကလည်း သူ့မှာစားစရာမရှိလို့ သူများလှူတာကိုလိုက်စားနေရတဲ့ဘ၀။ အလုပ်ကလည်းကျပန်း။ သူ့လိုကလေးသာသာရှိတဲ့ လူငယ်လေးတစ်ယောက်ကိုဘယ်သူက ပိုက်ဆံတွေပုံပေးပြီး ခိုင်းချင်မှာလည်း။ ဒါကြောင့်သူ့အမေဆေးခန်းပြဖို့ထက် သူ့အမေအတွက်ထမင်းနပ်မှန်အောင်စားရဖို့သာ ဘယ်လို လုပ်ရမလဲဆိုတာကိုဘဲ စဉ်းစားနေရတဲ့သူ့ဘ၀။ ဟော (၃း၀၀)နာရီတောင်ထိုးနေပြီ....။ ဒေါ်ငွေတို့ဆိုင်မှာရေသွား ခတ်ပေးရဦးမယ်။ ရေခတ်မှသူလည်းသူ့အမေစားဖို့ဆန်ပြုတ်အနည်းအကျင်းရမှာမဟုတ်ပါလား။ ဒေါ်ငွေဆိုင် ရောက်ဖို့သူအမြန်ပြေးသွားလိုက်တယ်။ ရုတ်တရက်ကျောက်ခဲသေးသေးလေးတစ်လုံးကို သူသွားကန်မိလိုက်။ ခြေထိပ်တည့်တည့်ပဲ။ မတတ်နိုင်ဘူးလေ..သူ့မှာကစားဖို့တောင်အနိုင်နိုင်..လုပ်နေရတာ.. ဖိနပ်ဝယ်စီးဖို့ဆိုတာ တော့မဖြစ်နိုင်လောက်အောင်ပဲ။ သူနာကျင်တာကိုခံစားရင်းနဲ့ပဲ ဒေါ်ငွေဆိုင်ကိုအရောက်လျှောက်သွားတော့တယ်

“ဟဲ့လာပြီလား...ဟိုမှာရေတွေကုန်နေပြီ”လို့ ဆိုင်ရှေ့တောင်မရောက်သေးဘူး နေတိုင်းလိုလိုကြားနေရ တဲ့ ဒေါ်ငွေရဲ့အသံစူးစူးကြီးက သူ့အတွက်တော့နားယဉ်ပါးယဉ်ဖြစ်နေပြီ..။ သူရေပုံး(နှစ်)ပုံးကိုကောက်ဆွဲ။ သွားနေကျလမ်းအတိုင်းရေတွင်းရှိတဲ့နေရာကိုခြေထောက်နာနာနဲ့ပဲလျှောက်လာခဲ့တယ်။ (၁၀)နှစ်သာသာရှိတဲ့ ကလေးတစ်ယောက်ဖြစ်ပေမဲ့ သူထမ်းရတဲ့ရေပုံးတွေကတော့ လူကြီးတွေတောင်အနိုင်နိုင်ပဲ။ မထမ်းချင်လို့လဲ ဘယ်ရမလဲ။ ဒီရေလေးထမ်းမှ ဒေါ်ငွေဆိုင်က ဆန်ပြုတ်အကျန်တွေရမှာမဟုတ်လား။ သူ့အတွက်တော့သိပ် အရေးမကြီးပါဘူး။ အရေးကြီးတာက ရောဂါရနေတဲ့သူအမေအတွက်။ သူ့အမေကအိပ်ရာကနေမထနိုင်ဘူး။ အိပ် ရာထဲမှာလဲနေတာ (၁)လကျော်ကျော်ရှိနေပြီ။ ထို့အတူပဲဆန်ပြုတ်စားရတာလည်း (၁)လာကျော်နေပြီပေါ့။ ဆန်ပြုတ်တောင်သူ့အမေကို သူနပ်မှန်အောင်မကျွေးနိုင်ဘူး။ သူရေခတ်တာတော့ပြည့်သွားပြီ။ ဒါပေမဲ့ ဆိုင်ရှင် ဒေါ်ငွေဘာတွေဆက်ခိုင်းဦးမလဲဆိုတာကိုတော့ သူခန့်မှန်းလို့မရ။ တခါတလေဒေါ်ငွေက ဆန်ပြုတ်အော်ဒါမှာတဲ့ အိမ်တွေကိုသွားပို့ခိုင်းတာမဟုတ်လား။ ဒေါ်ငွေရဲ့အဖြေကိုပဲသူစောင့်ရမှာ။ သူ့မှာပြောဆိုနိုင်ခွင့်မရှိဘူး။

“ဝေလင်း...နင်ရေခတ်တာပြည်ပြီလား”လို့ဒေါ်ငွေကသူ့ကိုမေးလိုက်တယ်။ သူရုတ်တရက်ဒေါ်ငွေရဲ့ မေးခွန်းကိုပြန်မဖြေဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှဒေါ်ငွေရဲ့အသံက ချိုသာနေတယ်။ ပြီးမှသူပြန်ဖြေလိုက် တယ်။ “ဟုတ်ကဲ့ ပြည့်ပါပြီဒေါ်ငွေ”

“အေးအေး..နင့်အမေစားဖို့ဒီမှာ ဆန်ပြုတ်ယူသွားဦး” ဒါကသူနေ့တိုင်းကြားနေကြဒေါ်ငွေရဲ့စကား.. ဒါပေမဲ့ မကြားဖူးတဲ့ဒေါ်ငွေရဲ့စကားတစ်ခွန်းကတော့ “ဒီမှာ...ပဲကပ်ကျော်တွေပါငါထည့်ထားပေးတယ်... ယူသွားဦးကြားလား”သူ့စိတ်ထဲမှာဝမ်းသားလို့မဆုံး.. သူ့အမေကိုဒါတွေပြန်ကျွေးရမယ်လေ။ သူဒေါ်ငွေကိုကြည့် ပြီး...ဟုတ်ကဲ့လို့မပြောနိုင်လောက်အောင်ပဲဝမ်းသာပြီး..ဒေါ်ငွေကိုတောင်ကျေးဇူးတင်ပါတယ်လို့မပြောပဲ ဒေါ်ငွေ ထုတ်ထားတဲ့ အထုတ်ကိုဆွဲပြီး...ခြေထောက်နာမှန်းမသိအိမ်ကိုပြေးပြန်လိုက်တယ်။

“အဟမ်း..အဟမ်း...အဟမ်း...”သူ့အမေရဲ့နေ့တိုင်းဆိုးနေကျချောင်းဆိုးအသံ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူ့အမေရဲ့ချောင်းဆိုးသံက အဆက်မပြက်ဖြစ်နေတယ်။ သူအိမ်ပေါ်ကို အမြန်ပြေးတက်လိုက်တယ်။ သူရုတ်တ ရက်တွေ့လိုက်တာကတော့ သူ့အမေအိပ်ရာထဲမှာလူးလိမ့်နေတယ်..။ သူနားလည်လိုက်တာကတော့ သူ့အမေနာ နာကျင်ခံစားနေရပြီ... သူသူ့အမေဆီအမြန်ပြေးသွားပြီး သူ့အမေကိုခေါင်းအုံးတည့်တည့်မှာမပြီးထားလိုက်ပြီး သူ့ပါစပ်ကလည်း “အမေဘာဖြစ်တာလဲ...အမေ...အမေ”လို့ရေရွတ်နေတယ်။ ရုတ်တရက်သူလည်းဘာမှမလုပ် တတ်ဘူး။ သူ့အမေကတော့သွေးတွေအန်ထွက်လာပြီ။ သူကျယ်လောင်စွာအော်ငိုနေမိတယ်။ အော်ငိုနေပြီး သူရုတ်တရက်ဆေးဘူးကိုလိုက်ရှာနေတယ်။ တုန်ရီသောလက်နဲ့ဆေးဘူးကိုစမ်းနေတယ်။ သူ့အမေသွေးအန်တာ ရပ်သွားပေမဲ့ ချောင်းကတော့ဆိုးနေတုန်းပဲ။ သူ့အမေအရမ်းမောနေတယ်။ အသက်ရူလို့မ၀ဘူးလို့သူထင်တာပဲ။ ဆေးဘူးတွေ့ပြီ။ သူ့အမေခေါင်းအုံးအောက်မှာဆေးဘူးက။ “အမေဆေးသောက်မယ်နော်...ဆေးသောက်ရော့ ရော့”သူဆေးဘူးအဖုံးကိုဖွင့်လိုက်တယ်.. ဒါပေမဲ့ဆေးဘူးထဲမှာဆေးတစ်လုံးမှမရှိဘူး။ သူသူ့အမေကိုငိုယိုပြီးပြော ဆိုလိုက်တယ်.. ။ “အမေဆေးမရှိတော့ဘူး..၊ သားဆေးသွားရှိလိုက်ဦးမယ်... ခဏစောင့်နော်”သူသွားဖို့ပြင်ဆင် လိုက်ပေမဲ့ ရုတ်တရက်သူ့လက်ကိုအဆွဲခံလိုက်ရတယ်။ ဆွဲလိုက်သူကတော့ အခြားသူမဟုတ်။ သူချစ်ခင်လှတဲ့ သူ့အမေရဲ့နွေးထွေးတဲ့လက်။ “မသွားပါနဲ့တော့သားရယ်”လို့ဆိုပြီးတုန်တုန်ရီရီနဲ့ မပီတပီပြောလိုက်တဲ့ သူ့အမေရဲ့ စကားတစ်ခွန်းကတော့ ရင်ထဲမှာဆို့သွားတယ်။ သူ့အမေအလွန်မောနေပြီ။ ရုတ်တရက် သူ့အမေရဲ့ သွေးနောက် တစ်ခါထပ်အန်လာပြီး သူ့အမေငြိမ်သွားတယ်။ သူသူ့အမေကိုကြည့်လိုက်ပြီး...သူအော်တဲ့အသံကကမ္ဘာ တစ်ခုလုံးကိုဖုံးလွမ်းတော့မလိုပဲ “အမေ...အမေ” လို့ဆိုပြီးကြိမ်ပေါင်းများစွာသူအော်နေမိတယ်။ သူ့အမေသူ့ကိုခွဲ ခွာသွားပြီ။ သူ့ကိုတင်မကပဲ လောကကြီးကိုပါခွဲခွာသွားပြီလေလားလို့သူတွေးရင်းငိုရင်းနဲ့ပဲ...သူတို့သားအမိရဲ့ အိမ်လေးဟာ လည်းအမှောင်ကြီးသဖွယ်ဘာမှမမြင်ရတော့..သူ့ရဲ့ငိုရှိုက်သံတွေဟာလည်းအမှောင်ထုကြီးထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သားကာ.....။။။။

ပြီးပါပြီ

ရှမ်းကလေး