Thursday, February 28, 2008

“စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ”

အမိဝမ်းမှ မွေးဖွားလာသော လူသားမှန်သမျှတွင် “အနာဂတ်” ရှိကြမည် ဖြစ်ပါသည်။ မိမိသည်လည်း အနာဂတ်ရှိပါသည်။ လူသားတယောက်အဖြစ် မွေးဖွားခဲ့လျှင်တော့ အနာဂတ်ဆိုတာ ရှိကိုရှိမှရမည် ဖြစ်ပါသည်။ သို့သော် မိမိတို့၏ အနာဂတ်သည် ကောင်းသည်၊ ဆိုးသည်ဆိုသည်ကိုတော့ လောကကြီးတွင်ရှိသော လူသားမှန်သမျှ မည်သူတစ်ဦးမျှ မပြောဆိုနိုင်ပေ။ မိမိဘ၀၏ အတိတ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အထွေထွေများကိုသာလျှင် ပြန်လည်၍ ပြောဆိုနိုင်ကြပေမည်။ လူတဦး၏ အနာဂတ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်သော အနာဂတ် ဖြစ်နိုင်သလို၊ ကျပ်တည်းစွာ လုပ်ကိုင်စားသောက်နိုင်သော အနာဂတ်ကို ပိုင်ဆိုင်သော လူများသည်လည်း ဤကမ္ဘာမြေကြီးတွင် ရေတွက်၍ မရနိုင်ပေ။ မည်သူတစ်ဦးမျှပင် မိမိတို့၏ အနာဂတ်ရှေ့ရေးတွင် ဘာဖြစ်မည်၊ ညာဖြစ်မည်ဆိုသည်ကို တိတိကျကျ မပြောဆိုနိုင်ပေ။ သို့သော် မိမိတို့ဘ၀၏ အနာဂတ်ရှေ့ရေးကို ဘယ်လို့တော့ ဖြစ်ချင်သည်၊ ဘယ်လိုတော့ မဖြစ်ချင်ဘူးလဲ ဆိုတာတွေကိုတော့ နေ့ရောညပါ မအိပ်မစား လူတိုင်းမှာ တွေးပိုင်ခွင့်ရှိပါသည်။
ကျွန်တော့်အမြင်နှင့် ပြောဆိုရလျှင် လူသားတစ်ယောက်၏ အနာဂတ်ကို ကောင်းမွန်ပြည့်စုံဖို့ ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် နည်းလမ်းနှစ်လမ်းနှင့် ကြိုးစား၍ လုပ်ဆောင်နိုင်ပါသည်။ ပထမနည်းလမ်းကား သမာသမတ်ရှိသော၊ ကောင်းမွန်သော စိတ်ထားရှိသော၊ လိမ္မာယဉ်ကျေးသော၊ ကိုယ့်ကိုယ်ကျိုး တခုတည်းကိုသာ မကြည့်ဘဲ သူများအကျိုးကို ကြည့်သော၊ တကိုယ်ကောင်းဆန်စိတ်မရှိသော စသော မှန်ကန်သော နည်းလမ်းများဖြင့် ကိုယ့်ဘ၀ အနာဂတ်ရှေ့ရေးကို ကြိုးစားခြင်း ဖြစ်ပါသည်။ ဒုတိယ နည်းလမ်းကား သူတပါးကို မငှဲ့ညှာပဲ ကိုယ်ကျိုးအတွက်သာ ကြည့်ခြင်း၊ သူတပါးဆီက ကိုယ်လိုချင်တာ တခုခုကို ညင်သာပျော့ပျောင်းတဲ့ အသံကို မသုံးဘဲ ပိုင်ရှင်ရဲ့ ကျောကို ဓါးနဲ့ထောက်ပြီး တောင်းနည်း ဟူသော အစရှိသဖြင့် ကိုယ်ကိုယ်တိုင် မကြိုးစားချင်ပဲ လွယ်ကူသော ဖြတ်လမ်းနည်းများကို အသုံးပြုခြင်းဖြစ်ပါသည်။ သို့သော် ဤကမ္ဘာမြေကြီးတွင် မိမိတို့ ဘ၀ရှေ့ရေး အနာဂတ်အတွက် ကောင်းမွန်ရိုးသားစွာ ကြိုးစားလုပ်ကိုင်ကြသလို၊ သူတပါးကို ခြိမ်းခြောက်ပြီးမှ ထမင်းတလုပ်စားရတဲ့ မကောင်းဆိုးဝါး နည်းလမ်းများကိုလည်း အသုံးပြုကြပါသည်။ မည်သူသည် မည်သည့်နည်းလမ်းကို ရွေးမည်ဆိုသည်ကိုတော့ ကျွန်တော်တို့လည်း မသိမြင်နိုင်ပေ။
မိမိပြောချင်သော အနာဂတ်ကို ထိုင်ရေးနေလျှင် ဤမျှလောက်နှင့် မကုန်နိုင်ပေ။ သို့သော် လူသားတို့၏ အနာဂတ် ကောင်းကျိုး၊ ဆိုးကျိုးများသည် မိမိပြောပြချင်သော၊ မိမိရည်ရွယ်သော အကြောင်းအရာနှင့် မသက်ဆိုင်ပေ။ မိမိပြောချင်သော အကြောင်းအရင်းကား နအဖလက်အောက်တွင် ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်လာကာ စစ်မှုထမ်းခြင်းဖြင့်လည်းကောင်း၊ စစ်တပ်ထဲသို့ အတင်းအဓ္ဓမခေါ်ဆောင်ခြင်းဖြင့် လည်းကောင်း၊ လိမ်လည်လှည့်ဖြား ဖြားရောင်းသွေးဆောင်ပြီး ခေါ်ဆောင်ခြင်းကြောင့် လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲသို့ ၀င်ရောက်လာသော အသက်မပြည့် တပ်သားလေးများ၏ ဘ၀အကြောင်းကို နဲနဲလေး ပြောပြချင်ပါသည်။
မိမိတို့ လူလွတ်လူငယ်များသည် မိမိတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပြီး ကြိုးစားချင်စိတ် ရှိလျှင် ကြိုးစားနိုင်ပါသည်။ သို့သော် နအဖစစ်တပ်အတွင်း ၀င်ရောက်ထမ်းဆောင်နေသော အသက်မပြည့် ရဲဘော်လေးများကား ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပါသော်လည်း အမှန်တကယ် ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ကြပါ။ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု မည်သူမဆို မိမိတို့၏ အနာဂတ်ဘ၀ ခရီးလမ်းကို သာယာချောမွေ့သော၊ ပြီးပြည့်စုံသော၊ တောင့်တသမျှ ရနိုင်စွမ်းရှိသော ဘ၀ကို လိုချင်ကြမည်မှာ ဓမ္မတာပင် ဖြစ်ပါတော့သည်။ သို့သော် အချို့သော မြန်မာပြည်သူလူထုများကား မိမိတို့၏ မိသားစု၊ မိမိတို့၏ သားမယားများကို လုပ်ကျွေးနိုင်လျှင် တော်လောက်ပြီဟူသော လောဘစိတ်ကို ရှေ့မထားခြင်းကြောင့်လည်းကောင်း၊ ကိုယ်လုပ်နိုင်သလောက်သာ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စသော အတွေးရပ်ဝန်းတွင်ပင်သာ မိမိတို့၏ ဘ၀ကို နစ်မြုပ်ကြတတ်ပါသည်။ ထိုသို့ထိုသို့သော မိမိတို့၏ဘ၀ အနာဂတ် ခရီးလမ်းကို မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိသော လူငယ်များက တွေးတောနိုင်ပြီး လုပ်ကိုင်အကောင်အထည် ဖော်နိုင်သော်ငြားလည်း တွေးတောနိုင်ပြီး အကောင်အထည် မဖော်နိုင်သူများကား နအဖစစ်တပ်ထဲတွင် အသက်မပြည့်သော တပ်သားရဲဘော်လေးများသာ သာမက တပ်ကြပ်ကြီးတချို့ အရာခံဗိုလ်တချို့ဆိုလျှင် မမှားနိုင်ပေ။ သို့သော် နအဖအလိုတော်ကျ ဖြတ်လမ်းနည်းများ၊ လူသတ်နည်းများဖြင့် အောင်မြင်ချင်လျှင်တော့ စိုးရိမ်စရာမလိုပေ။ “သူခိုးသေဖော်ညှိ” ဟူသော စကားပုံနှင့်အညီ နအဖစစ်ဗိုလ်ချူပ် အကြီးအကဲများက မဟုတ်တာဆိုလျှင် ညှိနှိုင်းတိုင်ပင်ဖို့ အဆင်သင့်ပင် စောင့်နေပါသည်။ ဘုရားဟောထားသော အမှန်တရား နည်းလမ်းများဖြင့် ကြီးပွားတိုးတက်ချင်လျှင်တော့ နအဖစစ်တပ်အတွင်းတွင် ကြိုးစားလျှင်တော့ “ခဲလေသမျှ သဲရေကျ” ဘ၀တွင်သာ ရောက်ပေလိမ့်မည်။ ထို့ကြောင့်လည်း ကျွန်တော်က “အနာဂတ်မဲ့သော နအဖစစ်တပ်တွင်းရှိ တပ်သားလေးများ” ဟူ၍ပင် ခေါင်းစဉ်ပေးပြီး ဆောင်းပါးတစ်ပုဒ် ထက်ရေးချင်ပါသေးသည်။
နအဖတပ်သား ရဲဘော်လေးများ၏ နေထိုင်ရပုံ၊ အဘယ်သို့အဘယ်ပုံ လုပ်ကိုင်စားသောက်ရပုံ၊ နအဖစစ်ဗိုလ်ချူပ်များက အသက်မပြည့်သော ကလေးငယ်ယောကျာင်္းလေးများအား ဘယ်သို့ဘယ်ပုံ ဖြားယောင်းသွေးဆောင် ခေါ်ယူပုံတို့ကို ရေးရလျှင်တော့ မကုန်နိုင်တော့ပေ။ ထို့ကြောင့် မိမိတွေ့မြင်ခဲ့ဖူးသော၊ မိမိကြားသိခဲ့ဖူးသော နအဖတပ်အတွင်းရှိ စစ်သားရဲဘော်လေးများ၏ အကြောင်းတချို့ တစိတ်တဒေသကိုသာ ရေးသားဖော်ပြပါမည်။
မြန်မာပတပ်မတောင်အတွင်းမှာ အရွယ်မရောက်သေးတဲ့ ခလေးစစ်သားတွေများနေလို့ ရှေ့တန်းကို စစ်တိုက်ထွက်တာမဟုတ်ပဲ ခလေးထိန်းထွက်လာတာပါလို့ ၂၀၀၁ ခုနှစ် အောက်တိုင်ဘာလက ရှေ့တန်း ခမရ (၅၉၈) ခွဲ (၂)မှာ ထွက်ပြေးလာခဲ့တဲ့ နအဖတပ်ကြပ်ကြီးတဦးက ပြောပြခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရင် ခံပစ်နိုင်ဖို့ နေနေသာသာ ခလေးတွေ ထွက်မပြေးအောင် မနည်းထိန်းနေရတယ်လို့လည်း သူက ပြောပြပါတယ်။ ရှေ့တန်းထွက်ရာမှာလည်း တောင်မတက်နိုင်လို့ ထိုင်ငိုနေတဲ့ ကလေးစစ်သားတွေ ရှိသလို၊ ထွက်ပြေးသူတွေနဲ့ သတ်သေသူတွေလည်း တပ်တိုင်းလိုလိုမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ညဖက်ကင်းစောင့် ခိုင်းရင်လည်း ကလေးပီပီ သရဲကြောက်လို့ မစောင့်ရဲဘူး ဆိုတာကြောင့် သူကိုယ်တိုင် “မင်းတို့ပြေးရင် ငါ့ကိုလည်း ချန်မထားခဲ့ပါနဲ့” လို့ဆိုပြီး ထုတ်ဖော်ဝန်ခံထားကြောင်းကို ကြည့်လျှင် နအဖစစ်ဗိုလ်ချူပ်များ မည်မျှ ယုတ်မာသည်ကို တစိတ်တဒေသ အားဖြင့် ပေါ်လွင်စေပါသည်။ အပေါ်တွင် တပ်ကြပ်ကြီး တဦး၏ ၀န်ခံထားချက်ကို ကြည့်လိုက်ပါလျှင်လည်း နအဖစစ်တပ် ရဲဘော်ကလေးများ၏ ဘ၀အနာဂတ်သည် မည်မျှပင် ဆင်းရဲမွတ်သိတ်သည်ကို တွေ့ရှိကြရပေမည်။
ကျွန်တော်ကိုယ်တွေ့ ကြုံဖူးသော နအဖတပ်သား ရဲဘော်ကလေးများကား ဆိုးသွမ်းခိုးဝှက်သော တပ်သားကလေးများဟုပင် ပြောရပေမည်။ ဤသည်မှာလည်း မထူးဆန်းပေ။ သူတို့အထက်ကပေးသော လစာမှ မငတ်လောက်၍သာ ဖြစ်ပါတော့သည်။ ဤတချက်တချက်ကြောင့်ပင်လျှင် နအဖစစ်တပ်တွင်းရှိ တပ်သူတပ်သားများသည်လည်း အကျင့်ပျက် ကြသည်မှာ မဆန်းလှပေ။ ထို့နောက် လာဘ်စားခြင်းဟူသော မကောင်းမှုက နောက်မှ လိုက်ပါလာသည်။ သို့သော် ကျွန်တော်တွေ့ကြုံသော နအဖစစ်တပ်တွင်းရှိ ရဲဘော်တပ်သားများက လာဘ်မစားပါ။ ခိုးစားပါသည်။ အဘယ်ကြောင့်ဆိုသည်မှာ ကျွန်တော်နေထိုင်ရာ ရွာကလေးတနေရာသည် လာဘ်စား၍ မရခြင်းကြောင့် တစ်ကြောင်း၊ အထက်အရာရှိ တချို့ ယူထားသော အမျိုးသမီးကလည်း မိမိတို့ ရွာသူများ ဖြစ်နေခြင်းကြောင့် တစ်ကြောင်း၊ ပြီးတော့ ကျွန်တော်တို့ ရွာတွင်နေထိုင်သော ရွာသူရွာသားများသည် စိုက်ပျိုးရေးအလုပ်ကိုသာလုပ်ပြီး တခြားမြို့များလို ငွေများကိုင်ဆောင်နိုင်သော အလုပ်၊ မှောင်ခိုအလုပ် စသော နအဖစစ်ဗိုလ်မှူးများ၊ စစ်ဗိုလ်ချူပ်များ၊ စစ်ဗိုလ်ကြီးများ၊ လက်နက်ချငြိမ်းချမ်းရေး ယူသွားသော UWSA ခေါ် ၀တပ်များ လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး များကိုလည်း ကျွန်တော်တို့ရွာဘက်တွင် မရှိ၍ နအဖ တပ်ကြပ်ကြီးများ၊ ဗိုလ်ကြီးများ၊ ဗိုလ်မှူးများ၊ ဗိုလ်ချူပ်များကလည်း ရွာသူရွာသားများအား အတင်းအကြပ် လာဘ်စားမှုကို မဖန်တီးနိုင်၍ ဖြစ်ပါလိမ့်မည်။ ထိုသို့လာဘ်စားမှုကြီးကို မတရား ဖန်တီးလာမယ်ဆိုရင်လည်း “မှန်းချက်နဲ့ နှမ်းထွက်မကိုက်”ဆိုသလို သူတို့ပြစ်မှုကို သူတို့ ပြန်ဖော်သလို ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နအဖစစ်တပ်တွင်းရှိ တပ်ကြပ်ကြီးအချို့၊ စစ်ဗိုလ်ကြီးအချို့၊ စစ်ဗိုလ်မှူးအချို့က ထိုသို့သော လာဘ်စားမှုကြောင့် မည်မျှပင် ချမ်းသာစေကာမူ လက်အောက်ငယ် တပ်သားရဲဘော်လေးများကား အစာငတ်ကာ သူခိုးဘ၀သို့ ရောက်ကြရပါသည်။ ပြည်သူလူထု စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ ငရုတ်သီး အစရှိသော အရာများကို တောင်းစားလျှင် ရပါလျှက်နှင့် ခိုးယူစားသောက်ကြပါသည်။ ဤသည်မှာ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံများပင် ဖြစ်ပါတော့သည်။ မည်သို့ပင် တပ်သားများက ပြည်သူလူထုစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက ခိုးစားစေကာမူ အထက်အရာရှိများက အပစ်မယူတတ်ကြပေ။ ဤသည်ကို ကြည့်ပြီး ကျွန်တော့်မှာ အလွန်အမင်း အံ့သြရပါသည်။ သို့သော် ယခုမူကား မအံ့သြတော့ပါ။ အဘယ်ကြောင့် မအံ့သြသည်ကိုလည်း ရှင်းပြရန် မလိုဟု ကျွန်တော်ထင်မိပါသည်။
အကယ်၍ နအဖစစ်အာဏာရှင် ဗိုလ်ချူပ်များဖြစ်သော ဗိုလ်ချူပ်မှူးကြီးသန်းရွေ၊ ဗိုလ်ချူပ်မောင်အေး၊ ဗိုလ်ချူပ်သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချူပ်ကျော်ဆန်းတို့က မှန်ကန်သော လုပ်ဆောင်မှုများ မလုပ်ဆောင်လျှင်၊ အာဏာကိုသာ အဖေသဖွယ် တွက်ကပ်ခံစားလိုလျှင်၊ မှန်ကန်သော အရာများကို အတင်းအကန်ငြင်းဆိုနေလျှင်၊ မိမိတို့၏ စီးပွားရေးတခုတည်းကိုသာ ကြည့်ပြီး မိမိတို့၏ လက်အောက်ငယ်သားများကို မငှဲ့လျှင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများပင် သာမက ပြည်ပရှိမြန်မာလူမျိုးများ နိုင်ငံအရပ်ရပ်မှ လူသားများက ဗိုလ်ချူပ်မှူးကြီးသန်းရွေ ဦးဆောင်၍ နအဖစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အသက်မပြည့် တပ်သားများတင်မကပဲ တပ်ကြပ်၊ စစ်ဗိုလ်၊ ဗိုလ်မှူးတို့၏ ဘ၀အနာဂတ်သည် “စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ” ဆိုပြီး နေ့စဉ်မပြက် အစဉ်အဆက် ပြောဆိုနေကြမည် ဖြစ်ပါကြောင်း ကျွန်တော့်၏ ထင်မြင်ချက်များကို ဝေငှအပ်ပါသည်။

ရှမ်းကလေး