Monday, March 17, 2008

“ဝေဖန်ပါရစေ”

March, 5, 2008 Wednesday

“ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုဝင်များကို စတင်၍ ကန့်သတ်ချက်နှင့် နေအိမ်ပြင်ပသို့ သွားခွင့် ပြုပြီဖြစ်ကြောင်း ခိုင်လုံသည့် ရန်ကုန်သတင်းရင်းမြစ်တခုက ဧရာဝတီသို့ ပြောကြားလိုက်သည်။” ဟူသော သတင်းတခုက ကျွန်တော့်ရဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ အထင်းသားကြီး လာကာပေါ်နေစဉ် ကျွန်တော်တယောက် စိတ်ဝင်တစားနဲ့ ဆက်ပြီးဖတ်ကြည့် ဖြစ်ခဲ့ပါတယ်။
နအဖစစ်အစိုးရတတွေဟာ သူတို့လုပ်ချင်တိုင်း လုပ်နေတယ်၊ ကိုင်ချင်တိုင်း ကိုင်နေတယ်ဆိုတာ အခုမှမဟုတ်ပါဘူး။ ကျွန်တော်မမွေးခင် အချိန်ကတည်းကပါ။ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို သူတို့အာဏာရှင် တသိုက် အကျယ်ချူပ်ဘ၀မှ လွတ်မြောက်လိုက်ခြင်းဟာ သတင်းဆိုးတခု ဖြစ်နိုင်သလို၊ သတင်းကောင်း ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ မဖြစ်မနေမို့လို့ လွတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ နအဖစစ်အစိုးရတွေ အာဏာရှင်တသိုက်က ဗိုလ်ချူပ်ခင်ညွန့်ကို လွတ်လိုက်ခြင်းဟာ သူတို့ အကျိုးစီးပွားကြောင့် လွတ်လိုက်ခြင်းလား၊ သူတို့အာဏာတွေ တည်မြဲရေးအတွက် လွတ်လိုက်ခြင်းလား စတာတွေဆိုတာကတော့ မည်သူမည်ဝါမှ ပြောဆိုနိုင်လိမ့်မည် မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ နဲနဲလောက် ဝေဖန်ပါရစေ။ ကျွန်တော့်အနေနဲ့ နအဖကို ဝေဖန်တယ်ဆိုတာကလည်း မကောင်းတာကြီးပဲ ဝေဖန်ခဲ့ဖူးပါတယ်။ နအဖကောင်းပါတယ်လို့ ကျွန်တော်တခါမှ မပြောခဲ့ဘူး၊ မဝေဖန်ခဲ့ဘူးဆိုတာ အရင်တုန်းကရေးသားထားတဲ့ ဆောင်းပါးများကို ပြန်ကြည့်လျှင် သိနိုင်ပါသည်။ နအဖတွေကောင်းတယ်လို့ ပြောရအောင်လည်း သူတို့တတွေက ကောင်းတာကို တခုမှ မလုပ်ခဲ့ပါဘူး။ ကိုယ့်နိုင်ငံသား မည်သူမဆို ကိုယ့်နိုင်ငံကို ကြီးကြပ်နေတဲ့ လူကြီးတယောက်ကိုတော့ ကောင်းတယ်လို့ ချီူးကျူးချင်ကြမှာပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို အုပ်ချူပ်တဲ့ လူကြီးတယောက်က လမ်းဘေးက သူတောင်းစားလောက်တောင် အသိဥာဏ်မရှိဘူးဆိုရင်တော့ အဲ့ဒီလူကြီး တယောက်ကို ကောင်းတယ်လို့ ပြောနေသူတွေဟာ ကပ်ဖားမှ စားရတဲ့သူတွေလို့ သတ်မှတ်လို့ ရပါတယ်။ အဲ့ဒီလို သူတောင်းစားလောက်တောင် အသိဥာဏ်မရှိတဲ့ လူတွေဟာ မကောင်းပါဘူးလို့ တိုက်ရိုက်ပြောရဲတဲ့ လူတွေ ရှိသလို၊ မပြောရဲတဲ့ လူတွေလဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ တပုံတပင်ကြီးပင် ဖြစ်ပါတော့သည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်နိုင်ငံကို အုပ်ချူပ်နေတဲ့ လူကြီးတယောက်ကို သူတောင်းစားလို့ ခေါ်ရတာဟာ “သူတောင်းစားတောင် သိက္ခာကျပါတယ်ကွာလို့” ပြောတဲ့လူတွေကလည်း တပုံတပင်ကြီးပေါ့ဗျာ။
ကျွန်တော်ဝေဖန်ချင်သလောက် ရေးရရင် နအဖစစ်အစိုးရတွေဟာ ဘာဖြစ်လို့ အခုမှ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို လွတ်လိုက်သလဲ၊ လွတ်သင့်လွတ်ထိုက်တဲ့ သူတွေကို ဘာလို့ မလွတ်ပေးတာလဲ? မေးခွန်းတွေကတော့ အများကြီး ရှိပါတယ်။ အမေးသာရှိပြီး အဖြေသာ ထွက်မလာမှာ ကြောက်လို့ များများစားစား မမေးချင်ပါဘူး။ နအဖတွေ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို လွတ်လိုက်ခြင်းဟာ ဦးခင်ညွန့်ဆီက အကြံတွေများ တောင်းချင်လို့လား? ဒါမှမဟုတ် ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို ရွေးကောက်ပွဲဝင်ခိုင်းမလို့လား? ရွေးကောက်ပွဲ ၀င်ခိုင်းမယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တခုပါ။ ဒါမှမဟုတ် ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို အကျယ်ချူပ်မှ လွတ်လိုက်ပြီ ဆိုတဲ့ သတင်းကို နအဖတွေကို ပြည်သူလူထုကြားမှာ ထုတ်လွင့်လိုက်ရင် ပြည်သူတွေများ ဇဝေဇ၀ါဖြစ်ပြီး ရွေးကောက်ပွဲကြရင် သူတို့ဘက်များ မဲပိုပြီး ထည့်မလားဆိုတဲ့ အတွေးတွေများ ရုတ်တရက် ၀င်သွားလား? ဒါမှမဟုတ် ခင်ညွန့်များ ငါတို့ အာဏာတွေ ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ အကြံဥာဏ်လေးများ ဒီကောင့်မှ ရှိမလားမသိဘူး ဆိုပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချူပ်ကြီး သန်းရွေများ စဉ်းစားလေမလား? ဒါမှမဟုတ် အကျယ်ချူပ်ခံ ဘ၀နဲ့နေမယ့်အစား၊ ငါတခုခုတော့ လုပ်မှ ဖြစ်မယ်ဆိုပြီး နအဖစစ်ဗိုလ်ချူပ်ဟောင်းကြီး ဦးခင်ညွန့်ကိုယ်တိုင်က ယခုလက်ရှိ အာဏာမမြဲတမြဲ ရှိနေတဲ့ နအဖစစ်အာဏာခေါင်းဆောင်တွေရဲ့ အခြေအနေကိုသိပြီး အာဏာဆက်သိမ်းထားနိုင်ဖို့ ငါ့မှာအကြံရှိတယ် ဆိုပြီး သတင်းလွင့်ပြီး သန်းရွေများ ငါ့ဆီလာပြီး တိုင်ပင်လေမလား? စတဲ့စတဲ့ တွေးခေါ်မှုတွေကို တွေးလေမလားပေါ့။
ဘယ်လိုပဲဖြစ်နေပါစေ။ အရင်တုန်းက အာဏာပါဝါတွေ လုကြလို့ အချင်းချင်း ဖမ်းဆီးထောင်ချကာ လက်ဦးသူနိုင်တဲ့သူတို့ရဲ့ အာဏာလုပွဲတွေဟာ အရှိန်အ၀ါကြီးလှပါတယ်ဆိုတဲ့၊ ဘုရားတရားကိုင်းရှိုင်းလှ ပါတယ်ဆိုတဲ့ စစ်အာဏာခေါင်းဆောင် နအဖစစ်ဗိုလ်ချူပ်ကြီး ခင်ညွန့်ခဗျာ စစ်ဗိုလ်ချူပ်ကြီး သန်းရွေရဲ့ ဖမ်းဆီးမှုကြီးကို ခံခဲ့ရပြီး အခုအခါမှာတော့ နအဖစစ်ဗိုလ်ချူပ်မှုးကြီး သန်းရွေရဲ့ အမိန့်တခုကြောင့်လား၊ အာဏာတသိုက် ကောင်းစားဖို့လား၊ စတာတွေကြောင့် အခုတော့ အကျယ်ချူပ်ကနေ လွတ်လပ်ခွင့်လေးတော့ ရနေပါပြီ။ လွတ်လပ်ခွင့်ရတာနဲ့ ခင်ညွန့်ခင်ဗျာ ဘုရားကိုတန်းပြေးတော့တာပဲ။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေကိုတောင် မရိတ်တော့ဘူး ဆိုပဲ။ နေအိပ်ထဲမှာနေပြီး သံဝေဂတွေရနေပြီ ထင်တယ်နော်။ ခင်ညွန့်များ စက်တင်ဘာ အရေးခင်းတုန်းက သတင်းတွေကြားပြီး သူ့အာဏာလုဖက် ပေါက်ဖော်ကြီးတွေက သံဃာတော်တွေကိုပါ မကျန် သေနတ်နဲ့ပစ်၊ ဓါတ်တိုင်မှာ ချည်ပြီးရိုက် စတဲ့စတဲ့ သတင်းအထွေထွေကို ကြားပြီး အာဏာရှင်တွေကို မျက်မုန်းများကျိုးလေမလား၊ ဒါမှမဟုတ် အာဏာတသိုက်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်လေး ပြုတဲ့အတွက်၊ အရင်လိုပဲ ဘေးကနေ လက်ခုတ်တီး အားပေးနေမလား စတဲ့စတဲ့ ပုံရိပ်တွေဟာလည်း မကြခင် လတွေအတွင်းမှာ တရေးရေး ပေါ်ပေါက်လာမယ်လို့ ကျွန်တော့်စိတ်ထဲက တွေးထင်မြင်ယောင်မိပါတယ်။
တကယ်ဆိုရင် အခုချိန်မှာ နအဖစစ်အာဏာရှင်တွေက လွတ်ပေးသင့် လွတ်ပေးထိုက်တဲ့လူတွေဖြစ်တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်၊ (၈၈)မျိုးဆက်ကျောင်းသားများ၊ စတဲ့စတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ လူတွေကို လွတ်မြောက်ခွင့် မပေးသေးဘဲ နိုင်ငံအတွက် ဘာမှမဆိုင်တဲ့ သူတို့သောက်ဖော်သောက်ဖက်လည်းဖြစ်၊ စားဖော်စားဖက်လည်းဖြစ်၊ အာဏာလုဖက်လည်းဖြစ်တဲ့ အာဏာရှင်ဟောင်းကြီး ဗိုလ်ချူပ်ခင်ညွန့်ကို လွတ်မြောက်ခွင့် တစိတ်တဒေသ ပေးလိုက်ခြင်းဟာ ကျွန်တော့်အတွက်တင် သာမက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူသားအားလုံးအတွက်ပါ တွေးစရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အာဏာရှင်တွေဟာ ဦးနှောက်မရှိတဲ့ လူသားတွေလို့ တင်စားတာလဲ မထူးဆန်းပါဘူး။
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့ ဘ၀၊ ကောင်းမွန်တဲ့ အဆင့်အတန်းမှာ နေချင်ကြပါတယ်။ ဒါပေမဲ့ လူ့လောကကြီးမှာ အင်မတန် ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်ကြသော်လည်း စိတ်ဖိစီးမှုများ၊ စိတ်ဆင်းရဲမှုများ စတာတွေကို အများအားဖြင့်တော့ ခံစားရကြပါတယ်။ ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း အင်မတန်မှ ပြီးပြည့်စုံတဲ့ လူတွေရှိပါတယ်။ အဲ့ဒီလို ပြီးပြည့်စုံတဲ့ လူတွေဟာ ဘယ်သူတွေလဲလို့ လက်ညိုးထိုးပြ မီးမောင်းထိုးပြစရာ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ သို့ပေမဲ့ သူတို့တွေရဲ့ ဘ၀တွေဟာ အမှန်တကယ် ပြီးပြည့်စုံပြီလားလို့ ဆန်းစစ်ရပါမယ်။ ကျွန်တော့်အနေနဲ့တင်မကပဲ လူတို့ရဲ့ အတွေးရပ်ဝန်းတခုက ပြောရမယ်ဆိုရင် ယခုလက်ရှိ မြန်မာနိုင်ငံကို မတရား အုပ်ချူပ်နေတဲ့ အစိုးရတွေဟာ သူတို့လိုတာတွေကို တောင့်တလို့ရပေမဲ့ သူတို့မှာလည်း ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ၊ မပြေလည်တာတွေ စိတ်ဆင်းရဲမှုတွေ ရှိနေကြပါတယ်။ စိတ်ဆင်းရဲမှုတွေ၊ မပြေလည်တာတွေ ဆိုတာတွေကတော့ လူတို့ရဲ့ ဘ၀တကွေ့မှာ တကြိမ်တခါလောက်ကတော့ ကြုံတတ်ပါတယ်။ အဲ့ဒီစိတ်ဆင်းရဲမှုတွေ၊ မပြေလည်မှုတွေကို ဖြေရှင်းတဲ့အခါမှာ ရိုးသားဖြောင့်မတ်တဲ့ နည်းတွေနဲ့ ဖြေရှင်းနိုင်ကြသလို၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းတွေနဲ့လည်း လူတွေအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဥပမာ ကျွန်တော်က ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်နဲ့ အထင်လွဲမှု တခုဖြစ်တယ်ပဲထား။ အဲ့ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။ လွယ်လွယ်လေးရယ်ပါ။ သူငယ်ချင်းနှစ်ယောက် တယောက်ကိုတယောက် တနေရာမှာ တွေ့ဆုံကြပြီး ပြေပြေလည်လည် တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရင် ပြသနာတွေဟာ အလိုလိုပြေပျောက်သွားပြီး သူငယ်ချင်းနှစ်ယောက် အရင်လိုပဲ ချစ်ချစ်ခင်ပြန်နေကြမှာပါ။ ဒါပေမဲ့ အပေါ်က ကျွန်တော်ပြောသလို နည်းလမ်းမသုံးပဲ တယောက်နဲ့တယောက် မာနတွေထား နောက်ကွယ်မှာ တယောက်နဲ့ တယောက် မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ လုပ်ကြံကြမယ်ဆိုရင်တော့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ရလဒ်တွေဟာ မတွေးဝံ့စရာပါ။ ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းရေးလုပ်မှသာ ရပါမယ်။ အဲ့ဒီလို တွေ့ဆုံဆွေးနွေးရေး လုပ်ရာမှာလည်း ကိုယ့်ဘက်က လိုက်လျှောသင့်တာလေးတွေ လိုက်လျှောသင့်ပြီး၊ နှစ်ဖက်အပြန်အလှန် ကတိတည်ကြဖို့လိုပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ကို အုပ်ချူပ်ဖို့မဟုတ်ပါဘူး။ တိုင်းပြည် အန္ဒရာယ်မဖြစ်ရလေအောင် စောင့်ရှောက်ဖို့ပါ။ ဒီထက်ပိုတဲ့ အလုပ်တွေ မလုပ်ရပါဘူး။ တိုင်းပြည်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဗမာတပ်မတော်ကြီးကို ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ တိုင်းပြည်သူ တိုင်းပြည်သားတွေကို တုတ်နဲ့ရိုက်ဖို့ သေနတ်တွေနဲ့ပစ်ဖို့ တပ်မတော်ကြီးကို တည်ထောင်ခဲ့တာမဟုတ်ပါဘူး။ အချူပ်ထောင်ဆိုတာလည်း အဲ့ဒီလိုပါပဲ။ လူဆိုးသူခိုး ဓားမျှတွေကိုသာ ထဲ့ဖို့ ထောင်ကို တည်ဆောက်ထားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားထု တရပ်လုံးက ကိုးကွယ်ဆည်းပူး ရိုသေရတဲ့ ရဟန်းသံဃာတော်တွေကို ထည့်ဖို့၊ ကျွန်တော်တို့ နိုင်ငံအကျိုး သယ်ပိုးနေတဲ့ လူများကို ထည့်ဖို့ ထောင်ဆိုတာကြီးကို ဆောက်ထားတာမဟုတ်ပါဘူး။
ကျွန်တော်တို့က ဒီလိုရေးနေလို့လဲ နအဖကတော့ မမူပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ဆိုတာ တယောက်နဲ့ တယောက် မတူကြပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့ဒီလူက မကောင်းဘူးလို့ လူတွေအားလုံးက ထင်မြင်ကြရင် မကောင်းတဲ့လူကို ဝေဖန်ပါမှာ အဲ့ဒီမကောင်းတဲ့လူဟာ ကိုယ့်ကိုယ်ကို ပြန်ပြင်တတ်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်လည်း ဝေဖန်ပါရစေခင်ဗျား။ ။

ရှမ်းကလေး