C-Box
(Time) เวลา
Categories
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ရေးသွားတာ မကြာသေးဘူး
ကဲ အားရင်လာခဲ့ကြ
Sunday, August 26, 2012
ีDon't look for yourself, just thinking what you should do
Sunday, March 21, 2010
ပြည်တွင်းပြည်ပ ကွာချားချက်တခု
ဖြစ်ပုံက ပြည်တွင်းက အခုမှရောက်လာတဲ့ လူနာတစ်ယောက်ကို စခန်းထဲမှာ ဆေးလာကုပေးတာပါ။ လူနာဟာ တကယ့်ကို သနားစရာကောင်းတဲ့ လူနာတဦး ဖြစ်ပါတယ်။ ပြည်တွင်းကလူတွေ ပြောချက်အရကတော့ ဒီလူနာဟာ HIV/AIDS ဝေဒနာရှင်တစ်ယောက်လို့ ဆိုပါတယ်။ HIV/AIDS ဝေဒနာရှင်ဆိုလို့ ရေးလိုက်မိတော့ ကျွန်တော့်စိတ်ထဲမှာ အေစ့်ရောဂါနဲ့ သေသွားတဲ့ ကျွန်တော့်ရွာက လူတစ်ဦးအကြောင်းကို ကျွန်တော် ပြန်သတိယမိပါတယ်။ သူ့နာမည်က ဦးမိုးကျော်လို့ ခေါ်ပါတယ်။ ရွာသူရွားသားတွေရဲ့ အသိပညာနည်းပါးလွန်းတာက တကြောင်း၊ အယူသည်းတာက တစ်ကြောင်း ဦးမိုးကျော် အသေမလှခဲ့ပါဘူး။ ဦးမိုးကျော်ရဲ့ အသုဘ အဆုံးသတ်မလှခဲ့သလို ရွာသူရွာသားတွေရဲ့ အသိပညာနည်းပါးမှူကြောင့် ဦးမိုးကျော်ရဲ့ အိမ်ဟာ ရွာသူရွာသားတွေရဲ့ မီးဝိုင်းဝန်းရှို့ခြင်းကို ခံခဲ့ရပါတယ်။ ဒါဆိုရင် ဦးမိုးကျော်နဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုတွေ ဘယ်လိုဒုက်ခရောက်မလဲဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။ ဒီအကြောင်းတွေကို ကျွန်တော်လုံးလုံးကို သတိမရခဲ့မိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၄)ရက်က ကျွန်တော့်တို့ဆီကို ရောက်လာတဲ့ လူနာရဲ့ အကြောင်းကြားတော့ ကျွန်တော်ငယ်စဉ်အခါက မြင်တွေ့ခဲ့ဖူးတဲ့ ဦးမိုးကျော်ရဲ့ အဖြစ်ကို ပြန်သတိရမိလိုက်ပါတယ်။
အခုတက်လာတဲ့ ဝေဒနာရှင်ဟာ သူ့ကို အေ့စ်ဖြစ်တယ်လို့ ထင်တဲ့ လကစပြီး ၆လတိတိ ကျွန်တော်တို့ရဲ့ ရွာသူရွာသားတွေ ဥပေခါပြုထားကြောင်း ကျွန်တော် ကြားသိရပါတယ်။ ဒီလူရဲ့ ဇနီးကတော့ လူတွေရဲ့ အပြောခံရမှာ စိုးတာကြောင့် ချစ်လှစွာသော ၇ လအရွာက်သမီးလေးနဲ့၊ ၂နှစ်ကျော် သမီးလေးနှစ်ဦးကို ခွဲခွာသွားက သူ့ကိုယ့်ကို သေကြောင်းစီရင်ခဲ့ကြောင်းကိုတော့ ရွာသူရွာသားများရဲ့ ပြောဆိုခြင်းမှ ကျွန်တော်ကြားသိခဲ့ရပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးနှစ်ဦးကတော့ မိမိတို့ရဲ့ မိဘနှစ်ပါးကို အဖေအမေလို့ မခေါ်ရရှာပဲ မည်မျှ အသက်ရှင်နေထိုင်သွားရမည် ဆိုတာကိုတော့ ကျွန်တော်မခန့်မှန်းတတ်ပါ။ ငါဘယ်နေ့ သေမှာလည်း ဆိုတာကို စောင့်နေတဲ့ ကလေးတွေရဲ့ အဖေကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝစိတ်မကောင်းပါဘူး။ အသိပညာနည်းပါးလှတဲ့ ရွာသူရွာသားတွေက လူနာကို ပစ်တင်ကဲ့ရဲ့ကာ သေလူအဖြစ် ပယ်ထားတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ မိသားစု အင်မတန် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းရပါတယ်။ လေးရက်လုံးလုံး မိမိသမီးလေးနှစ်ဦးရဲ့ ဓါတ်ပုံကိုကြည့်ပြီး ပူဆွေးဝမ်းနည်းနေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော့်ရွာက ရွာသူရွာသားများ လာရောက်မြင်တွေ့ရင် ဖခင်စိတ်၊ မိခင်စိတ်နဲ့ ကိုယ်ချင်းစာကြပါ့မလားဆိုတာကိုပင် ကျွန်တော်မတွေးတတ် တော့ပါ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ်မနေနိုင်တော့ပါ။ မိဘနှစ်ဦးနဲ့ ကျွန်တော်တိုင်ပင်ပြီး ဒုက်ခသည် ဆေးခန်းပို့ပေးဖို့ ကျွန်တော် စီစဉ်ရပါတော့တယ်။ ဆေးဝါး စုံလင်တဲ့ မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ဆောင်ချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အားနည်းမှုကြောင့်တကြောင်း၊ လူနာဟာ ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်း ဘာအထောက်အထားမှ မရှိမှူတွေကြောင့် ကျွန်တော်ဒုက်သည်စခန်းကိုပဲ မှန်းမျော်ကာ အားကိုးခဲ့မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ဒုက်ခသည်စခန်းကို နောက်တစ်ခေါက်ပြန်ရောက် ခဲ့ရပါတယ်။
ဒုက်ခသည်စခန်းကို ရောက်တော့ ဆေးခန်းက တာဝန်ရှိသူများရဲ့ နွေးထွေးစွာကြိုဆိုမှူတွေကြောင့် လူနာအတွက် ကျွန်တော်ဝမ်းသာကြည်နူးခဲ့ရပါတယ်။ ခရီးတလျှောက် မောမောပမ်းပမ်း ဖြစ်ခဲ့ပေမဲ့ ယူနီဖောင်းအပြည့်နဲ့ ပြုံးရွင်လန်းဆန်းနေတဲ့ ၀န်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့ လူနာရဲ့ ရောဂါ တ၀က်ပျောက်ပြီလို့တောင် စိတ်ထဲမှာ ခံစားမိပါတယ်။ မည်သည့်ရောဂါရှင်ကိုမဆို တရောတနှော ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ဓါတ်လေးတွေကို ကျွန်တော် ထပ်မံ တွေ့မြင်လိုက်ရတော့ လူနာတွေရဲ့ အစစ်အမှန် ကယ်တင်ရှင်တွေဆိုတာ ဒီလို ဆေးရုံဝန်ထမ်းတွေသာ ဖြစ်မယ်လို့ ကျွန်တော် ထပ်မံ ခံစားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဒုက်ခသည်စခန်းမှာ လူနာကို သုံးညကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆေးခန်းရဲ့ နည်းပညာ၊ စက်ကိရိယာမြင့်မားမှူနဲ့အတူ ဆေးခန်းဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးနွေးထွေးစွာ ဆက်ဆံမှူတွေကြောင့် လူနာရဲ့ စိတ်ထဲမှာ ၀မ်းဝမ်းသာသာဖြစ်လာမယ်လို့ ကျွန်တ်ာထင်မိရင် မမှားလောက်ပါဘူး။ ပြီးတော့ ပိုက်ဆံရှိမှသာ ဒီရောဂါကို ကုသပျောက်ကင်းမှာလို့ စိတ်ထဲက စွဲလန်းနေတဲ့ မြန်မာပြည်က လူနာတစ်ဦးဟာ ဒီဒုက်ခသည်စခန်းလေးကို ရောက်လာခဲ့သည် ဆိုရင်ဘဲ ဒီတယူတန်စွဲလန်းမှူကြီး အလိုလို ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်ပါကြောင်း ပြီးတော့ ကျွန်တော် ပထမဦးဆုံး ကူညီလိုက်တဲ့ လူနာတစ်ဦးက ဒုက်ခသည်စခန်းလေးမှာ အောင်မြင်စွာ ဆေးခံယူကုသသွား နိုင်မှူကြောင့် ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူမိရင်း နိဂုံးချူပ်လိုက် ရပါတကား။
၂၀၁၀ 2010 ရွေးကောက်ပွဲတဲ့ (New)
အတိတ်ကကြယ်ပွင့်တွေ လုပ်ဆောင်သွားတဲ့ တာဝန်၊ ၀တ်တရားများကို ထိုင်ပြီး ချီးမွမ်း မနေပဲ သူတို့တွေထက် ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကိုလည်း အနာဂတ်ကြယ်ပွင့် လေးတွေ စဉ်းစားချင့်ချိန်တတ်ဖို့လိုကြောင်း တစ်စိတ်တစ်နေရာက သတိပေးလိုပါတယ်။
ကျွန်တော်နိုင်ငံရေးသမား တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ်ကို ခံယူထားတဲ့ မတတ်တခေါက် စာရေးဆရာလေး တစ်ယောက်ပါ။ ကိုယ့်နိုင်ငံကို ကြီးပွားတိုးတက် စေချင်၊ လွတ်လပ်သော ပြည်ထောင်စုဖြစ်စေချင် (စစ်တပ်ကပြောတဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု မဟုတ်ပါဘူး။) တဲ့ မြန်မာပြည် ပြည်သူလူထုထဲက လူငယ်လေးတဦးပါ။
ဒီနေရာမှာ မြန်မာနိုင်ငံ လွတ်လပ်သော နိုင်ငံကြီးဖြစ်အောင် ဒါမှမဟုတ် စစ်အာဏာရှင် စနစ်ကြီးကျဆုံးအောင် ကြိုးပမ်းနေတဲ့ နိုင်ငံရေးသမား တချို့တလေတွေရဲ့ အကြောင်းတွေကို နည်းနည်းလောက် ဝေဖန်တင်ပြချင်ပါတယ်။ ဒီနေရာမှာ ကြိုတင်တောင်းပန်ချင်တာက စိတ်ကသိကအောင်နဲ့ ၀ိုင်းဝန်းဖတ်ရှုပေးကြပါလို့ ပြောဆိုတောင်းပန်ချင်ပါတယ်။
ပြည်ပကို တိမ်းရှောင်လာတဲ့ တချို့သော နိုင်ငံရေးသမားတွေဟာ ပြည်ပကိုရောက်တော့ နိုင်ငံရေးလုပ်ကြပါတယ်။ ကြာလာတော၊ သိလာတော့ သဘောထားခြင်း မတိုက်ဆိုင်တော့ အဖွဲ့ကနေ ခွဲထွက် အဖွဲ့တခုတည်ထောင်ကြပါတယ်။ လူမှုရေး၊ ကူညီစောင့်ရှောက်ရေးတို့၊ ပညာရေးမြင့်တင်စေရေးတို့၊ ကျန်းမာရေး စသဖြင့် ကိုယ်စီကိုယ်စီ ကြိုးစားပမ်းစား လုပ်ကိုင်ကြပါတယ်။ ပြီးတော့ Donor တွေ အောက်ကျခံပြီး ရှာကြပါတယ်။ဒါတွေကို ဖွဲ့စည်းလာတဲ့ အချိန်မှာ အစမှာတော့ ပြည်ပရောက် ဒုကရောက် ပြည်သူလူထုများကို ထိရောက်စွာ ကူညီနိုင်ကြပါတယ်။ ဒါပေမဲ့ ကြာလာတော့ ဒီလိုအဖွဲ့အစည်းတွေဟာ မိုလိုပေါက် ပေါများလာပတယ်။ ဒီလို မိုလိုပေါက် ပေါများလာတဲ့အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင် ဖြစ်လာပါတယ်။ ဒါကြောင့် ဟိုအဖွဲ့က ဟိုလူ့နားသွေးထိုး၊ ဒီအဖွဲ့က ဒီလူ့နားသွေးထိုးဆိုတော့ အကူအညီလိုတဲ့ သူက ဘယ်အဖွဲ့ကို အားကိုးလို့အားကိုးရမှန်း မသိတော့ပါဘူး။ ဒါကို စာတစ်တန် ပေတတန် ရေးမနေတော့ပါဘူး။
အခုရေးမှာက ၂၀၁၀ ရွေးကောက်ပွဲကို မူတည်ပြီး ရေးပြခန့်မှန်းပြချင်ပါတယ်။ တကယ် တော့ စစ်အစိုးရတွေလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ အတိုက်အခံဘက်က နိုင်သည်ဖြစ်စေ၊ နအဖ ဘက်ကပဲ မဲများများရရှိသည်ဖြစ်စေ စစ်တပ်ကပဲ အာဏာသိမ်းတာချည်းပဲ တွေ့နေမြင်နေရပါ တယ်။ ဒီလို နအဖက အကျင့်ယုတ်၊ အနိုင်ယူမှုတွေကိုလည်း အားလုံးသော နိုင်ငံရေးခေါင်းဆောင် များ အသိဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖစစ်အာဏာရှင်တွေ စနစ်တ ကျနဲ့ အကွက်ကျကျ ပြုလုပ်သွားမယ်ဆိုတာကိုလည်း အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ ကြံ့ဖွတ်အဖွဲ့ပဲရမလား၊ ဦးအေးလွင်ခေါင်းဆောင် တဲ့ ၈၈ မျိုးမစစ်အဖွဲ့ပဲ အနိုင်ရမှာလား ဆိုတာကိုပဲ စိတ်ဝင်စားရမှာပါ။ စစ်အစိုးရလက်အောက်မှာ အကျယ်ချူပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ကတော့ ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ပါဝင် ယှဉ်ပြိုင်ရမလားဆိုတာကိုတော့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှ တိတိကျကျ သိရမယ်ဆိုတာ ကျွန်တော့်ရဲ့ ယူဆချက်တရပ်အနေနဲ့ အခုကတည်း က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုချင်ပါတယ်။ အာဏာကို အငမ်းမရ ဆုတ်ကိုင်ထားချင်တဲ့ နအဖ စစ်ဗိုလ်ချူပ်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ ဒီရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာကို နဲနဲလေးမျှ လိုလားကြမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲမှာ 88 အရေးခင်းတုံးက ဗိုလ်နေ၀င်းပြောကြားခဲ့တဲ့ “စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မပစ်တတ်ဘူး” ဆိုတဲ့စကားကို ဗိုလ်သန်းရွှေ နောက်တစ်ခါ ပြန်ပြောမိမှာကိုပဲ ကျွန်တော် စိုးရိမ်ပါတယ်။ ဒါကြောင့် 2010 ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမလား ဆိုတာကိုတောင် တွေးပူပြီး ကြောက်နေရမှာပါ။ ဒီ 2010 ရွေးကောက်ပွဲမှာ နအဖ စစ်အာဏာရှင်စနစ် ကျဆုံးဖို့ဆိုတာ ပြည်သူလူထုတွေရဲ့ သတ်တိနဲ့ အတိုင်အခံပါတီတွေရဲ့ ရဲရင့်ကျွမ်းကျင်မှုတို့ ပူးပေါင်းမှသာ ဖြစ်နိုင်မယ်ဆိုတာ ကျွန်တော်မျော်လင့်မိပါတယ်။ အဲ့ဒီအချိန်မှာ ၂၀၀၇ စက်တင်ဘာအရေးခင်း ကလို ပြည်ပလက်နက်ကိုင်တော်လှန်ရေးသမားများ လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ၂၀ ရာခိုင်နူန်းလောက်ကတော့ နအဖဘက်က အသာစီးရမယ်ထင်တာဘဲ။ ဒီလို နအဖဖက်က အနိုင်ရသွားလို့ကတော့ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေ အိုမင်းရင့်ရော်ပြီး သား၊ မြေး၊ တီ၊ တွတ်နဲ့ ဒုကတွေနဲ့ ရင်ဆိုင်သွားရမယ်ဆိုရင် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် အားလုံးတက်ညီ လက်ညီ စုပေါင်းဝိုင်းဝန်း စည်းလုံးညီညွတ်စွာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ဆောင်သွားသင့် ကြောင်း ပြည်သူတဦးအနေဖြင့် တိုက်တွန်းချင်ပါသည်။
အဓိကဆိုလိုချင်တာက တဦးကိုတဦး ၀ိုင်းဝန်းပြစ်တင်ပြောဆိုမနေဘဲ တိုင်းရင်းသား ညီအကိုမောင်နှမများ စည်းလုံးညီညွတ်စွာဖြင့် နအဖစစ်အာဏာရှင်စနစ် အဆုံးသတ်သွားအောင် ပြတ်ပြတ်သားသား ၀ိုင်းဝန်းတိုက်ခိုက်ပါရန် တိုက်တွန်းလိုချင်သော ပြည်သူတဦး။
Friday, June 13, 2008
သွေးချောင်းစီးကျမှ ဒီမိုကရေစီရမယ့် မြန်မာနိုင်ငံ
အချိန်တွေက ကြာညောင်းလှပါပြီ။ မြန်မာနိုင်ငံအနေဖြင့် ရက်စက်ကြမ်းတမ်းလှသော နအဖစစ်အာဏာရှင်ကြီးများတို့၏ လက်အောက်မှ လွတ်မြောက်ရန် တသွင်သွင် အစဉ်တစိုက် ကြိုးစားလုပ်ကိုင်လာကြသည့် အတိုက်အခံ ခေါင်းဆောင်များကလည်း အသက်အားဖြင့် တဖြည်းဖြည်း အိုမင်းလာကြပေပြီ။ ဆက်လက်ထွက်ပေါ်လာသော ရဲရဲတောက် လူငယ်အတိုက်အခံ ခေါင်းဆောင်များသည်လည်း ရေတွက်၍ မရလောက်အောင်ပင် များပြားလွန်းပေသည်။ သို့သော် ထိုလူငယ်အတိုက်အခံ ခေါင်းဆောင်များသည် တစ်ဦးနှင့်တဦး အမြင်အယူအဆများ မတူညီကြပေ။ တစ်ချို့က နအဖစစ်အစိုးရကို လက်နက်ကိုင် တော်လှန်ချင်ကြသည်။ တချို့ကမူ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် နအဖစစ်အာဏာရှင် ကြီးတွေရဲ့ လက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစားချင်ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံကို အုပ်ချူပ်နေသူများသည် ဗိုလ်ချူပ်မှူးကြီး သန်းရွေဦးဆောင်သော နအဖ စစ်အစိုးရများသာ ဖြစ်ပေတော့သည်။ ထိုမှတဖန် နအဖစစ်အာဏာရှင်ကြီးများ၏ နှိပ်စက်မှုကို ခံစားနေရသူများမှာလည်း မြန်မာနိုင်ငံထဲတွင် နေထိုင်ကြကုန်သော ပြည်သူများသာ ဖြစ်ပေသည်။
ဒီဆောင်းပါးတွင် အဓိကထားပြီး ထောက်ပြ ပြောပြချင်သည်က အကြောင်းအရာ နှစ်ခုရှိပါသည်။ ပထမတချက် နအဖစစ်အစိုးရတွေဆီက ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်းတိုက်ယူရင် ရနိုင်ပါ့မလား..၊ ဒုတိယတချက် လက်နက်စွဲကိုင်ပြီး လူပေါင်းမြောက်များစွာ သေကြေပျက်သုဉ်းပြီးမှ နအဖစစ်အစိုးရတွေဆီက ဒီမိုကရေစီ ရနိုင်မလား ဆိုတဲ့ အချက်နှစ်ချက်ကို ဆွေးနွေးတင်ပြချင်ပါတယ်။ ကဲ ကျွန်တော်တို့ သမိုင်းကို ပြန်လှန်ကြည့်ရအောင်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး မေ့၍မရနိုင်သော လူတစ်ဦး၊ မြန်မာတင် သာမက ကမ္ဘာကပါ ကြည်ညိုလေးစားရသည့် လူတဦးကို လက်ညိုးညွန်ပြပါဆိုလျှင် ကျွန်တော်တင် သာမက ကျွန်တော်တို့ရဲ့ မြန်မာ နိုင်ငံသူနိုင်ငံသား အားလုံးက ဗိုလ်ချူပ်အောင်ဆန်းကိုသာ အမှတ်ရ အောင့်မေ့ကြပေလိမ့်မည်။ ဗိုလ်ချူပ်ရဲ့ ရဲရဲတောက် ကြိုးပမ်းပုံတွေ၊ မည်သို့မည်ပုံ အမိမြန်မာပြည်အတွက် လွတ်လပ်ရေး ရရှိအောင် ကြိုးစားခဲ့ပုံတွေကို ထိုင်ရေးရရင် မပြီးနိုင်တော့ပါဘူး။ ဒါကြောင့် အကျဉ်းချုံးအနေနဲ့သာ ရေးပါမည်။ ဗိုလ်ချူပ်ဟာ အင်္ဂလိပ်တွေဆီက မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ဘယ်လိုယူခဲ့သလဲ? ဒီမေးခွန်းကို အားလုံး သိမယ်လို့ ထင်ပါတယ်။ လက်နက်စွဲကိုင်ပြီး အင်္ဂလိပ်တွေကို ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်ပြီးမှ ဗိုလ်ချူပ်တို့တတွေ မြန်မာနိုင်ငံအတွက် လွပ်လပ်ရေး အရယူခဲ့ခြင်း ဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ အချိန်တွေတုန်းက ဆိုရင်လည်း မြန်မာနိုင်ငံသားတွေ သေဆုံးကြမည်ဆိုသည်မှာ မလွဲမသေပါပဲ။ စစ်တခု ဖြစ်ပြီဆိုရင်တော့ လူ့အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးဖို့ဆိုတာကို ကြိုတွေးပြီးမကြောက်သင့်ပါဘူး။ ထိုနည်းတူပါပဲ အခုအချိန်မှာ နအဖစစ်အစိုးရတွေဆီက လွတ်မြောက်အောင် ကြိုးစားဖို့ ဆိုရင်လည်း လမ်းတကာ လျှောက်အော်ပြီး တောင်းလို့ မရတော့ပါဘူး။ သွေးထွက်သံရိုမှုတွေ အနည်းနှင့်အများတော့ ရှိရပါလိမ့်မယ်။ ဒါပေမဲ့ အခုမှာတော့ နအဖဖက်က သွေးတစက်မှ မြေမကျပဲ အပြစ်မဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၏ သွေးစီးကြောင်းများသာ မြေခနေရပါသည်။
ရှစ်လေးလုံးတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုကိုပဲ ကြည့်ပါ။ ပြည်သူတွေ ဘယ်လောက် သေကုန်သလဲ။ ဘယ်သူတွေက ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သလဲ။ စစ်သားဆိုတာ မိုးပေါ်ထောင်မပစ်ဘူး..၊ လူ့တည့်တည့်ပဲ ပစ်သတ်တယ်ဆိုတဲ့ စကားက ဘယ်သူပြောခဲ့သလဲ။ ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချူပ်နေ၀င်း ပြောခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော် ရှစ်လေးလုံးအရေးတော်ပုံကြီးကို မမီလိုက်ပါဘူး။ ဒါပေမဲ့ စစ်သားဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး..၊ လူတည့်တည့်ပဲ ပစ်တယ်ဆိုတဲ့ ဗိုလ်နေ၀င်းပြောခဲ့တဲ့ ဗွီဒီယို ဖိုင်လေးကိုတော့ ကြည့်လိုက်ရပါတယ်။ ၈၈၈၈ လေးလုံးတုန်းကဆိုရင် တပ်နဲ့ပြည်သူများ ပူးပေါင်းခဲ့တယ်ဆိုတာ ဓါတ်ပုံများနှင့်တကွ သတင်းများနှင့်တဖုံ အသီးသီးဖတ်ရှုရပါတယ်။ တပ်နဲ့ပြည်သူ ပူးပေါင်းပြီး အေးချမ်းစွာနဲ့ပဲ စစ်အစိုးရ ဖြုတ်ချရေး၊ စစ်တပ်ကြီး စစ်တမ်းကို ပြန်သွားရေး..၊ စသည်တို့ကို တောင်းဆိုခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ သို့သော် လူပေါင်းမြောက်များစွာ သေဆုံးခဲ့သော ၈၈ အရေးခင်းကြီးကို စိတ်ထဲကနေ တွေးပြီးကြည့်လိုက်တော့ အော.. ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်နေကြပါလားဆိုပြီး စိတ်ထဲမှာ ၀မ်းနည်းမဆုံးဖြစ်ခဲ့ရပါတယ်။ ၈၈ အရေးခင်းကတည်းကသာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွပ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်ဖို့ ဆိုတာ မရှိတော့ပါဘူး။ စစ်အာဏာရှင်ဆိုးကြီး ဗိုလ်ချူပ်သန်းရွေဆိုတာလည်း ပေါ်ထွန်းလာမှာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီပဲယင်း၊ စက်တင်ဘာအရေးအခင်း.. စတဲ့စတဲ့ အရေးခင်းတွေဟာ မြန်မာပြည်သူတွေ အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးစေခဲ့တဲ့ အချိန်ကာလတွေ ဖြစ်ခဲ့ရပြီ မဟုတ်လား။ ဒါတွေဟာ မည်သူတစ်ဦးမှ လက်နက်စွဲကိုင်ပြီး စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အတိုက်အခံများအားလုံးနှင့် ပြည်သူလူထုများသာ နအဖ စစ်အစိုးရကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် သွေးစီးကျနေသော နိုင်ငံတနိုင်ငံ ဖြစ်သွားပေလိမ့်မည်။ ဤသည်ကား ငြိမ်းချမ်းခြင်းကို အသုံးပြု၍ ဒီမိုကရေစီကို အရယူလိုသော အတိုက်အခံ ခေါင်းဆောင်များနှင့် ပြည်သူများကို စဉ်းစားချင့်ချိန်နိုင်ရန် ထောက်ပြခြင်းသာ ဖြစ်ပါသည်။
နိုင်ငံကို အုပ်ချူပ်မင်းလုပ်နေတဲ့ ဗိုလ်ချူပ်ကြီးများဟာ မိမိနိုင်ငံသူ နိုင်ငံသားအပေါ် မည်မျှ ရက်စက်သည်ကို သိချင်လျှင် ဒီပဲယင်းအရေးခင်းကိုသာ ပြန်မြင်ကြည့်လိုက်ပါ။ တဖက်သတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒီပဲယင်းအရေးခင်းမှာ လူတွေဘယ်လောက် သေကြေသွားသလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိပါ။ သေသွားတဲ့ လူတွေဟာ NLD အဖွဲ့ဝင်များ ဖြစ်သည်ပဲထား..၊ NLD အဖွဲ့ဝင်များဟာလည်း မြန်မာနိုင်ငံသားများသာ ဖြစ်ပါသည်။ ကိုယ့်လူမျိုးကို ပြန်သတ်တဲ့ အစိုးရကို မည်သူမဆို မုန်းကို မုန်းသင့်ပါသည်။ ဒါကို အပေါ်ဖားအောက်ဖိလို့ ပြောလို့တော့မရပါဘူး။ ဒီပြစ်မှုတွေဟာ လူသတ်မှုပါ။ လူသတ်မှုကြီးကို ဘယ်ရှေ့နေတွေက လူသတ်တရားခံကြီးများကို ဖော်ထုတ်ခဲ့လို့လဲ။ ဒီပဲယင်းအရေးခင်းမှာ နအဖစစ်အာဏာရှင်တွေက NLD အဖွဲ့ဝင် မြောက်ပေါင်းများစွာကို ဗြောက်ကျကျ တိုက်ခိုက်ရိုက်နက်ခဲ့ရမှာ သေဆုံးသည်အထိ သတ်ပစ်ခဲ့ကြတယ်ဆိုရင်၊ ခိုးကြောင်ခိုးဝှက်နဲ့ သတ်ပစ်ခဲ့တဲ့ လုပ်ရပ်တွေကို ဘယ်သူတွေ သိနိုင်မှာလဲ။ ဒါတွေဟာ ဘယ်သူတစ်ဦးမှ သူတို့ကို လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ပဲ မြန်မာနိုင်ငံပြည်သူတွေကို လိုက်စည်းရုံးနေရာမှ ဖြစ်ရတဲ့ ပြသနာပါ။ ဒီလိုလိုက်စည်းရုံးရုံနဲ့ လူဒီလောက်သေရတယ်ဆိုရင် ပြည်တွင်းထဲမှာသာ လက်နက်စွဲကိုင်ပြီး တော်လှန်သည့် အရေးအခင်းများသာ ရှိခဲ့မည်ဆိုလျှင် ပြည်သူများ မည်မျှ သေကြေရမည်နည်း။ သင်တို့ တွေးကြည့်ပါ။ အဓိကအားဖြင့် နအဖအာဏာရှင်ကြီးများနှင့် ငြိမ်းချမ်းရေးအရ ဆက်ဆံလိုသော လူများ တွေးကြည့်သင့်ပါသည်။
တကယ်လို့သာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ၊ နိုင်ငံတကာ အစရှိတဲ့ သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ နအဖစစ်အစိုးရကို ဖြုတ်ချဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း သိရှိကြဖို့ လိုပါပြီ။ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပြန်ရင်လည်း အပိုအလုပ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေနဲ့ နအဖတွေက ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့ပါဘူး။ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း စတဲ့ သတင်းတွေကိုပဲ ကြားနေရပါတယ်။ နအဖက ဖမ်းလိုက် ပြန်လွတ်လိုက်နဲ့ သံသရာလည်နေတဲ့ ပြုမူဆောင်ရွက်ချက်တွေကို ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေဘက်ကပဲ ရပ်သင့်ရင် ရပ်ရပါတော့မယ်။ ရွေဝါရောင်တော်လှန်ရေးလို့ အမည်ပေးထားတဲ့ စက်တင်ဘာအရေးခင်းတုန်းကဆိုရင် ကျွန်တော်တို့ ကိုယ်တွေ့ပါ။ စစ်သားက ပြည်သူတွေကို မညှာတာဘူးဆိုတဲ့ အသိဥာဏ်လေးတခုကို ကိုယ့်စိတ်ထဲမှာ စွဲစွဲမြဲမြဲ သွင်းထားသင့်ပါပြီ။ ရဟန်းသံဃာတော် အပါးမြောက်ပေါင်းများစွာ ဦးဆောင်တဲ့ စက်တင်ဘာအရေးခင်းမှာ လူဘယ်လောက် သေဆုံးခဲ့သလဲ..၊ လူဘယ်လောက်ပျောက်ဆုံးခဲ့သလဲ၊ ရဟန်းသံဃာတော်များ မည်မျှ အဖမ်းခံရသလဲ..၊ ဒါတွေကို ကျွန်တော်တို့ အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။ အစဉ်အဆက်က ရိုသေလာတဲ့ သံဃာတော်တွေဟာ နအဖ စစ်တပ်လက်ထက်မှာ ထောင်ထဲရောက်ကုန်တယ်၊ အရိုက်ခံရကုန်တယ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ရာဇ၀င် ရိုင်းလွန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရဟန်းသံဃာတော်တွေ နေထိုင်တဲ့ ကျောင်းထဲကို ဖိနပ်တောင် စီးခွင့်မရခဲ့ပါဘူး။ အခုတော့ ကောင်းကြသေးရဲ့လား။ စစ်သားစီးတဲ့ ဖိနပ်က ရဟန်းသံဃာတော်တွေရဲ့ ခေါင်းပေါ်ရောက်လိုရောက်၊ လက်နက်ကိုင် စစ်သားတွေကို ရဟန်းသံဃာတော်တွေက ထိုင်ပြီး ရှိခိုးရလိုရှိခိုး၊ သူခိုးလူဆိုးတွေရိုက်တဲ့ တုတ်တွေက ရဟန်းသံဃာတော်တွေကို ရိုက်လိုရိုက်နဲ့ နအဖလက်ထက်မှာ ဗြောင်းဆန်ကုန်ပါပြီ။ အထူးသဖြင့် ဗိုလ်ချူပ်မှုးကြီး သန်းရွေဦးဆောင်တဲ့ နအဖစစ်အစိုးရ အုပ်စုလို့ ပြောရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ အဓိက ပြောချင်ကတော့ဗျာ နအဖကို လက်နက်နဲ့ တိုက်ရုံမှတပါး အခြားရွေးစရာ လမ်းမရှိတော့ပါဘူး။ လက်နက်နဲ့ တိုက်ရင် လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးမယ်ဆိုတာကတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီတိုင်းပဲ နည်းနည်းစီ ငြိမ်းငြိမ်းချမ်းချမ်းလေး ဆန္ဒပြနေလို့လည်း နောက်ထပ်အနှစ် ၂၀ ထပ်ကြနေပါလိမ့်မယ်။ ပြည်သူတွေကို သေစေချင်လို့ မဟုတ်ပါဘူး။ ဒီဆောင်းပါးကို ဝေဖန်ချင်လည်းဝေဖန်ပါလိမ့်မယ်။ ဘယ်လိုဝေဖန်မလဲဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး။ ဖြစ်နိုင်တဲ့ ဝေဖန်ချက်တခုကတော့ မင်းဒီလောက်တောင် လူတွေ သေစေချင်သလားဆိုတဲ့ မေးခွန်းမျိုးပါပဲ။ အဲ့ဒါဆို ကျွန်တော်က စာနဲ့ရေးနေတာပါ။ တကယ်လက်တွေ့လုပ်နေတဲ့ နအဖတွေကိုသာ ပြန်သွားမေးပါလို့ မေးတဲ့လူကို ကျွန်တော် ကြိုတင် ဖြေရှင်းချက်ပေးပါရစေ။
ရှမ်းကလေး
Friday, May 30, 2008
”နာဂစ်အလွန်“
ဆုံးရှုံးသွားစေခဲ့တဲ့
ပြင်းထန်တဲ့ လှိုင်းလုံးကြီးကတော့
နာဂစ်သာ ဖြစ်ပါလေသတည်း..
ရက်စက်လွန်းပါပေ့
နာဂစ်ရယ်လို့” မြန်မာနိုင်ငံသားများတင်မက ကမ္ဘာသူ၊ ကမ္ဘာသားများပါ ညည်းတွားရသည့် အန္တာရာယ်ဆိုးကြီး တစ်ခုသာ ဖြစ်ပေတော့သည်။
”နာဂစ်ရယ်၊ တကယ်မချစ်လို့၊ တွယ်ပစ်ပြီလား”လို့ ကဗျာတောင် ဖွဲ့ဆိုရမလို့ ဖြစ်နေပါပြီ။ ဟိုမလုပ်ရ၊ ဒါမလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ၊ အစရှိသဖြင့် ပြင်းထန်တဲ့ အာဏာစက်ကွင်းတွေထဲမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသားများကို နာဂစ်က ထက်ပြီး အပူစက်ကွင်းကြီးတခု ပေးဆောင်သွားခဲ့လေပြီ။
နအဖ စစ်အစိုးရလက်ထက်တွင် မတိုးတက်ခဲ့သော မိမိတို့ နိုင်ငံတော်ကြီး နာဂစ်ကြောင့် စစ်ကျွန်ဖြစ်ခဲ့ရလေပြီ။ နာဂစ်မုန်တိုင်းကြီးက မိမိတို့ ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးသွားခဲ့လေပြီ။ နာဂစ်မုန်တိုင်းကြီး လာရောက်ချွေယူ တိုက်စားသွားသော အသက်၊ အိုးအိမ်၊ စည်းစိမ်များသည် မိမိတို့ အမိမြေအတွက် အဓိက အထောက်အကူပြုသော အရာများသာ ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတိုင်း နေ့စဉ်နှင့်အမျှ စားသောက်နေရသော ဆန်၊ စပါးများ အများဆုံး ထွက်ရှိရာ အရပ်သည် ယခုနာဂစ် တိုက်စားယူဆောင်သွားသော မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းကြီးပင် ဖြစ်ပါတော့သည်။ ဧရာဝတီတိုင်းတွင် ဧရာဝတီသားများ နေထိုင်ကြသည်။ ဧရာဝတီသားများသည် ဆန်စပါး၊ သီးနှံ၊ ဆီ၊ ပဲ အစရှိသဖြင့် လူ့စားသောက်ကုန်များကို စိုက်ပျိုးကြသည်။ ၎င်းတို့ စိုက်ပျိုးသော ဆန်စပါးများ၊ ကောက်ပဲသီးနှံများကို မြန်မာနိုင်ငံသားများတင်မက နိုင်ငံတကာက ၀ယ်ယူ စားသုံးကြသည်။ နိုင်ငံတကာက ၀ယ်ယူင ရရှိလာသော အကျိုးအမြတ်များကို စိုက်ပျိုးသူ ဧရာဝတီတိုင်းသားများ မခံစားရ။ ရရှိလာသော ငွေကြေးများသည် မြန်မာနိုင်ငံကို အုပ်ချူပ်မင်းလုပ်နေသော နအဖစစ်အာဏာရှင်ကြီးများသာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးတွင် အသုံးပြုကြသည်။ ပြည်သူ့အတွက်အလို့ငှာ ရရှိလာသော ငွေကြေးများကို ပြည်သူ့အတွက် အနည်းအကျဉ်းလေမျှ မချန်ထား။ ရသမျှ အကုန်ယူသော ၎င်းတို့(နအဖ)၏ စိတ်ဓါတ်ကို အလွန်ရွံ့ရှာမိသည်။ ဤသည်မှာ နအဖစစ်အစိုးရ အုပ်ချူပ်နေသော မြန်မာနိုင်ငံ၏ ပုံသေနည်းများပင် ဖြစ်ပေတော့သည်။ ဆန်စပါးများ ကောက်ပဲသီးနှံများကို စိုက်ပျိုးသူများသည် ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။ ထိုနည်းတူစွာပင် နာဂစ်ကြောင့် သေဆုံးသူများ အများအပြားမှာလည်း ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။
ယခုမူကား မြန်မာနိုင်ငံ၏ အဓိက အထောက်အကူပြုသော ဧရာဝတီကြီးကို နာဂစ်က ချေမွခဲ့လေပြီ။ သန်းပေါင်းများစွာ ဒုက္ခရောက်သော မိမိတို့ မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ရောက်ရှိလာသော အမေရိကန်၊ ပြင်သစ် စစ်သင်္ဘောကြီးများကိုလည်း ယခုထိတိုင် ၀င်ခွင့်မပေးသူများမှာ နအဖစစ်အစိုးရများသာ ဖြစ်ပေတော့သည်။ အကူအညီများကို ပေးခွင့်ပြုသောအခါတွင်လည်း အကူအညီပေးသူများ၏ အလှူပစ္စည်းများသည် ဒုက္ခအဖုံဖုံ ရောက်ရှိနေသည့် ပြည်သူများထံသို့ မရောက်ရှိခဲ့ပေ။ ထိုပစ္စည်းများမှာ ဈေးကွက်စီးပွားရေးသို့ ရောက်ရှိကုန်ကြသည်။ နအဖတွေရဲ့ ရိုင်းစိုင်းစွာ လုပ်ရပ်များကို အတိုင်အခံတွေက ကဲ့ရဲ့ရှုံ့ချကြသည်။ နိုင်ငံတကာရောက် မိမိပြည်ကို ချစ်မြတ်နိုးသော၊ မိမိတို့ လူမျိုးများကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံလူမျိုးများကလည်း ဒုက္ခအမျိုးမျိုးရောက်ရှိသော မြန်မာပြည်သူများကို ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နိုင်ငံတကာရောက် မြန်မာကျောင်းသား၊ ကျောင်းသူများကလည်း တတ်နိုင်သမျှ လှူကြသည်။ ပြည်သူတို့ချစ်သည့် အနုပညာရှင်များကလည်း တတ်နိုင်သလောက်လှူဒါန်းကြသည်။ နိုင်ငံကျော် ဘောလုံးသမားများကလည်း ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နာမည်ကြီး ဘုန်းတော်ကြီးများကလည်း အားကြိုးမာန်တက် လှူဒါန်းကြသည်။ သို့သော် ဆရာတော်ဘုန်းတော်ကြီးများ၊ အနုပညာရှင်များ၊ ဘောလုံးသမားများ၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံကိုချစ်သော လူများ အစရှိသဖြင့် နအဖတို့က လှူခွင့်ပြုသော အလှူရှင်များ၏ အလှူပစ္စည်းများသည် ယခုလက်ရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုအားလုံး၏ ဘ၀အတွက် ပြီးပြည့်စုံမှုတော့ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ပြောရမည်ဆိုလျှင် နိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရများက လှူဒါန်းလာသော အလှူရှင်များ၏ အလှူပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် အကြောင်းပြကာ ပိတ်ပင်ကြသည်။
နိုင်ငံတကာက လှူဒါန်းသော အလှူပစ္စည်းများသည်လည်း အလိုလိုပျောက်ကွယ်ကုန်ကာ စီးပွားရေး ဈေးကွက်သို့ ရောက်ရှိကုန်သည်။ မြန်မာနိုင်ငံသားများအကြိုက် အမေရိကန်ထုတ် စစ်မိုးကာကြီးများမှာလည်း စီးပွားရေး ဈေးကွက်တွင် ၁ ထည်လျှင် ၈၀၀၀ ကျပ်၊ နိုင်ငံတကာမှ ပေးလှူသော ဆန်ကောင်းများသည်လည်း နအဖစစ်အာဏာရှင်ကြီးများလက်ထဲသို့ ရောက်ရှိသွားသောအခါ ဂျပိုးဆန်များသာ ဖြစ်ကုန်သည်။ အဟာရပြည့်ဝစေသော ဘီစကွတ် မုန့်များသည်လည်း ဗိုလ်ချူပ်တို့၏ ဗိုက်တွင်းသို့ ရောက်ကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တိုင်း ဗိုက်ပူကြသည်။ နိုင်ငံတကာက လှူဒါန်းသော အ၀တ်အထည်များသည်လည်း နအဖစစ်ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးတို့၏ ကိုယ်ပေါ်တွင် အလိုလိုရောက်ရှိကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးများ အချင်းချင်း မတည့်ကြကုန်။ တဦးပေါ်တဦး အတင်းအဖျင်း ပြောကြသည်။ နောက်ဆုံးတွင် မြန်မာလူထုများသာ စိတ်ဆင်းရကြရကုန်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံကြီးသည် နာဂစ်ကို ကျော်လွန်ခဲ့လေပြီ။ နာဂစ်ကလည်း မြန်မာနိုင်ငံကြီးကို တိုက်စားကာ နာမည်ဆိုးကြီးကို ယူဆောင်သွားခဲ့လေပြီ။ သို့သော်၊ သို့သော် နာဂစ်လွန်သွားသော်လည်း အတိဒုက္ခရောက်ပြီး ကျန်ရစ်သူများသည် နအဖစစ်အစိုးရများ မဟုတ်၊ အတိုင်အခံပါတီများမဟုတ်၊ မြန်မာနိုင်ငံတွင် နေထိုင်ကြကုန်သော ပြည်သူလူထု ကြီးများသာ ဖြစ်ကြပေတော့သည်။ ဗိုလ်ချူပ်သိန်းစိန်ကလည်း မြန်မာလူထု ဒုက္ခသည်များ လိုအပ်သော ပစ္စည်းစာရင်းများကို လာရောက်မေးမြန်းကာ အိမ်ပြန်သွားသည်။ ဗိုလ်ချူပ်သန်းရွေကလည်း မုန်တိုင်းတိုက်ပြီး ရက်အတော်ကြာမှ စူပုတ်သော မျက်နှာထားနှင့် အများသူငှာပြောသော ဒုက္ခသည်အတုများကို လာရောက်ကြည့်ရှုသွားခဲ့သည်။ ဗိုလ်ချူပ်သန်းရွေမှာမူကား ဘုမသိ၊ ဘမသိသော အများသူငှာပြောသည့် ဒုက္ခသည် အတုအယောင် ၁၀ ယောက်ခန့်၏ ရှိခိုးဦးချခြင်းကို ခံယူပြီး ပီတိတွေဖြာကာ လက်နက်ကိုင် အခြံအရံမြောက်ပေါင်းများစွာနှင့် ပြန်ထွက်ခွာသွားခဲ့သည်။ အစစ်အမှန် ဒုက္ခရောက်နေသော အမိပြည်သူလူထုများက ၎င်းတို့ထံမှ အကူအညီများကို အပြည့်အ၀ မရရှိခဲ့ပေ။ ထိုထိုသို့သော် နအဖ၏ မကောင်းလုပ်ရပ်များကို အတိုက်အခံပါတီများကလည်း အတင်းပြောခြင်းဖြင့်သာ ပြီးဆုံးခဲ့လေသည်။ ပြည်တွင်းတွင် ဆန္ဒပြကြကုန်သော အန်အဲလ်ဒီ လူငယ်များကလည်း အဖမ်းခံရကုန်သည်။ နအဖတို့၏ တဖက်သတ် လူထုဆန္ဒခံယူပွဲတွင် ကောက်ခံသော ဆန္ဒမဲများသည်လည်း ၉၂% နှင့် အောင်မြင်စွာ အပြီးသတ်ခဲ့လေသည်။ နောက်ဆုံးတွင် နအဖတို့ သက်ဆိုးရှည်ခဲ့ကြသည်။ နောက်တဖန် ဘလောဂ့်ဂါ ရပ်ဝန်းတွင်လည်း တဦးပေါ်တဦး တိုက်ခိုက်ရေးသားကြသည်။ အကူအညီ အပြည့်အ၀နှင့် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသော အမေရိကန် စစ်သင်္ဘောကြီးများမှာလည်း ပြည်တော်ပြန်ကြပေတော့မည်။ အမေရိကန်က မြန်မာစစ်အစိုးရကို ၀င်တိုက်တော့မည်ဟု ၀ါဒါဖြန့်သော လူများကလည်း အသံများ တိတ်ကုန်ကြသည်။ အမေရိကန် ၀င်တိုက်တာကို ရှုံ့ချသော လူများသည်လည်း ၀မ်းသာကုန်ကြသည်။ အမေရိကန်ကို လိုလားသော လူများကလည်း မြန်မာနိုင်ငံတွင်းရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုများသည် အမေရိကန်စစ်တပ်ကြီးကို အလိုရှိသည်ဟု အကြီးအကျယ်ဝါဒါ ဖြန့်ကြသည်။ နောက်ဆုံးတွင် အယူအဆခြင်းမတူညီသောကြောင့် မြန်မာအချင်းချင်း ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုကုန်ကြသည်။ နောက်ဆုံးတွင် နိုင်ငံတကာက မြန်မာလူမျိုးများသည် အများသူငှာရှေ့တွင် တူမတူအောင် ယဉ်ကျေးသည်ဟူသော ဓလေ့ ပျောက်ပျက်ကုန်သည်။
နောက်ဆုံးနာဂစ်အလွန်တွင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာတစ်ခုကား အကျယ်ချူပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရများက အရှက်မရှိ သက်တမ်း (၁)နှစ် ထပ်မံတိုးကာ အကျယ်ချူပ် ချလိုက်ကြောင်း သိရလေသတည်း။
ရှမ်းကလေး
Thursday, May 8, 2008
“ နောက်ဆုံးတွင် ပြည်သူသာ ရင်ကျိုးရမည်”
ပထမ ၁ရက် ၂ ရက် ဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီးခါစ မြန်မာပြည်သူ ပြည်သားများ အယောက် ၃၀၀ ကျော်သေဆုံးချိန်တွင် အမေရိကန်နိုင်ငံက ပေးသော အကူအညီကို မြန်မာစစ်အစိုးရခေါင်းဆောင်များက ငြင်းဆိုသည်။ သို့သော် မကြာပါ။ လူထောင်ပေါင်းများစွာ သေဆုံးသော သတင်းကို ကြားသောအခါ နအဖစစ်အစိုးရ ခေါင်းဆောင်များ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြသည်။ အကူအညီပေးရန် နိုင်ငံတကာကို တောင်းဆိုကြသည်။ အမေရိကန်က ဒေါ်လာ ၃ သန်း အကူအညီပေးမည်ဟု ပြောဆိုသော အခါ ဒေါ်လာ ၅ သန်းပေးပါဟု မြန်မာစစ်အစိုးရများက တောင်းဆိုပြီး၊ ထိုငွေများအား ၎င်းတို့ လက်ထဲသို့ အရောက်ပို့ပေးပါဟု တောင်းဆိုကြသည်။ ဤတွင် မြန်မာစစ်အစိုးရတို့၏ မရိုးသားမှု တစ်ရပ်ကို တွေ့ရပြန်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပညာတတ်လူငယ်အများစုသည် နိုင်ငံတကာသို့ ပညာသင် ထွက်ကြသည်။ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ရှရှား၊ တရုတ်၊ အစရှိသဖြင့် နိုင်ငံတွေတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မွေးဖွားသောသူများ ပညာလာသင်ကြသည်မှာ အားလုံးအသိပင် ဖြစ်ပေသည်။ ထိုသို့ပညာ သင်နိုင်စေရန်အတွက် ၎င်းတို့မိဘ ဘိုးဘွားများက ပညာသင်စရိတ်များကို ကြိုးစားပမ်းစား ရှာကြရသည်။ တနေ့တွင် သူတို့၏ သား၊ သမီးများက ပညာသင်ကြားပြီး ပြန်ရောက်လာလျှင် မိမိတို့ကို တဖန် ပြန်ရှာကျွေးလိမ့်မည်ဟု မိဘဖြစ်သူ အားလုံးကလည်း မျော်လင့်ထားကြသည်။ မိဘအားလုံးကလည်း ထိုသို့ မျော်လင့်သကဲ့သို့ ပညာသင်ယူသူ သားသမီးများ အားလုံးကလည်း မိမိတို့ ပညာသင်ကြားပြီး အမိမြေသို့ ပြန်ရောက်သော် မိမိတို့၏ မိဘများကို တဖန် ကျေးဇူးဆပ်ကာ ပြန်လည်လုပ်ကျွေးကြမည်ဟု ၎င်းတို့စိတ်ထဲတွင် မှတ်ယူထားကြမည် ထင်ပါသည်။ အားလုံးသော ပညာတော်သင် လူငယ်များအား မဆိုလိုပေ။ မည်သူသည် မည်သည့်အမျိုးအစားထဲတွင် ပါဝင်မည်ဟုဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် ၎င်းတို့သိပါလိမ့်မည်။ ထိုပညာတော်သင် လူငယ်၊ လူရွယ်များမှာ မြန်မာပြည်၏ မြို့တော်အမျိုးမျိုးမှ ဖြစ်နိုင်သလို၊ ရွာအသီးသီးမှလည်း ဖြစ်နိုင်ပါသည်။ အများအားဖြင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ ဖြစ်မည်ဟုလည်း ကျွန်ုပ်ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အွန်လိုင်းများပေါ်ရှိ ချက်ရွန်းများပေါ်တွင် တခါတလေတွင် သွားရောက်လည်ပါတ်ဖူးသည်။ ထိုချက်ရွန်းများတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ရောက်ရှိနေသည် မြန်မာလူမျိုးများသာ ၀င်ရောက်လေ့ရှိသည်။ ထိုသူတို့နှင့် ကျွန်ုပ်စကားပြောဖြစ်ကြသည်။ အများအားဖြင့် ကျွန်ုပ်နှင့် စကားပြောဆိုဖူးသော မြန်မာလူမျိုးများသည် ရန်ကုန်မြို့မှ လာကြသည်ဟု သိရှိရသည်။ အချို့မှာမူ မန္တလေးမှလည်း ဖြစ်နိုင်ပါသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသို့ ပညာလာသင်သော လူငယ်များသည် မြန်မာနိုင်ငံ တ၀ှမ်းမှ ဖြစ်သည်။
ယခု မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်စီးလေပြီ။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီဟုခေါ်သော မြန်မာနိုင်ငံတွင် ဆန်စပါးပေါကြွယ်ဝသော၊ မြန်မာလူမျိုးများ စိုက်ပျိုးမွေးမြူရာတွင် အဓိက အားထားရသော တိုင်းကြီးတစ်ခုလုံးကို သာမက ရန်ကုန်၊ မကွေး၊ ပဲခူး စသော မြန်မာနိုင်ငံ၏ မြို့များကို ဆိုင်ကလုန်းမုန်တိုင်းကြီးက ဘီလူးကြီးသဖွယ် ၀ါးမြိုသွားလေပြီ။ အသေအပျောက် ၁၀၀၀၀၀ ကျော်ခန့်ရှိသော မြန်မာပြည်သူလူထုကြီးများသည် နိုင်ငံတကာသို့ ပညာတော်သင် ထွက်သွားသော လူငယ်များ၏ ဘိုးဘွားမိဘ ဆွေမျိုးများ မပါနိုင်ပါဟု မည်သူတွေက ပြောနိုင်လိမ့်မည်နည်း? ထိုပညာ သင်သွားသော လူငယ်များသည် ဧရာဝတီတိုင်းမှ လူမျိုးများ မဟုတ်ဟု မည်သူတွေက ပြောနိုင်လို့လည်း? အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော ပြည်သူလူထုကြီးသည် နိုင်ငံတကာတွင် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသော သူများသာမက၊ ပညာသင်ကြားနေသော မြန်မာလူမျိုးများ၏ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးများ မပါပါဟု အတိအကျပြောနိုင်ပါရဲ့လား? မပြောကောင်းမဆိုကောင်း အကယ်၍ ထိုလူငယ်များ၏ မိဘ၊ ဘိုးဘွား ဆွေမျိုးများသာ ပါခဲ့သည် ရှိသော ၎င်းတို့ အနေဖြင့် မည်သို့ခံစားရမည်နည်း? နအဖစစ်အစိုးရအနေဖြင့် ထိုလူငယ်များ၏ ကိုယ်စား စဉ်းစားသင့်သည်။ နောင်တချိန်တွင် ထိုလူငယ်များသည် နိုင်ငံတော်၏ အားထားရသော လူများဖြစ်နိုင်ပေသည်။ ထိုလူငယ်များသည် မိမိတို့ တတ်သမျှ ပညာများကို အမိမြေတွင် အသုံးချမည်ဟုလည်း ယုံကြည်ရမည်။ ယခုအချိန်တွင် မုန်တိုင်းတိုက်စားမှုကြောင့် သေဆုံးသူများသည် မည်သူမည်ဝါ၏ မိဘ၊ ဆွေမျိုး၊ ဘိုးဘွား၊ သားသမီးများဖြစ်သည်ကို စာရင်းဇယားအနေဖြင့် မထုတ်နိုင်သေးပါ။ စစ်အစိုးရအနေဖြင့် ထုတ်လိမ့်မည်ဟုလည်း မိမိအနေဖြင့် မယုံကြည်ပါ။
အဓိကအနေဖြင့်တော့ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို နိုင်ငံရေးအရ မစဉ်းစားပဲ၊ မတွေးကြည့်ပဲ ယူသင့်ပေသည်။ အကယ်၍ စစ်အစိုးရအနေဖြင့် မိမိတို့၏ အာဏာမြဲရေးသာ ကြည့်နေမည်ဆိုလျှင် ပြည်သူလူထုက ဆိုင်ကလုန်း မုန်တိုင်းကြီးကို မုန်းသော ရာဇ၀င်ကြီးသည် ပြည်သူလူထုကြီးက နအဖစစ်အစိုးရ အုပ်စုကို မုန်းသော ရာဇ၀င် ကြီးသာ ဖြစ်သွားပေမည်။ နောင်တချိန်တွင် ဆိုက်ကလုန်း မုန်တိုင်းကြောင့် မြန်မာပြည်သူလူထု အများအပြား သေဆုံးရသော နေ့ရက်ကို နအဖစစ်အစိုးရတို့၏ အဆုံးစွန်ကောက်ကျစ် ယုတ်မာသော နေ့ရက်အဖြစ် မြန်မာနိုင်ငံ ပြည်သူလူထုကြီးက ပြောင်းလည်းသတ်မှတ်ပေလိမ့်မည်။
ယခုအချိန်တွင် ပြည်ပရောက် မြန်မာလူမျိုးများ အနေဖြင့်လည်း ပြည်တွင်းက ဖြစ်ပျက်နေသော သတင်းများကို နိုင်ငံတကာသို့ ရောက်ရှိနေသော သူများထံသို့ email ကဖြစ်စေ G-talk ကဖြစ်စေ၊ Chat Room ကဖြစ်စေ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းများကို ပေးသင့်သည်။ နိုင်ငံတကာရောက် ပညာသင်ကြားနေသော မိမိတို့ မြန်မာလူမျိုးများအနေဖြင့်လည်း စစ်မှန်သော ဒီမိုကရေစီရေးကို လိုလားသော သတင်းဌာနများကို ယုံကြည်သင့်သည်။ ထိုသတင်းဌာနများမှ သတင်းများကို ဖတ်ရှုနိုင်ဖို့ကိုလည်း မိမိတို့ ကွန်ပျူတာတွင် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သင့်သည်။ ပြည်ပရောက် မြန်မာလူမျိုးများ မြန်မာနိုင်ငံနှင့် ဆိုင်သော သတင်းများကို ဖတ်ရှုနိုင်စေရန်ကိုလည်း သတင်းဌာနအသီးသီးရှိ webpage ပေါ်များတွင် နည်းလမ်းများကို ပြောထားပါသည်။
မိမိအဆုံးသတ်အနေဖြင့် ပြောရမည်ဆိုလျှင် နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီများကို ဟိုစဉ်းစား ဒီစဉ်းစား မလုပ်ပဲ အပြည့်အ၀ ရယူပြီး၊ ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုကြီးကို နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို အပြည့်အ၀ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။ ထိုသို့မဟုတ်ပဲ စစ်အစိုးရ အနေဖြင့် မိမိတို့ ကောင်းစားရေးသာ ကြည့်ပြီး၊ ရလာသည့် နိုင်ငံတကာ အကူအညီများကို ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုထံသို့ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမည်ဆိုလျှင် မိမိတို့ မြန်မာလူမျိုးများသာ ရင်ကျိုးရမည်ဟု ထင်မြင်မိပါသည်။ ထိုသို့သော မြန်မာပြည်သူလူထုများက စစ်အစိုးရများအား အဆုံးစွန် ရွံ့ရှာမုန်းတီးမိပြီး ရင်ကျိုးပက်လက် ဖြစ်ပြီ ဆိုလျှင် နအဖစစ်အစိုးရအနေဖြင့် ယခုမေလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြက်ခြေခတ် မဲများသာ အစီအရီတွေရပေလိမ့်မည်ဟု သတိပေးချင်ပါသည်။
ရှမ်းကလေး
Monday, May 5, 2008
“ကန့်ကွက်မဲသာ ပိုပါမည်“
မကောင်းတဲ့ အလုပ် လုပ်တော့မယ် ဆိုရင် ဘုရားဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ် အစဉ်အမြဲ သတိပေး ဆုံးမတယ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းမှာ အယူအဆရှိကြပါတယ်။ အခုလဲပဲ မဟုတ်တာ လုပ်တော့မယ့် လူတွေကို ဘုရားကပဲ သတိပေးတာလား၊ နတ်ကပဲ သတိပေးတာလား ဆိုတာကတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် အခုလို လိမ်ညာတဲ့ ဆန္ဒခံယူပွဲကြီး စဖို့ (၅)ခန့် (၇)ရက်ခန့်သာ လိုတော့တဲ့ အချိန်မှာ မြန်မာပြည်ကြီးမှာ နေထိုင်တဲ့ လူပေါင်းမြောက်များစွာရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆိုင်ကလုန်း မုန်တိုင်းကြီးက အပြစ်ပေးသည့်အလား တိုက်ခတ်စားသောက်၊ မျိုးတုံးအောင် ပြုလုပ်သွားခဲ့လေပြီ။ ဒါဟာ လိမ်ညာရိုင်းစိုင်း၊ အာဏာမက်သူ အုပ်စုတို့ကို သတိပေးတာလား၊ ဆိုတာကတော့ တွေးထင်စရာပင် ဖြစ်ပါသည်။ ဒါကတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ အပြစ်မရှိပဲ ခံသွားရသူများအဖို့ ကျွန်တော် ဤနေရာကပင် အထူး ၀မ်းနည်းမိပါကြောင်း ပြောဆိုပါရစေ။
နောက်သတင်းတစ်ခု ကြားတာကတော့ နအဖစစ်အစိုးရတွေဟာ ဆန္ဒခံယူပွဲကြီးကို ရက်မရွေ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် နအဖစစ်အာဏာရှင်တွေဟာ အာဏာကို လက်လွတ်ဆုံးရှုံးမှာ အလွန်အမင်းကို ကြောက်ရွံ့တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ ပြီးတော့ နောက်တစ်ချက်က အိုးအိမ်ကင်းမဲ့တဲ့ ပြည်သူလူထုများ သာမက မုန်တိုင်း တိုက်စား၍ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အပေါင်းတို့ကို လစ်လျူရှုထားတယ်ဆိုတာကိုလည်း ကွင်းကွင်းကွက်ကွက်ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အာဏာဟာ နအဖစစ်အစိုးရခေါင်းဆောင်တို့၏ အဖေသဖွယ်ဖြစ်သလို၊ မိခင်တစ်ဖွယ်လည်း ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်သည် မည်သို့မှ ဆန္ဒခံယူပွဲ မလုပ်သင့်သည့် အချိန်အခါပင် ဖြစ်ပါသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကြီးတွင် သာမက အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လူများသေဆုံးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်း စသောစသော ပြသနာများသည် ရက်ပိုင်းတိုတိုအတွင်း ဖြေရှင်းနိုင်မည့် ပြသနာမျိုးမဟုတ်ပေ။ မြန်မာပြည် ပြည်သူလူထုများ နေရာအတည်တကျ နေထိုင်နိုင်ရန်အတွက်၊ တိုင်းပြည်ကို အုပ်ချူပ်နေသော စစ်ခေါင်းဆောင်ကြီးများ ဂရုတစိုက် တာဝန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်အလေးအနက် ပြောချင်သည်ကား ယခုလက်ရှိ ပြသနာကို အောင်မြင်အောင် ဖြေရှင်းပြီးမှသာ ဆန္ဒခံယူပွဲကို ကျင်းပစေချင်ပါသည်။ ဒီခေတ်မှာ (၅) ရက်အတွင်း အိမ်တစ်လုံး ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေ ဘယ်နေရမှာ သွားနေရမလဲ။ ကုန်ဈေးနှုန်းကလည်း တက်လိုက်တာမှ အမြင့်ဆုံးတက်နိုင်သည့် တောင်တက်သမားတောင် အရှုံးပေးရမယ် ထင်ပါတယ်။ မုန်တိုင်းလည်းဖြစ်ပြီး ကုန်ဈေးနှုန်းလည်း တက်တာကြောင့် နအဖစစ်အစိုးရတွေလည်း ရာထူးတက်ချင်တာ ဖြစ်မယ်ထင်တယ်။ ဆန္ဒခံယူပွဲကို ရက်မရွေ့ဘူးဆိုတော့။ ကျွန်တော် ဒီနေရာကနေ တိုက်တွန်းပါတယ်။ မြန်မာလူမျိုးတွေ ဘယ်လိုပဲဖြစ်နေပါစေ ကန့်ကွက်မဲသာ ထည့်ပေးကြပါလို့။ နအဖ လုပ်ရပ်ကို ကြည့်ပြီး ကျွန်တော် ထင်မြင်မိပါတယ်။ အရင်တုန်းက ထောက်ခံမဲ ထည့်မယ်ဆိုတဲ့ လူတွေ ကန့်ကွက်မဲ ထည့်မယ်ဆိုတာ။ အခုပဲကြည့်လေဗျာ။ အဲ့လောက်တော့ အတိဒုက္ခ ရောက်နေတာတောင်မှ ဆန္ဒခံယူပွဲကို မရွေ့ဘူးတဲ့။ ဒါက ကျွန်တော် ဘာမှမသိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ခံစားပြီး ရေးသားထားတာပါ။ ဒါကြောင့် ကျွန်တော် ယုံကြည်ပါတယ်။ ကန့်ကွက်မဲထက် ထောက်ခံမဲ ပိုပြီး မများနိုင်ပါဘူးလို့။ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေခင်ဗျား။
ရှမ်းကလေး
“နည်းနည်းတော့ ကောင်းပါသည်“
အခုတလော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၀င်ချဲတဲ့ သတင်းတွေကို ပလူပျံနေတာကို တွေ့နေရပါတယ်။ မုန်တိုင်းဒါဏ်ကြောင့် လူတွေလဲ သေဆုံး၊ အိုးအိမ်တွေလည်း ပျက်စီး ခဲ့ရပါတယ်။ နောက်တစ်ခုက လိမ်လည်တဲ့ ဆန္ဒခံယူပွဲကို ပြည်သူလူထုတွေ မဲထည့်ရဖို့လည်း တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ မဲမထည့်ခင် အချိန်တိုအတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ၀င်ချဲမှုအပေါ် နအဖစစ်အာဏာရှင်တို့ကတော့ အမျက်ထွက်မိမှာ အမှန်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုက ယခုလို မုန်တိုင်း ၀င်တိုက်ခြင်းကို အမျက်မထွက်၊ စိတ်မတိုဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထု ဆိုင်ကလုန်း မုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုနဲ့ နအဖစစ်အစိုးရတွေက ဆိုင်ကလုန်းမုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုတွေက ကွဲပြားခြားနားမည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။
နအဖစစ်အစိုးရတို့ရဲ့ အမျက်ထွက်မှုကို ဦးစွာ ရှင်းလင်းပြီးမှာ မြန်မာပြည်သူ လူထုတွေရဲ့ စိတ်တိုတဲ့ အကြောင်းအရာတွေကို ဖော်ပြချင်ပါတယ်။
နအဖစစ်အစိုးရတွေဟာ သူတို့ရဲ့ရှေ့မှာ ဘယ်လို အတားအဆီးပဲ ရှိနေပါစေ သူတို့ လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ အများပြည်သူ အသိပင်ဖြစ်ပါသည်။ သူတို့ရဲ့ ရှေ့မှာ မြန်မာလူမျိုးများ ကိုးကွယ်ဆည်းပူးတဲ့ သံဃာတော်များကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးခဲ့သော ပုံရိပ်များကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အင်တာနက်မှဖြစ်ဖြစ်၊ ပြည်ပသတင်းဌာနများမှာ ဖြစ်ဖြစ် ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒါပေမဲ့ အခုမေလမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကိုတော့ သူတို့ ဘယ်လိုမှ မတားဆီး နိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဆိုင်ကလုန်း မုန်တိုင်းဟာလည်း တစ်စိတ်တစ်ဒေသ အားဖြင့် သူတို့ကို ဆန္ဒပြတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ရက်စက်စွာ ချွေယူသွားပေမဲ့လည်း မြန်မာနိုင်ငံရေးအတွက် တစ်ဘက်က ပြန်ကြည့်ခဲ့ရင်လည်း ဆိုင်ကလုန်း မုန်တိုင်းဟာ စစ်မှန်သော ဒီမိုကရေစီ လိုလားသူ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် ကောင်းတယ်လို့ ဆိုရပေလိမ့်မယ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အိုးအိမ်တွေ ပျက်စီးကုန်မယ်။ လူပေါင်းများစွာ သေဆုံးကုန်မယ်။ အဲ့ဒီလို သေဆုံး၊ ပျက်စီးတဲ့ အခါမှာ ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြန်လုပ်ရမယ်။ ဒီလို ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြုလုပ်လိုက်တဲ့ အချိန်မှာ နအဖတို့ရဲ့ ရိုင်းပင်းကူညီမှု မရှိတဲ့ အကျင့်ကောင်းတွေကို ပြည်သူလူထုတွေက စိတ်နာနာနဲ့ တွေ့ကြရပါလိမ့်မယ်။ “မြို့တော်သူ မြို့တော်သား တွေအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ ဆောင်ရွက်ပေးဖို့က စည်ပင်သာယာတာဝန်” ဆိုတဲ့ ဆန့်ကျင်ဘက် ဆောင်ပုဒ်နဲ့အညီ ကိုရွေစည်ပင်တို့ကလည်း ဟိုရှောင်ဒီရှောင် ပြုလုပ်မှုတွေကို မြန်မာနိုင်ငံသား အပေါင်းတို့ တွေ့ကြရပါလိမ့်မယ်။ မီဒီယာကို မီဒီယာခြင်း တိုက်မယ်ဆိုတဲ့ ကိုကျော်ဆန်းတို့အဖွဲ့ကလည်း သတင်းမှန်တွေကို မဖော်ပြဘဲ လိမ်လည်ကောက်ကျစ်တဲ့ သတင်းမှားတွေကို ဖော်ပြပါလိမ့်မယ်။ နအဖတို့ရဲ့ လူယုံတော်အဖွဲ့ ကိုကိုကြံ့ဖွတ်တို့ကလည်း အများတကာတို့ရဲ့ ရှေ့မှာ ဆုံးရှုံးပျက်စီးသူတို့ကို အလှူအတန်းတွေ အနည်းအကျဉ်းလုပ်ပြီး သူတို့ကိုယ်ကို ကျေးဇူးရှင်လို့ထင်ပြီး မကြာခင် ပြုလုပ်မဲ့ ဆန္ဒခံယူပွဲကိုလည်း ထောက်ခံမဲ ထည့်ဖို့ တိုက်တွန်းကြပါလိမ့်မယ်။ ပြီးရင် နအဖတို့ရဲ့ သတင်းမီဒီယာများကလည်း မည်သို့မည်ပုံ မြန်မာလူမျိုးများအား ကယ်ဆယ်ထားပုံ တွေကို သတင်းလိမ် ထည့်ကြပါလိမ့်မယ်။ နအဖ စစ်အုပ်စုတို့ရဲ့ အိုဟောင်းတဲ့ ပေါ်လစီတွေ အတိုင်း ကျင့်သုံးသွားမယ်ဆိုတာ တစ်စိတ်တစ်ဒေသာ အားဖြင့် တွေ့ကြရပေလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ဒီလိုဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက် နှောက်ယှက်တဲ့အတွက် နအဖစစ်အစိုးရက အမျက်ဒေါသ ထွက်မှာ အမှန်ပါပဲ။ သူတို့ အမျက်ဒေါသထွက်တဲ့ အကြောင်းအရင်းသည် ပြည်သူလူထုတို့ အသက်အိုးအိမ်၊ စည်းစိမ်များ ကုန်ဆုံးခြင်းကြောင့်တော့ မဟုတ်နိုင်ပေ။ သူတို့ အမျက်ဒေါသ ထွက်တဲ့ အကြောင်းအရာများကတော့ သူတို့ ကိုယ်ပိုင် တိုက်တွေ၊ ပျက်စီးသွားခြင်း၊ မကြာခင် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲကိုလည်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် တစ်စိတ်တစ်ဒေသ အားဖြင့် နှောက်ယှက်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်နှောက်ယှက်ခြင်းကြောင့် မကုန်သင့်သော ပစ္စည်းတန်ဖိုးများကို စိုက်ထုတ်ရခြင်း...၊ စသော စသော အကြောင်းအရာများပင် ဖြစ်ပါတော့သည်။
ဒုတိယပိုင်းအနေနှင့် ကျွန်တော်တို့ မြန်မာပြည်သူလူထုများ၏ စိတ်တို၊ အမျက်ဒေါသထွက်မှုတွေကို တင်ပြရပေလိမ့်မည်။ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ကြိုတင် စဉ်းစားမှုများမှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပြီးသွားလျှင် နအဖအဖွဲ့အစည်းများဖြစ်သည့် လမ်းများရှင်းလင်းရန် စည်ပင်သာယာ၊ ပျက်စီးသွားသော အိုးအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အစိုးရမှ အကူအညီပေးမည့် ငွေကြေးအနည်းငယ်များ စသည်တို့ကို ကြိုတင် မမျှော်မှန်းပဲ ကိုယ်ကိုတိုင်သာ ကိုယ်ထုကိုယ်ထ စည်းစည်းလုံးလုံးနှင့် လုပ်ကိုင်ရှင်းလင်းရမည်ဟု မျှော်ကိုးထားကြပြီးလည်း ဖြစ်ပါလိမ့်မည်။ နအဖစစ်အစိုးရတို့၏ ငွေကြေးအကူအညီများကို ရဲရဲတင်းတင်း မမျှော်ကိုးရဲပဲ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သနားညှသာတတ်သော မြန်မာနိုင်ငံအတွင်းရှိ လူအများအပြားမှ ငွေကြေးအကူအညီများကို ကျွန်တော်တို့ မြန်မာလူမျိုးများက ရဲရဲတင်းတင်း မျော်ကိုးကြမည် ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ နအဖစစ်အစိုးရများ၏ အကူအညီသည် တစ်လုပ်သာစားရပြီး၊ တစ်သက်လုံး အလုပ်အကျွေး ပြုရမည့် အကူအညီမျိုးသာ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ဆိုင်ကလုန်းအပေါ် အမျက်ဒေါသ ထွက်ခြင်းထက် နအဖစစ်အစိုးရ အပေါ် အမျက်ဒေါသ ထွက်ခြင်းက ပိုမိုများပြားမည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံ လူမျိုးများအတွက် မုန်းတီးဖွယ်ကောင်းတဲ့ အန္တာရာယ်တစ်ခု ဖြစ်ပေမဲ့၊ မြန်မာ့အနာဂတ်နိုင်ငံရေးအတွက် အကောင်းကြီး မဟုတ်တောင်မှ အကောင်းတကာ့ အကောင်းတို့၏ အငယ်ဆုံး အကောင်းပိုင်းတွင် တည်ရှိမည်ဟု ကျွန်တော် ထင်မြင်မိပါသည်။ ။
ရှမ်းကလေး
Thursday, March 20, 2008
စမတ်က်... ဘယ်လမ်းရွေးမလဲ?
ထိုင်းနိုင်ငံဟာ ဘယ်လောက်ပဲတိုးတက်နေပါစေ၊ ဘယ်လောက်ပဲ မြန်မာနိုင်ငံထက် ခေတ်မှီနေပါစေ ထိုင်းဝန်ကြီးချူပ်တချို့ကတော့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေကို မြှောင့်ပင့်ပြောဆိုနေကြ တာတွေ၊ ပစ္စည်းလိုသော် ပစ္စည်းပိုင်ရှင်ကိုတော့ ဖားတတ်တဲ့ သူတို့တတွေရဲ့ အကျင့်တွေကို ယခုထက်ထိ ဖျောက်ဖျက်သေးတာ မတွေ့ရသေးပါဘူး။ မြန်မာစစ်အစိုးရတွေကလည်း လည်ပါတယ်။ ထိုင်းတွေအပေါ်မှာ (ဥပမာ- ထိုင်းဝန်ကြီးချူပ် တက်ဆင်၊ ယခုလက်ရှိ ထိုင်းဝန်ကြီးချူပ်၊ စမတ်က် ဆွန်ဒရာဝဲ) စသူတွေရဲ့ အကြောင်းတွေကို လေ့လာစုံစမ်းပြီးမှ တွေ့ဆုံဆွေးနွေးတာတွေ လုပ်တတ်ကြပါတယ်။ ဗိုလ်ချူပ်ခင်ညွန့်ကတောင် ထိုင်းဝန်ကြီးချုပ်သစ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ရဲ့ဆရာဖြစ်တဲ့ ထိုင်းဝန်ကြီးချူပ်ဟောင်း တက်ဆင်ဆီကတောင် ထိုင်းဘတ်သန်း (၂၀) ချီးသွားတာကိုပဲ ကြည့်ကြပါ။ ထိုင်းဝန်ကြီးချူပ်တွေရဲ့ နိုင်ကွက်တွေကို အမိဖမ်းပြီးမှ အကျပ်ကိုင်တာတွေ၊ ထိုင်းတွေစီးပွားရေး အကွက်ကောင်းနိုင်တဲ့ ဟိုဂိတ်ပိတ်၊ ဒီဂိတ်ပိတ် လုပ်ပြလိုက်ရင် ထိုင်းတွေ ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေကို သေချာစဉ်းစားအကွက် ချပြီးသား ဖြစ်ပါတယ်။ အရင်တက်ဆင် အစိုးရလက်ထက်တုန်းက ထိုင်းနဲ့ မြန်မာနိုင်ငံဟာ အချင်းချင်း တင်းမာမှုလေးတွေ ရှိတတ်ကြပါတယ်။ သို့ပေမဲ့လည်း ထိုတင်းမာမှုတွေကို ထိုင်းတွေဖက်ကပဲ ပြန်လည်အလျှော့ပေး လိုက်နာလိုက်ရတာတွေ ကတော့ ပိုပြီးတော့ များနေပါတယ်။ ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ကတော့ မြန်မာနိုင်ငံကို ပထမဦးဆုံး ခရီးစဉ်မှာ နအဖစစ်အစိုးရတွေကို ချီးမွန်းပြောဆို လိုပါပြီ။
အခုတခါ မြန်မာနိုင်ငံကို အလည်သွားတဲ့ ထိုင်းဝန်ကြီးချူပ်ဟောင်း တက်ဆင်ရဲ့ တပည့်တော် ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာအရေးခင်းတုန်းက ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့ရာမှာ အမိန့်ပေးကြိုးကိုင်ခဲ့တဲ့ နအဖစစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချူပ်ကြီး သန်းရွေကို ဗြောင်ဗြောင်တင်းတင်းပင် ထိုင်းဝန်ကြီးချုပ်က မြန်မာပြည်သည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သလို ဗိုလ်ချုပ်မှူးကြီးနှင့် စစ်ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာ ပီသစွာ တရားမှန်မှန်ထိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ မေးလိုက်ချင်ပါတယ်။ ထိုင်းဝန်ကြီးချူပ်ရဲ့ အိမ်မှာ တီဗွီလေး တလုံးလောက်တောင် မရှိဘူးလားလို့။ ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ရဲ့ ပြောကြားသွားတဲ့ မဟုတ်မမှန် စကားတွေကို လူသားမှန်ရင် ဘယ်သူမှ လက်ခံမှာမဟုတ်ပါဘူး။ ထိုင်းရဲ့ ၀န်ကြီးချူပ်ကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြောသွားတဲ့ အခါမှာလည်း ထိုင်းနိုင်ငံရဲ့ ရှေ့ခရီးလမ်းကိုလည်း ကျွန်တော်ရင်လေးနေမိပါတယ်။ ထိုင်းနိုင်ငံထဲမှာ လုပ်ကိုင်စားသောက်နေထိုင်နေတဲ့ မြန်မာလူမျိုးများအတွက် ပိုပြီးတော့ စိုးရိမ်မိမယ်ဆိုလျှင် ပိုမှန်ပါလိမ့်မယ်။
ထိုင်းဝန်ကြီးချူပ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကတော့ ကျွန်တော်မသိပါ။ ဒါပေမဲ့ ကျွန်တော်မေးမဲ့ ဒုတိယ မေးခွန်းကတော့ ထိုင်းဝန်ကြီးချူပ်ဟာ တရားထိုင်တာကော သိလို့လားလို့ ထပ်ပြီးတော့ မေးချင်ပါတယ်။ တရားထိုင်ရုံနဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်မယ်ဆိုလို့ရှိရင် နအဖစစ်အစိုးရတွေ၊ တရုတ်အစိုးရတွေ၊ စစ်အာဏာရှင်ကြီးတွေဟာ တနေကုန် လူတွေရှေ့မှာ တရားပဲထိုင်နေတော့မှာပေါ့။
ထိုင်းဝန်ကြီးချူပ်ရဲ့ ပြောဆိုမှုတွေဟာ လက်မခံနိုင်စရာတွေဖြစ်နေလို့လည်း မြန်မာဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေတင်မက ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာဆီယံအတွင်းရေးမှူး ချုပ် ဆူရင်း ပစ်တ်ဆူဝန် (Surin Pitsuwan) ကိုယ်တိုင်က မြန်မာ့နိုင်ငံရေးအခြေအနေကို အလေးအနက် နားလည်ဖို့လိုပြီး အကဲဆတ်မှုကို လေးစားဖို့လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej) ကို သတိပေးပြောကြားခဲ့ကြောင်းကို သတင်းဌာနအသီးသီးက ကျွန်တော် ဖတ်ရှုခဲ့ရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အပေါ် ထိုင်းနိုင်ငံမှာပဲ ဒီကနေ့ထုတ်ဝေတဲ့ The Nation သတင်းစာ အယ်ဒီတာ့အာဘော်မှာလည်း အပြင်းအထန် ဝေဖန်ထားပါသေးတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ စကားတွေဟာ ထိုင်းနိုင်ငံရဲ့အတွေ့အကြုံနည်းပါးမှုနဲ့ သူ့ရဲ့ မဆင်မခြင် ပြောဆိုတတ်တွေကို ဖော်ပြနေပါတယ်လို့ ရေးပြ ထားပါတယ်။ မှန်ပါတယ်။ အခုမှ တက်လာတဲ့ ထိုင်းဝန်ကြီးချူပ်ဟာ နအဖတွေကို ချီးမွန်းပြောဆို လိုက်တာဟာ ကောင်လေးတစ်ယောက်က အခုပဲတွေ့၊ အခုပဲမြင်တဲ့ ကောင်မလေး တစ်ယောက်ကို စချစ်လိုက်တဲ့ သဘောပါပဲ။ ဘယ်နေ့ဘယ်ချိန်မှာ ဘာတွေဖြစ်မယ်၊ နောက်မှာဖြစ်ပေါ်လာမဲ့ ဆိုးကျိုးရလဒ် တွေကို သူလုံးဝ မစဉ်းစားတော့ပါဘူး။ သိပ်မကြာပါဘူး။ သူဒါ ဒီတိုင်းရှေ့ဆက်သွားမယ် ဆိုရင်တော့ သူဟာနာမည်ဆိုး စာရင်းဝင်အတွင်း ရောက်သွားမယ် ဆိုတာကို ကျွန်တော် လုံးဝကို အကြွမ်းမဲ့ ယုံကြည်မိပါတယ်။ ထိုင်းဝန်ကြီးချူပ်တာ ကိုယ်ကျိုးစီးပွားရေး တခုထဲပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို မစုံစမ်း၊ မလေ့လာ၊ မစူးစမ်းပဲ ကိုယ့်နိုင်ငံရဲ့ ပြည်သူလူထုတင်မကပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုးကွယ်ဆည်းပူး ရိုသေတဲ့ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် ဖမ်းဆီးထောင်ချ သတ်ဖြတ်နေတဲ့ နအဖစစ်အစိုးရ အာဏာရှင်တွေကို အကြိမ်ကြိမ် ချီးမွမ်းပြောဆို နေမယ်ဆိုရင်လည်း နိုင်ငံတကာကပါ သာမက ထိုင်းနိုင်ငံက ထိပ်သီးခေါင်းဆောင်များနှင့် ထိုင်းသတင်းဌာန အသီးသီးများကပင် ထိုင်းဝန်ကြီးချူပ် စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej)ကို ဝေဖန်တိုက်ခိုက်ပြောဆိုလိမ့်မည်မှာ သူ့ရဲ့ နအဖစစ်အစိုးရအပေါ် မဟုတ်တရား ချီးမွန်းပြောဆိုခဲ့တဲ့ မြန်မာပြည်ကအပြန် ပထမအဆုံးအကြိမ် စတင်ဝေဖန်ခံရတဲ့ အချက်ကို ကြည့်ရင်သိနိုင်ပါတယ်။
စမတ်က် ဆွန်ဒရာဝဲ (Samak Sundaravej)က စီးပွားရေးရဲ့ အရင်းအမြစ်တွေကိုသာ လောဘစိတ် ထားပြီး ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ရှေ့ဆက်နအဖစစ်အစိုးရတွေကို ကာကွယ်ပြောဆိုသွားမလား၊ ဒါမှမဟုတ် ခဲနဲ့ပေါက်ပစ်ခံရလိုက်တဲ့ စာသူငယ်လိုပဲ ငြိမ်နေမလားဆိုတဲ့ လမ်းနှစ်ခုထဲမှာ ဘယ်လမ်းရွေးမယ် ဆိုတာကို တော့ နောက်တော့ တဖြေးဖြေးနဲ့ တရေးရေး ပေါ်လာပါလိမ့်မယ်။ ။
ရှမ်းကလေး
Monday, March 17, 2008
“ဝေဖန်ပါရစေ”
“ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုဝင်များကို စတင်၍ ကန့်သတ်ချက်နှင့် နေအိမ်ပြင်ပသို့ သွားခွင့် ပြုပြီဖြစ်ကြောင်း ခိုင်လုံသည့် ရန်ကုန်သတင်းရင်းမြစ်တခုက ဧရာဝတီသို့ ပြောကြားလိုက်သည်။” ဟူသော သတင်းတခုက ကျွန်တော့်ရဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ အထင်းသားကြီး လာကာပေါ်နေစဉ် ကျွန်တော်တယောက် စိတ်ဝင်တစားနဲ့ ဆက်ပြီးဖတ်ကြည့် ဖြစ်ခဲ့ပါတယ်။
နအဖစစ်အစိုးရတတွေဟာ သူတို့လုပ်ချင်တိုင်း လုပ်နေတယ်၊ ကိုင်ချင်တိုင်း ကိုင်နေတယ်ဆိုတာ အခုမှမဟုတ်ပါဘူး။ ကျွန်တော်မမွေးခင် အချိန်ကတည်းကပါ။ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို သူတို့အာဏာရှင် တသိုက် အကျယ်ချူပ်ဘ၀မှ လွတ်မြောက်လိုက်ခြင်းဟာ သတင်းဆိုးတခု ဖြစ်နိုင်သလို၊ သတင်းကောင်း ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ မဖြစ်မနေမို့လို့ လွတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ နအဖစစ်အစိုးရတွေ အာဏာရှင်တသိုက်က ဗိုလ်ချူပ်ခင်ညွန့်ကို လွတ်လိုက်ခြင်းဟာ သူတို့ အကျိုးစီးပွားကြောင့် လွတ်လိုက်ခြင်းလား၊ သူတို့အာဏာတွေ တည်မြဲရေးအတွက် လွတ်လိုက်ခြင်းလား စတာတွေဆိုတာကတော့ မည်သူမည်ဝါမှ ပြောဆိုနိုင်လိမ့်မည် မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ နဲနဲလောက် ဝေဖန်ပါရစေ။ ကျွန်တော့်အနေနဲ့ နအဖကို ဝေဖန်တယ်ဆိုတာကလည်း မကောင်းတာကြီးပဲ ဝေဖန်ခဲ့ဖူးပါတယ်။ နအဖကောင်းပါတယ်လို့ ကျွန်တော်တခါမှ မပြောခဲ့ဘူး၊ မဝေဖန်ခဲ့ဘူးဆိုတာ အရင်တုန်းကရေးသားထားတဲ့ ဆောင်းပါးများကို ပြန်ကြည့်လျှင် သိနိုင်ပါသည်။ နအဖတွေကောင်းတယ်လို့ ပြောရအောင်လည်း သူတို့တတွေက ကောင်းတာကို တခုမှ မလုပ်ခဲ့ပါဘူး။ ကိုယ့်နိုင်ငံသား မည်သူမဆို ကိုယ့်နိုင်ငံကို ကြီးကြပ်နေတဲ့ လူကြီးတယောက်ကိုတော့ ကောင်းတယ်လို့ ချီူးကျူးချင်ကြမှာပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို အုပ်ချူပ်တဲ့ လူကြီးတယောက်က လမ်းဘေးက သူတောင်းစားလောက်တောင် အသိဥာဏ်မရှိဘူးဆိုရင်တော့ အဲ့ဒီလူကြီး တယောက်ကို ကောင်းတယ်လို့ ပြောနေသူတွေဟာ ကပ်ဖားမှ စားရတဲ့သူတွေလို့ သတ်မှတ်လို့ ရပါတယ်။ အဲ့ဒီလို သူတောင်းစားလောက်တောင် အသိဥာဏ်မရှိတဲ့ လူတွေဟာ မကောင်းပါဘူးလို့ တိုက်ရိုက်ပြောရဲတဲ့ လူတွေ ရှိသလို၊ မပြောရဲတဲ့ လူတွေလဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ တပုံတပင်ကြီးပင် ဖြစ်ပါတော့သည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်နိုင်ငံကို အုပ်ချူပ်နေတဲ့ လူကြီးတယောက်ကို သူတောင်းစားလို့ ခေါ်ရတာဟာ “သူတောင်းစားတောင် သိက္ခာကျပါတယ်ကွာလို့” ပြောတဲ့လူတွေကလည်း တပုံတပင်ကြီးပေါ့ဗျာ။
ကျွန်တော်ဝေဖန်ချင်သလောက် ရေးရရင် နအဖစစ်အစိုးရတွေဟာ ဘာဖြစ်လို့ အခုမှ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို လွတ်လိုက်သလဲ၊ လွတ်သင့်လွတ်ထိုက်တဲ့ သူတွေကို ဘာလို့ မလွတ်ပေးတာလဲ? မေးခွန်းတွေကတော့ အများကြီး ရှိပါတယ်။ အမေးသာရှိပြီး အဖြေသာ ထွက်မလာမှာ ကြောက်လို့ များများစားစား မမေးချင်ပါဘူး။ နအဖတွေ ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို လွတ်လိုက်ခြင်းဟာ ဦးခင်ညွန့်ဆီက အကြံတွေများ တောင်းချင်လို့လား? ဒါမှမဟုတ် ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို ရွေးကောက်ပွဲဝင်ခိုင်းမလို့လား? ရွေးကောက်ပွဲ ၀င်ခိုင်းမယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တခုပါ။ ဒါမှမဟုတ် ဗိုလ်ချူပ်ကြီး ခင်ညွန့်ကို အကျယ်ချူပ်မှ လွတ်လိုက်ပြီ ဆိုတဲ့ သတင်းကို နအဖတွေကို ပြည်သူလူထုကြားမှာ ထုတ်လွင့်လိုက်ရင် ပြည်သူတွေများ ဇဝေဇ၀ါဖြစ်ပြီး ရွေးကောက်ပွဲကြရင် သူတို့ဘက်များ မဲပိုပြီး ထည့်မလားဆိုတဲ့ အတွေးတွေများ ရုတ်တရက် ၀င်သွားလား? ဒါမှမဟုတ် ခင်ညွန့်များ ငါတို့ အာဏာတွေ ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ အကြံဥာဏ်လေးများ ဒီကောင့်မှ ရှိမလားမသိဘူး ဆိုပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချူပ်ကြီး သန်းရွေများ စဉ်းစားလေမလား? ဒါမှမဟုတ် အကျယ်ချူပ်ခံ ဘ၀နဲ့နေမယ့်အစား၊ ငါတခုခုတော့ လုပ်မှ ဖြစ်မယ်ဆိုပြီး နအဖစစ်ဗိုလ်ချူပ်ဟောင်းကြီး ဦးခင်ညွန့်ကိုယ်တိုင်က ယခုလက်ရှိ အာဏာမမြဲတမြဲ ရှိနေတဲ့ နအဖစစ်အာဏာခေါင်းဆောင်တွေရဲ့ အခြေအနေကိုသိပြီး အာဏာဆက်သိမ်းထားနိုင်ဖို့ ငါ့မှာအကြံရှိတယ် ဆိုပြီး သတင်းလွင့်ပြီး သန်းရွေများ ငါ့ဆီလာပြီး တိုင်ပင်လေမလား? စတဲ့စတဲ့ တွေးခေါ်မှုတွေကို တွေးလေမလားပေါ့။
ဘယ်လိုပဲဖြစ်နေပါစေ။ အရင်တုန်းက အာဏာပါဝါတွေ လုကြလို့ အချင်းချင်း ဖမ်းဆီးထောင်ချကာ လက်ဦးသူနိုင်တဲ့သူတို့ရဲ့ အာဏာလုပွဲတွေဟာ အရှိန်အ၀ါကြီးလှပါတယ်ဆိုတဲ့၊ ဘုရားတရားကိုင်းရှိုင်းလှ ပါတယ်ဆိုတဲ့ စစ်အာဏာခေါင်းဆောင် နအဖစစ်ဗိုလ်ချူပ်ကြီး ခင်ညွန့်ခဗျာ စစ်ဗိုလ်ချူပ်ကြီး သန်းရွေရဲ့ ဖမ်းဆီးမှုကြီးကို ခံခဲ့ရပြီး အခုအခါမှာတော့ နအဖစစ်ဗိုလ်ချူပ်မှုးကြီး သန်းရွေရဲ့ အမိန့်တခုကြောင့်လား၊ အာဏာတသိုက် ကောင်းစားဖို့လား၊ စတာတွေကြောင့် အခုတော့ အကျယ်ချူပ်ကနေ လွတ်လပ်ခွင့်လေးတော့ ရနေပါပြီ။ လွတ်လပ်ခွင့်ရတာနဲ့ ခင်ညွန့်ခင်ဗျာ ဘုရားကိုတန်းပြေးတော့တာပဲ။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေကိုတောင် မရိတ်တော့ဘူး ဆိုပဲ။ နေအိပ်ထဲမှာနေပြီး သံဝေဂတွေရနေပြီ ထင်တယ်နော်။ ခင်ညွန့်များ စက်တင်ဘာ အရေးခင်းတုန်းက သတင်းတွေကြားပြီး သူ့အာဏာလုဖက် ပေါက်ဖော်ကြီးတွေက သံဃာတော်တွေကိုပါ မကျန် သေနတ်နဲ့ပစ်၊ ဓါတ်တိုင်မှာ ချည်ပြီးရိုက် စတဲ့စတဲ့ သတင်းအထွေထွေကို ကြားပြီး အာဏာရှင်တွေကို မျက်မုန်းများကျိုးလေမလား၊ ဒါမှမဟုတ် အာဏာတသိုက်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်လေး ပြုတဲ့အတွက်၊ အရင်လိုပဲ ဘေးကနေ လက်ခုတ်တီး အားပေးနေမလား စတဲ့စတဲ့ ပုံရိပ်တွေဟာလည်း မကြခင် လတွေအတွင်းမှာ တရေးရေး ပေါ်ပေါက်လာမယ်လို့ ကျွန်တော့်စိတ်ထဲက တွေးထင်မြင်ယောင်မိပါတယ်။
တကယ်ဆိုရင် အခုချိန်မှာ နအဖစစ်အာဏာရှင်တွေက လွတ်ပေးသင့် လွတ်ပေးထိုက်တဲ့လူတွေဖြစ်တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်၊ (၈၈)မျိုးဆက်ကျောင်းသားများ၊ စတဲ့စတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ လူတွေကို လွတ်မြောက်ခွင့် မပေးသေးဘဲ နိုင်ငံအတွက် ဘာမှမဆိုင်တဲ့ သူတို့သောက်ဖော်သောက်ဖက်လည်းဖြစ်၊ စားဖော်စားဖက်လည်းဖြစ်၊ အာဏာလုဖက်လည်းဖြစ်တဲ့ အာဏာရှင်ဟောင်းကြီး ဗိုလ်ချူပ်ခင်ညွန့်ကို လွတ်မြောက်ခွင့် တစိတ်တဒေသ ပေးလိုက်ခြင်းဟာ ကျွန်တော့်အတွက်တင် သာမက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူသားအားလုံးအတွက်ပါ တွေးစရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အာဏာရှင်တွေဟာ ဦးနှောက်မရှိတဲ့ လူသားတွေလို့ တင်စားတာလဲ မထူးဆန်းပါဘူး။
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့ ဘ၀၊ ကောင်းမွန်တဲ့ အဆင့်အတန်းမှာ နေချင်ကြပါတယ်။ ဒါပေမဲ့ လူ့လောကကြီးမှာ အင်မတန် ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်ကြသော်လည်း စိတ်ဖိစီးမှုများ၊ စိတ်ဆင်းရဲမှုများ စတာတွေကို အများအားဖြင့်တော့ ခံစားရကြပါတယ်။ ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း အင်မတန်မှ ပြီးပြည့်စုံတဲ့ လူတွေရှိပါတယ်။ အဲ့ဒီလို ပြီးပြည့်စုံတဲ့ လူတွေဟာ ဘယ်သူတွေလဲလို့ လက်ညိုးထိုးပြ မီးမောင်းထိုးပြစရာ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ သို့ပေမဲ့ သူတို့တွေရဲ့ ဘ၀တွေဟာ အမှန်တကယ် ပြီးပြည့်စုံပြီလားလို့ ဆန်းစစ်ရပါမယ်။ ကျွန်တော့်အနေနဲ့တင်မကပဲ လူတို့ရဲ့ အတွေးရပ်ဝန်းတခုက ပြောရမယ်ဆိုရင် ယခုလက်ရှိ မြန်မာနိုင်ငံကို မတရား အုပ်ချူပ်နေတဲ့ အစိုးရတွေဟာ သူတို့လိုတာတွေကို တောင့်တလို့ရပေမဲ့ သူတို့မှာလည်း ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ၊ မပြေလည်တာတွေ စိတ်ဆင်းရဲမှုတွေ ရှိနေကြပါတယ်။ စိတ်ဆင်းရဲမှုတွေ၊ မပြေလည်တာတွေ ဆိုတာတွေကတော့ လူတို့ရဲ့ ဘ၀တကွေ့မှာ တကြိမ်တခါလောက်ကတော့ ကြုံတတ်ပါတယ်။ အဲ့ဒီစိတ်ဆင်းရဲမှုတွေ၊ မပြေလည်မှုတွေကို ဖြေရှင်းတဲ့အခါမှာ ရိုးသားဖြောင့်မတ်တဲ့ နည်းတွေနဲ့ ဖြေရှင်းနိုင်ကြသလို၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းတွေနဲ့လည်း လူတွေအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဥပမာ ကျွန်တော်က ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်နဲ့ အထင်လွဲမှု တခုဖြစ်တယ်ပဲထား။ အဲ့ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။ လွယ်လွယ်လေးရယ်ပါ။ သူငယ်ချင်းနှစ်ယောက် တယောက်ကိုတယောက် တနေရာမှာ တွေ့ဆုံကြပြီး ပြေပြေလည်လည် တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရင် ပြသနာတွေဟာ အလိုလိုပြေပျောက်သွားပြီး သူငယ်ချင်းနှစ်ယောက် အရင်လိုပဲ ချစ်ချစ်ခင်ပြန်နေကြမှာပါ။ ဒါပေမဲ့ အပေါ်က ကျွန်တော်ပြောသလို နည်းလမ်းမသုံးပဲ တယောက်နဲ့တယောက် မာနတွေထား နောက်ကွယ်မှာ တယောက်နဲ့ တယောက် မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ လုပ်ကြံကြမယ်ဆိုရင်တော့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ရလဒ်တွေဟာ မတွေးဝံ့စရာပါ။ ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းရေးလုပ်မှသာ ရပါမယ်။ အဲ့ဒီလို တွေ့ဆုံဆွေးနွေးရေး လုပ်ရာမှာလည်း ကိုယ့်ဘက်က လိုက်လျှောသင့်တာလေးတွေ လိုက်လျှောသင့်ပြီး၊ နှစ်ဖက်အပြန်အလှန် ကတိတည်ကြဖို့လိုပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ကို အုပ်ချူပ်ဖို့မဟုတ်ပါဘူး။ တိုင်းပြည် အန္ဒရာယ်မဖြစ်ရလေအောင် စောင့်ရှောက်ဖို့ပါ။ ဒီထက်ပိုတဲ့ အလုပ်တွေ မလုပ်ရပါဘူး။ တိုင်းပြည်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဗမာတပ်မတော်ကြီးကို ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ တိုင်းပြည်သူ တိုင်းပြည်သားတွေကို တုတ်နဲ့ရိုက်ဖို့ သေနတ်တွေနဲ့ပစ်ဖို့ တပ်မတော်ကြီးကို တည်ထောင်ခဲ့တာမဟုတ်ပါဘူး။ အချူပ်ထောင်ဆိုတာလည်း အဲ့ဒီလိုပါပဲ။ လူဆိုးသူခိုး ဓားမျှတွေကိုသာ ထဲ့ဖို့ ထောင်ကို တည်ဆောက်ထားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားထု တရပ်လုံးက ကိုးကွယ်ဆည်းပူး ရိုသေရတဲ့ ရဟန်းသံဃာတော်တွေကို ထည့်ဖို့၊ ကျွန်တော်တို့ နိုင်ငံအကျိုး သယ်ပိုးနေတဲ့ လူများကို ထည့်ဖို့ ထောင်ဆိုတာကြီးကို ဆောက်ထားတာမဟုတ်ပါဘူး။
ကျွန်တော်တို့က ဒီလိုရေးနေလို့လဲ နအဖကတော့ မမူပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ဆိုတာ တယောက်နဲ့ တယောက် မတူကြပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့ဒီလူက မကောင်းဘူးလို့ လူတွေအားလုံးက ထင်မြင်ကြရင် မကောင်းတဲ့လူကို ဝေဖန်ပါမှာ အဲ့ဒီမကောင်းတဲ့လူဟာ ကိုယ့်ကိုယ်ကို ပြန်ပြင်တတ်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်လည်း ဝေဖန်ပါရစေခင်ဗျား။ ။
ရှမ်းကလေး
Thursday, February 28, 2008
“စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ”
ကျွန်တော့်အမြင်နှင့် ပြောဆိုရလျှင် လူသားတစ်ယောက်၏ အနာဂတ်ကို ကောင်းမွန်ပြည့်စုံဖို့ ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် နည်းလမ်းနှစ်လမ်းနှင့် ကြိုးစား၍ လုပ်ဆောင်နိုင်ပါသည်။ ပထမနည်းလမ်းကား သမာသမတ်ရှိသော၊ ကောင်းမွန်သော စိတ်ထားရှိသော၊ လိမ္မာယဉ်ကျေးသော၊ ကိုယ့်ကိုယ်ကျိုး တခုတည်းကိုသာ မကြည့်ဘဲ သူများအကျိုးကို ကြည့်သော၊ တကိုယ်ကောင်းဆန်စိတ်မရှိသော စသော မှန်ကန်သော နည်းလမ်းများဖြင့် ကိုယ့်ဘ၀ အနာဂတ်ရှေ့ရေးကို ကြိုးစားခြင်း ဖြစ်ပါသည်။ ဒုတိယ နည်းလမ်းကား သူတပါးကို မငှဲ့ညှာပဲ ကိုယ်ကျိုးအတွက်သာ ကြည့်ခြင်း၊ သူတပါးဆီက ကိုယ်လိုချင်တာ တခုခုကို ညင်သာပျော့ပျောင်းတဲ့ အသံကို မသုံးဘဲ ပိုင်ရှင်ရဲ့ ကျောကို ဓါးနဲ့ထောက်ပြီး တောင်းနည်း ဟူသော အစရှိသဖြင့် ကိုယ်ကိုယ်တိုင် မကြိုးစားချင်ပဲ လွယ်ကူသော ဖြတ်လမ်းနည်းများကို အသုံးပြုခြင်းဖြစ်ပါသည်။ သို့သော် ဤကမ္ဘာမြေကြီးတွင် မိမိတို့ ဘ၀ရှေ့ရေး အနာဂတ်အတွက် ကောင်းမွန်ရိုးသားစွာ ကြိုးစားလုပ်ကိုင်ကြသလို၊ သူတပါးကို ခြိမ်းခြောက်ပြီးမှ ထမင်းတလုပ်စားရတဲ့ မကောင်းဆိုးဝါး နည်းလမ်းများကိုလည်း အသုံးပြုကြပါသည်။ မည်သူသည် မည်သည့်နည်းလမ်းကို ရွေးမည်ဆိုသည်ကိုတော့ ကျွန်တော်တို့လည်း မသိမြင်နိုင်ပေ။
မိမိပြောချင်သော အနာဂတ်ကို ထိုင်ရေးနေလျှင် ဤမျှလောက်နှင့် မကုန်နိုင်ပေ။ သို့သော် လူသားတို့၏ အနာဂတ် ကောင်းကျိုး၊ ဆိုးကျိုးများသည် မိမိပြောပြချင်သော၊ မိမိရည်ရွယ်သော အကြောင်းအရာနှင့် မသက်ဆိုင်ပေ။ မိမိပြောချင်သော အကြောင်းအရင်းကား နအဖလက်အောက်တွင် ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်လာကာ စစ်မှုထမ်းခြင်းဖြင့်လည်းကောင်း၊ စစ်တပ်ထဲသို့ အတင်းအဓ္ဓမခေါ်ဆောင်ခြင်းဖြင့် လည်းကောင်း၊ လိမ်လည်လှည့်ဖြား ဖြားရောင်းသွေးဆောင်ပြီး ခေါ်ဆောင်ခြင်းကြောင့် လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲသို့ ၀င်ရောက်လာသော အသက်မပြည့် တပ်သားလေးများ၏ ဘ၀အကြောင်းကို နဲနဲလေး ပြောပြချင်ပါသည်။
မိမိတို့ လူလွတ်လူငယ်များသည် မိမိတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပြီး ကြိုးစားချင်စိတ် ရှိလျှင် ကြိုးစားနိုင်ပါသည်။ သို့သော် နအဖစစ်တပ်အတွင်း ၀င်ရောက်ထမ်းဆောင်နေသော အသက်မပြည့် ရဲဘော်လေးများကား ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပါသော်လည်း အမှန်တကယ် ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ကြပါ။ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု မည်သူမဆို မိမိတို့၏ အနာဂတ်ဘ၀ ခရီးလမ်းကို သာယာချောမွေ့သော၊ ပြီးပြည့်စုံသော၊ တောင့်တသမျှ ရနိုင်စွမ်းရှိသော ဘ၀ကို လိုချင်ကြမည်မှာ ဓမ္မတာပင် ဖြစ်ပါတော့သည်။ သို့သော် အချို့သော မြန်မာပြည်သူလူထုများကား မိမိတို့၏ မိသားစု၊ မိမိတို့၏ သားမယားများကို လုပ်ကျွေးနိုင်လျှင် တော်လောက်ပြီဟူသော လောဘစိတ်ကို ရှေ့မထားခြင်းကြောင့်လည်းကောင်း၊ ကိုယ်လုပ်နိုင်သလောက်သာ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စသော အတွေးရပ်ဝန်းတွင်ပင်သာ မိမိတို့၏ ဘ၀ကို နစ်မြုပ်ကြတတ်ပါသည်။ ထိုသို့ထိုသို့သော မိမိတို့၏ဘ၀ အနာဂတ် ခရီးလမ်းကို မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိသော လူငယ်များက တွေးတောနိုင်ပြီး လုပ်ကိုင်အကောင်အထည် ဖော်နိုင်သော်ငြားလည်း တွေးတောနိုင်ပြီး အကောင်အထည် မဖော်နိုင်သူများကား နအဖစစ်တပ်ထဲတွင် အသက်မပြည့်သော တပ်သားရဲဘော်လေးများသာ သာမက တပ်ကြပ်ကြီးတချို့ အရာခံဗိုလ်တချို့ဆိုလျှင် မမှားနိုင်ပေ။ သို့သော် နအဖအလိုတော်ကျ ဖြတ်လမ်းနည်းများ၊ လူသတ်နည်းများဖြင့် အောင်မြင်ချင်လျှင်တော့ စိုးရိမ်စရာမလိုပေ။ “သူခိုးသေဖော်ညှိ” ဟူသော စကားပုံနှင့်အညီ နအဖစစ်ဗိုလ်ချူပ် အကြီးအကဲများက မဟုတ်တာဆိုလျှင် ညှိနှိုင်းတိုင်ပင်ဖို့ အဆင်သင့်ပင် စောင့်နေပါသည်။ ဘုရားဟောထားသော အမှန်တရား နည်းလမ်းများဖြင့် ကြီးပွားတိုးတက်ချင်လျှင်တော့ နအဖစစ်တပ်အတွင်းတွင် ကြိုးစားလျှင်တော့ “ခဲလေသမျှ သဲရေကျ” ဘ၀တွင်သာ ရောက်ပေလိမ့်မည်။ ထို့ကြောင့်လည်း ကျွန်တော်က “အနာဂတ်မဲ့သော နအဖစစ်တပ်တွင်းရှိ တပ်သားလေးများ” ဟူ၍ပင် ခေါင်းစဉ်ပေးပြီး ဆောင်းပါးတစ်ပုဒ် ထက်ရေးချင်ပါသေးသည်။
နအဖတပ်သား ရဲဘော်လေးများ၏ နေထိုင်ရပုံ၊ အဘယ်သို့အဘယ်ပုံ လုပ်ကိုင်စားသောက်ရပုံ၊ နအဖစစ်ဗိုလ်ချူပ်များက အသက်မပြည့်သော ကလေးငယ်ယောကျာင်္းလေးများအား ဘယ်သို့ဘယ်ပုံ ဖြားယောင်းသွေးဆောင် ခေါ်ယူပုံတို့ကို ရေးရလျှင်တော့ မကုန်နိုင်တော့ပေ။ ထို့ကြောင့် မိမိတွေ့မြင်ခဲ့ဖူးသော၊ မိမိကြားသိခဲ့ဖူးသော နအဖတပ်အတွင်းရှိ စစ်သားရဲဘော်လေးများ၏ အကြောင်းတချို့ တစိတ်တဒေသကိုသာ ရေးသားဖော်ပြပါမည်။
မြန်မာပတပ်မတောင်အတွင်းမှာ အရွယ်မရောက်သေးတဲ့ ခလေးစစ်သားတွေများနေလို့ ရှေ့တန်းကို စစ်တိုက်ထွက်တာမဟုတ်ပဲ ခလေးထိန်းထွက်လာတာပါလို့ ၂၀၀၁ ခုနှစ် အောက်တိုင်ဘာလက ရှေ့တန်း ခမရ (၅၉၈) ခွဲ (၂)မှာ ထွက်ပြေးလာခဲ့တဲ့ နအဖတပ်ကြပ်ကြီးတဦးက ပြောပြခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရင် ခံပစ်နိုင်ဖို့ နေနေသာသာ ခလေးတွေ ထွက်မပြေးအောင် မနည်းထိန်းနေရတယ်လို့လည်း သူက ပြောပြပါတယ်။ ရှေ့တန်းထွက်ရာမှာလည်း တောင်မတက်နိုင်လို့ ထိုင်ငိုနေတဲ့ ကလေးစစ်သားတွေ ရှိသလို၊ ထွက်ပြေးသူတွေနဲ့ သတ်သေသူတွေလည်း တပ်တိုင်းလိုလိုမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ညဖက်ကင်းစောင့် ခိုင်းရင်လည်း ကလေးပီပီ သရဲကြောက်လို့ မစောင့်ရဲဘူး ဆိုတာကြောင့် သူကိုယ်တိုင် “မင်းတို့ပြေးရင် ငါ့ကိုလည်း ချန်မထားခဲ့ပါနဲ့” လို့ဆိုပြီး ထုတ်ဖော်ဝန်ခံထားကြောင်းကို ကြည့်လျှင် နအဖစစ်ဗိုလ်ချူပ်များ မည်မျှ ယုတ်မာသည်ကို တစိတ်တဒေသ အားဖြင့် ပေါ်လွင်စေပါသည်။ အပေါ်တွင် တပ်ကြပ်ကြီး တဦး၏ ၀န်ခံထားချက်ကို ကြည့်လိုက်ပါလျှင်လည်း နအဖစစ်တပ် ရဲဘော်ကလေးများ၏ ဘ၀အနာဂတ်သည် မည်မျှပင် ဆင်းရဲမွတ်သိတ်သည်ကို တွေ့ရှိကြရပေမည်။
ကျွန်တော်ကိုယ်တွေ့ ကြုံဖူးသော နအဖတပ်သား ရဲဘော်ကလေးများကား ဆိုးသွမ်းခိုးဝှက်သော တပ်သားကလေးများဟုပင် ပြောရပေမည်။ ဤသည်မှာလည်း မထူးဆန်းပေ။ သူတို့အထက်ကပေးသော လစာမှ မငတ်လောက်၍သာ ဖြစ်ပါတော့သည်။ ဤတချက်တချက်ကြောင့်ပင်လျှင် နအဖစစ်တပ်တွင်းရှိ တပ်သူတပ်သားများသည်လည်း အကျင့်ပျက် ကြသည်မှာ မဆန်းလှပေ။ ထို့နောက် လာဘ်စားခြင်းဟူသော မကောင်းမှုက နောက်မှ လိုက်ပါလာသည်။ သို့သော် ကျွန်တော်တွေ့ကြုံသော နအဖစစ်တပ်တွင်းရှိ ရဲဘော်တပ်သားများက လာဘ်မစားပါ။ ခိုးစားပါသည်။ အဘယ်ကြောင့်ဆိုသည်မှာ ကျွန်တော်နေထိုင်ရာ ရွာကလေးတနေရာသည် လာဘ်စား၍ မရခြင်းကြောင့် တစ်ကြောင်း၊ အထက်အရာရှိ တချို့ ယူထားသော အမျိုးသမီးကလည်း မိမိတို့ ရွာသူများ ဖြစ်နေခြင်းကြောင့် တစ်ကြောင်း၊ ပြီးတော့ ကျွန်တော်တို့ ရွာတွင်နေထိုင်သော ရွာသူရွာသားများသည် စိုက်ပျိုးရေးအလုပ်ကိုသာလုပ်ပြီး တခြားမြို့များလို ငွေများကိုင်ဆောင်နိုင်သော အလုပ်၊ မှောင်ခိုအလုပ် စသော နအဖစစ်ဗိုလ်မှူးများ၊ စစ်ဗိုလ်ချူပ်များ၊ စစ်ဗိုလ်ကြီးများ၊ လက်နက်ချငြိမ်းချမ်းရေး ယူသွားသော UWSA ခေါ် ၀တပ်များ လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး များကိုလည်း ကျွန်တော်တို့ရွာဘက်တွင် မရှိ၍ နအဖ တပ်ကြပ်ကြီးများ၊ ဗိုလ်ကြီးများ၊ ဗိုလ်မှူးများ၊ ဗိုလ်ချူပ်များကလည်း ရွာသူရွာသားများအား အတင်းအကြပ် လာဘ်စားမှုကို မဖန်တီးနိုင်၍ ဖြစ်ပါလိမ့်မည်။ ထိုသို့လာဘ်စားမှုကြီးကို မတရား ဖန်တီးလာမယ်ဆိုရင်လည်း “မှန်းချက်နဲ့ နှမ်းထွက်မကိုက်”ဆိုသလို သူတို့ပြစ်မှုကို သူတို့ ပြန်ဖော်သလို ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နအဖစစ်တပ်တွင်းရှိ တပ်ကြပ်ကြီးအချို့၊ စစ်ဗိုလ်ကြီးအချို့၊ စစ်ဗိုလ်မှူးအချို့က ထိုသို့သော လာဘ်စားမှုကြောင့် မည်မျှပင် ချမ်းသာစေကာမူ လက်အောက်ငယ် တပ်သားရဲဘော်လေးများကား အစာငတ်ကာ သူခိုးဘ၀သို့ ရောက်ကြရပါသည်။ ပြည်သူလူထု စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ ငရုတ်သီး အစရှိသော အရာများကို တောင်းစားလျှင် ရပါလျှက်နှင့် ခိုးယူစားသောက်ကြပါသည်။ ဤသည်မှာ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံများပင် ဖြစ်ပါတော့သည်။ မည်သို့ပင် တပ်သားများက ပြည်သူလူထုစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက ခိုးစားစေကာမူ အထက်အရာရှိများက အပစ်မယူတတ်ကြပေ။ ဤသည်ကို ကြည့်ပြီး ကျွန်တော့်မှာ အလွန်အမင်း အံ့သြရပါသည်။ သို့သော် ယခုမူကား မအံ့သြတော့ပါ။ အဘယ်ကြောင့် မအံ့သြသည်ကိုလည်း ရှင်းပြရန် မလိုဟု ကျွန်တော်ထင်မိပါသည်။
အကယ်၍ နအဖစစ်အာဏာရှင် ဗိုလ်ချူပ်များဖြစ်သော ဗိုလ်ချူပ်မှူးကြီးသန်းရွေ၊ ဗိုလ်ချူပ်မောင်အေး၊ ဗိုလ်ချူပ်သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချူပ်ကျော်ဆန်းတို့က မှန်ကန်သော လုပ်ဆောင်မှုများ မလုပ်ဆောင်လျှင်၊ အာဏာကိုသာ အဖေသဖွယ် တွက်ကပ်ခံစားလိုလျှင်၊ မှန်ကန်သော အရာများကို အတင်းအကန်ငြင်းဆိုနေလျှင်၊ မိမိတို့၏ စီးပွားရေးတခုတည်းကိုသာ ကြည့်ပြီး မိမိတို့၏ လက်အောက်ငယ်သားများကို မငှဲ့လျှင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများပင် သာမက ပြည်ပရှိမြန်မာလူမျိုးများ နိုင်ငံအရပ်ရပ်မှ လူသားများက ဗိုလ်ချူပ်မှူးကြီးသန်းရွေ ဦးဆောင်၍ နအဖစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အသက်မပြည့် တပ်သားများတင်မကပဲ တပ်ကြပ်၊ စစ်ဗိုလ်၊ ဗိုလ်မှူးတို့၏ ဘ၀အနာဂတ်သည် “စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ” ဆိုပြီး နေ့စဉ်မပြက် အစဉ်အဆက် ပြောဆိုနေကြမည် ဖြစ်ပါကြောင်း ကျွန်တော့်၏ ထင်မြင်ချက်များကို ဝေငှအပ်ပါသည်။
ရှမ်းကလေး
Thursday, February 21, 2008
သူတောင်းစားတော့မဟုတ်ပါ။ တောင်းတော့ တောင်းစားပါသည်။
တကယ်တော့ မိမိတို့ ချစ်ခင်လေးစားရပါသော ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ကြီးသည် ယခုအခါတွင် တပ်မတော်ကြီး၏ ထိပ်သီးခေါင်းဆောင် နေရာအသီးသီးကိုပါ မတရားယူထားပြီး မိမိတို့၏ လွတ်လပ်တဲ့ တိုင်းပြည်ကြီးကိုပါ မတရားအုပ်ချူပ် မင်းလုပ်နေသော စစ်အာဏာရှင်များသည် ၎င်းတို့အာဏာတည်တံ့ခိုင်မြဲရေးကိုသာ ရှေးရူပြီး မှန်ကန်သောသတင်းကိုပိတ်ပင် မမှန်သောသတင်းများကို လွင့်တင်ကာ ပြည်သူလူထုများအား လိမ်နေကြနေပါသည်ကို စာဖတ်သူတို့ သိရှိကြမည်လို့ ကျွန်ုပ်ထင်မိပါသည်။ နအဖစစ်အစိုးရတတွေဟာ သူတို့ရဲ့ လက်အောင်ငယ်သားအချို့ကို၎င်း၊ သူတို့ရဲ့ စီမံခန့်ခွဲခြင်းတွေကို ခံနေရတဲ့ ရုံးဝန်ထမ်းအချို့ကို၎င်း၊ ပြည်သူလူထု အချို့ကိုလည်းကောင်း လုပ်ကိုင်ကျွေးမွေး လှူဒါန်းသင့်မယ့်အစား၊ သူတို့ရဲ့ အကျိုးစီးပွားကို အထောက်အကူ ပြုသော လူတစ်စုကိုသာ မကျွေးချင်ပဲ ကျွေးနေတယ် မနမ်းချင်ပဲ နမ်းနေတယ်ဆိုတာ အထင်အရှားကြီး ပေါ်လွင်နေလှပါသည်။ စာရေးတယ်ဆိုတာ အကြောင်းအရင်းမရှိပဲ လူတစ်ဖက်သားကို တိုက်ခိုက်ရေးသား ခြင်းမရှိပါဘူး။ ကျွန်ုပ်သည်လည်း လူတစ်ဖက်သားကို တိုက်ခိုက်ပြီး ရေးသားနေခြင်းမဟုတ်။ ကျွန်ုပ်သည် အမှန်တရားများကို ရေးသားနေခြင်းဖြင့် လည်းကောင်း၊ ယခုလက်ရှိ မိမိတို့၏ မြန်မာပြည်သူ လူထုများ ဘ၀ပေါ်လွင်အောင် လည်းကောင်း ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အဓိပ္ပယ်မဲ့သော အကြောင်းအရာများကို ရေးသားနေခြင်းမဟုတ်။ ဤသည်ကိုလည်း အချို့သော လူများယုံနိုင်ခြင်းရှိခဲ့ပါသော်လည်း အချို့သော လူများသည်ကား မယုံပါဟူ၍လည်း ဝေဖန်လာကြမည်။ ဤဝေဖန်ချက်များကိုလည်း ကျွန်ုပ်အနေဖြင့် စိတ်မဆိုးပါ။ ကျေးဇူးတောင်တင်ပေဦးမည်။ ဟော... ကြာနေလို့ လေရှည်တယ်ဆိုပြီး ပြောနေကြဦးမယ်။
တကယ်တော့ ကျွန်ုပ်ပြောပြချင်သော အကြောင်းအရာကား နအဖစစ်အစိုးရတို့၏ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်၍ လုပ်သက်စေ့ကာ ပင်စင်စား ဘ၀သို့ရောက်သွားကြသော အဖိုးအဖွား၊ ဦးလေးအန်တီတို့ အကြောင်းပင် ဖြစ်ပါသည်။ ထိုအဖိုးအဖွား ဦးလေးအန်တီတို့သည် ပင်စင်စားဘ၀ရောက်သွား၍ ပိုက်ဆံတွေ တပုံကြီးတော့ မ၀င်လာပါ။ အထင်တွေကြီးပြီး ငါတော့ မြန်မာနိုင်ငံမှာ ပင်စင်စားဘ၀ပဲ သွားလုပ်စားတော့မယ်ဆိုပြီး မစဉ်းစားလေနဲ့ဦး။ အခုမြန်မာနိုင်ငံက ပင်စင်စားဘ၀များကား ပေးတာက ၁ကျပ် ပြန်ပေးရတာက ၁၀ကျပ် ဘ၀ပေတည်း။ အချို့သော သားသမီးမရှိသော (သို့) လုပ်ကျွေးမည့်သူ မရှိသော အဖိုးအဖွားများပင်လျှင် လမ်းဘေးတွင် မိမိလုပ်နိုင်သလောက် အားအင်လေးများနှင့် တောင်းစားနေကြရသည်ကို အောက်တွင်ဖော်ပြထားသော ပုံလေးအားကြည့်လျှင် သိနိုင်ပါသည်။
ဤပုံအား ဤနေရာမှ ကူးယူဖော်ပြပါသည်။
အထက်ပါ ပုံအား ကြည့်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ကောင်းမွန်လှသော ဧရာမလမ်းမကြီး တစ်နေရာပေါ်တွင် အိုမင်းလှသော အမယ်အိုနှစ်ယောက် တောင်းစားနေသည်ဟူသော သတင်းကို မြန်မာနိုင်ငံမှ သတင်းဌာနများက အဘယ်ကြောင့် မဖော်ထုတ်သနည်း ဟူ၍ပင် မေးကြည့်ချင်သေးသည်။ ကျွန်ုပ်ရေးရင်းနဲ့ မေးတဲ့ မေးခွန်းကလည်း များနေပြီ။ ဤအမယ်အိုနှစ်ယောက်ကား မြန်မာနိုင်ငံ၏ ပင်စင်စားဘ၀များပင် ဖြစ်ပါတော့သည်။ အချို့သော ပင်စင်စား ဘ၀တူ အဖိုးအဖွားများပင်လျှင် တောင်းစားသော သူတောင်းစား ဘ၀သို့မရောက်ချင်၍ မိမိတတ်သမျှ အလုပ်များကို ပြုလုပ်ကာ ဥပမာ- အလွယ်ကူဆုံးအလုပ် ခရေပန်းကလေးများကို သီကုံးကာ ရောင်းစားနေကြ ရပါသည်။ ထိုခရေပန်းများကို သီကုံးကာ ရောင်းစားနေရသူများသည်လည်း မည်သည့်အချိန်အခါတွင် တောင်းစားသော ဘ၀များသို့ ရောက်မည်ဆိုသည်ကိုမူ ခန့်မှန်း၍ မရနိုင်ပါချေ။ ယခုခေတ် ယခုခါတွင် ကမ္ဘာကြီး၌ ရှိသော် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးတွင် တောင်းစား နေကြသော သူတောင်းစား များကိုပင်လျှင် သူတောင်းစားဟူ၍ပင် မခေါ်သင့်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ငယ်စဉ်က တွေ့ဖူးသော သူတောင်းစားများမှာ မသန်မာ၊ မထွားကျိုင်းသော လူများပင် ဖြစ်ပါသောကြောင့် ဖြစ်ပါသည်။ သို့သော် ယခုလက်ရှိ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရှိသော သူတောင်းစားများကား ကန်တော့ပါရဲ့ ပင်စင်စား အဖွားအဖိုးများပင် ဖြစ်နေပါသည်။ လူတစ်ယောက် ဆိုသည်မှာ ကိုယ့်လုပ်အားနှင့် ကိုယ်တော့ လုပ်ကိုင်စားသောက် ချင်ကြပါသည်။ မည်သူ့ကိုမျှ သွားပြီးတော့ အောက်ကျို့ခံပြီး မတောင်းစားချင်ကြပါ။ စာဖတ်သူတို့လည်း ထိုပိုဂ္ဂိုလ်မျိုးပင် ဖြစ်ကြမည်ဟု မျော်လင့်ပါသည်။ ထို့ကြောင့် သူတောင်းစား ဘ၀သို့ ကူးပြောင်းသွားသော ပင်စင်စား အဖိုးအဖွားများသည် သူတောင်းစားတော့မဟုတ်ပါ။ သို့သော်တောင်းတော့ တောင်းစားပါသည်ဟူသော ခံယူချက်ကို စိတ်ထဲတွင် မှတ်ယူထားကြမည်ဟု ကျွန်ုပ်ထင်မြင်မိ ပါကြောင်း သုံးသပ်ပြအပ်ပါသည်။
ရှမ်းကလေး
Tuesday, February 19, 2008
အဖကိုကာကွယ်ပေးတာလား(သို့မဟုတ်) တကယ်ပင်မသိလို့ပဲလား
ဘယ်လိုပဲ ဖြစ်နေပါစေ ဤဆောင်းပါးကို ရေးသားထားသော လူသည် အမှားများကို ရေးနေသည်ဟုသာ ဆောင်းပါးအဆုံးတွင် ကျွန်ုပ်ကိုယ် ကျွန်ုပ်မှတ်ချက်ချမိပါသည်။ သို့သော် စိတ်ထဲက မှတ်ချက်ချယုံလောက်နှင့် ကျွန်ုပ်မကျေနပ်နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ဆောင်းပါးအစ စာကြောင်းရေ ၆ ကြောင်းမြောက်လောက်တွင် လတ်တလောတွင် အမည်မသိ လူသုံးဦးမှ ရက်ရက်စက်စက် လုပ်ကြံသွားခြင်းကြောင့် ဘ၀တပါးသို့ ကူးပြောင်းသွားသော ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား ထိုဆောင်းပါးအားရေးသားသူက အပြစ်ရှာကာ ရေးသားသွားသည်ကို ကျွန်ုပ်ဖတ်ရှုရပါသည်။ ဤရေးသားချက်များသည် မမှန်တရားများကို ရေးသားထားသည်ဟု ဆိုသည်မှာ စာဖတ်သူတို့လည်း သိလိမ့်မည်လို့လည်း အကြွင်းမဲ့ ယုံကြည်မိပါသည်။ သို့သော်လည်း ထိုစာရေးသူမှာ ထိုမျှလောက်နှင့် မတော်နိုင်သေး။ သိပ်မကြာသေးခင် နိုဝင်ဘာလလောက်က နအဖစစ်အစိုးရတွေ ပိတ်ပင်ထားတဲ့ တရားတော် အကြောင်းကိုပါ အတိုက်အခံခေါင်းဆောင်များအား ရည်ရွယ်ကာ ဟောကြားထားသည်ဟုဆိုကာ အပြစ်ပုံချလိုက်သေးသည်။ ဤအကြောင်းအရာကား သီတဂူဆရာတော်ကြီး ဟောကြားတော်မူခဲ့သော “လူမိုက်တို့ရဲ့ သွားရာလမ်း” တရားသည် ဒီမိုကရေစီအရေး လှုပ်ရှားနေသော သူများနှင့် အတိုက်အခံ ခေါင်းဆောင်များကို လည်းကောင်း၊ KNU, SSA, KNPP အစရှိသော ခေါင်းဆောင်များကို လည်းကောင်း ရည်ညွန်းသည်ဟု မျက်စိမဖွင့် နားမဖွင့်ပဲ ရေးသားသွားသည်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုဆောင်းပါးကို ရေးသားသောသူသည် လိမ်နေသည်၊ ညာနေသည်ဆိုသည်မှာ ဤသည်ကို ကြည့်ယုံနှင့်လည်း သိနိုင်ပါသည်။ ၎င်းရေးသားသွားသည်ကို ပြန်ကြည့်မယ်ဆိုလျှင် “ဒါတွေကို ကြိုမြင်လို့ ထင်ပါရဲ့။ သီတဂူဆရာတော်ကြီးက `လူမိုက်တို့ရဲ့သွားရာလမ်း´ တည့်တည့် ဟောကြားတော် မူခဲ့တာပါ။ ဒါကို မသိရှာကြတဲ့၊ မိုက်မဲလှတဲ့ သူများက နိုင်ငံတော်အကြီးအကဲတွေကို စော်စော်ကားကား ပြောဆိုဝေဖန် ကြပါသေးတယ်။ ဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်ကြောင့် ကြိုတင်သိမြင့်လို့ သတိပေးဟောကြားတော်မူခဲ့ပေမယ့် လူမိုက်ကတော့ ကိုယ့်ကိုယ်ကို မိုက်မှန်းမသိတော့ ကြိုတင်မပြင်ဆင်နိုင်လိုက် ရှာဘူးပေါ့။ သြော် .. ဖဒိုမန်းရှာ၊ ဖဒိုမန်းရှာ။ သူလုပ်ခဲ့တဲ့ပြစ်မှုတွေ၊ အကုသိုလ်တွေက ဘ၀မခြား ချက်ချင်းလက်ငင်း အကျိုးပေးရှာပါလား။” ဟူ၍ဖြစ်သည်။ ထိုသူရေးသားထားသော အရာကို ကြည့်ခြင်းအားဖြင့် နအဖစစ်အုပ်စုရှေ့တွင် ဘယ်နှစ်ခါလောက် ထိုင်ရှိခိုးပြီးပြီလဲဆိုတာကိုတော့ ကျွန်ုပ်အထင်နှင့် မပြောလိုပေ။ နအဖစစ်အစိုးရက ထိုစာရေးသူအား ဆုငွေများ မည်မျှပေးသည်ကိုလည်း ကျွန်ုပ်မသိ။ စိတ်လည်းမ၀င်စားပေ။ ကျွန်ုပ်စိတ်ဝင်စားသော အကြောင်းအရာကား လူမိုက်တို့ရဲ့ သွားရာလမ်းကို ဟောသောတရားသည် မည်သူ့ကို ရည်ရွယ်ပြီး ဟောထားသည်ကို ကျွန်ုပ်ပို၍ စိတ်ဝင်စားပါသည်။ ထိုသူရေးသားထားသည်မှာ လူမိုက်တို့ရဲ့ သွားရာလမ်း တရားတော်သည် နအဖစစ်အစိုးရအား တော်လှန်တိုက်ခိုက် နေသူတွေကို ရည်ရွယ်ပြီး ရေးသားထားသည်ဟု ဆိုသည်။ ထိုဆောင်းပါးအား ရေးသူသည် ရန်ကုန်မှာနေပြီး (သို့) နေပြည်တော်က အခန်းကျဉ်းလေးထဲမှာ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ခေါ်မှလာ မခေါ်ရင်မလာနဲ့ ဆိုတဲ့ အမိန့်တွေကို နာခံနေရတဲ့ လူတစ်ဦးလားလို့ပင် ကျွန်ုပ်ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် သီတဂူဆရာတော် ဟောကြားသော လူမိုက်တို့ရဲ့ သွားရာလမ်း တရားတော်သည် နအဖစစ်အစိုးရတို့က ပိတ်ပင်ထားသည်ကို မဟုတ်ပါလား။ ထိုတရားတော်သည် အတိုက်အခံခေါင်းဆောင်များအား ရည်ရွယ်ပြီး ဟောကြားသည်ဟု ဆိုခဲ့သော် အဘယ်ကြောင့် ထိုတရားတော်ကို ပိတ်ပင်ခဲ့ပါသနည်းဟုပင် ထိုဆောင်းပါးကို ရေးသူကတဆင့် နအဖစစ်ဗိုလ်ချူပ်များအား မေးလိုက်ချင်ပါသေးသည်။ ထိုကြောင့် မိမိကိုယ်ကိုယ် မလုံ၍သာ ထိုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်ပါသည် ဟူ၍လည်း မြန်မာနိုင်ငံ ပြည်သူလူထုများက မှတ်ချက်ချခဲ့ ကြသည် မဟုတ်ပါလား။ မဟုတ်တာတွေ မမှန်တာတွေကို နားထောင်နေရတဲ့ ပြည်သူလူထုတွေကို ဘုန်းတော်ကြီးများက အဖက်ဖက်မှ တရားချခြင်းဖြင့်လည်းကောင်း ပညာများပေးနေသည်ကို လိုက်လံတားဆီး ပိတ်ပင်နေသည်မှာ မည်သူမည်ဝါတို့ ဖြစ်နေသည်ကို စာဖတ်သူတို့ တွေး၍ပင် ကြည့်နိုင်ပါသေးသည်။ ထို့ကြောင့် လူမိုက်တို့ရဲ့ သွားရာလမ်း ခေါင်းစဉ်ကို ရေးသားထားသော ဆောင်းပါရှင် စူးရှမေတ္တာ ဆိုသူသည် တိုင်းရင်းသား အားလုံးတို့ လေးစားဖွယ်ကောင်းသော ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းရှာလားဖန်း ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားကြားခြင်း ကမန်းကတန်း မဆင်မခြင် မျက်နှာလိုမျက်နှာရ ရေးသားခြင်းလည်း ဖြစ်နိုင်ပါသည်။ အားလုံးသော အမှန်တရားများကို ကြိတ်မှိတ်ဖျောက်ဖျက်ပြီး နအဖစစ်အစိုးရများက ရေးသားခိုင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုစာရေးသူသည် အမိလိုသဖွယ် အဖလိုသဖွယ် ကိုးကွယ်နေသော နအဖစစ်အာဏာရှင်တို့ကို မျက်နှာလို၊ မျက်နှာရမျိုးနဲ့ လူမိုက်တို့ရဲ့ သွားရာလမ်းဟူသော တရားတော်သည် မိမိတို့ကိုးကွယ်နေသော စစ်ဗိုလ်ချူပ်တွေကို မရည်ရွယ်ကြောင်း၊ အတိုက်အခံခေါင်းဆောင်များကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း မဟုတ်မမှန်ရေးသားသွားကာ အဖကိုကာကွယ် ပေးတာလား ဒါမှမဟုတ် တကယ်ပင်မသိတာလား လို့ပင် မေးလိုက်ချင်ပါသေးသည်။
ရှမ်းကလေး
Wednesday, February 13, 2008
“ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူကြာရင်မေ့”
ကျွန်တော်တို့ နေထိုင်ခဲ့သော ဗမာနိုင်ငံကြီးဟာ ပညာပေးစကားပုံတွေ၊ ဆိုရိုစကားတွေ၊ စကားထာတွေ အများကြီးရှိပါတယ်။ ဒီလိုစကားပုံတွေကို ကျွန်ုပ်တို့ ဗာမာနိုင်ငံရဲ့ ရှေးပညာရှင်တွေကလည်းကောင်း၊ လူတွေကြားထဲမှာ ပေါ်ထွင်းလာတဲ့ စကားပုံတွေလည်းကောင်း ရေတွက်လို့မရအောင် များပြားလွန်းလှပါတယ်။ ဒါပေမဲ့ ထိုစကားပုံတွေထဲက အချို့သော စကားပုံတွေဟာ ရှေးဟောင်းခေတ်က ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မှန်ကန်သည်ဟု ရှိခဲ့သော်လည်း ယခုလက်ရှိ မိမိတို့၏နိုင်ငံတော်၊ ယခုခေတ်ခါ သာမယအချိန်အခါမှာတော့ မှားကောင်းမှားနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရိုးစကား တစ်ခုကို ကျွန်တော် အမှီပြုပြီး ရေးချင်မိပါတယ်။ ထိုဆိုရိုးစကားကား “ပျောက်သောသူရှာလျှင်တွေ့ သေသောသူ ကြာရင်မေ့”ဟူသော ဆိုရိုစကားပင် ဖြစ်ပါတယ်။ ထိုဆိုရိုးစကားအား အားလုံးသိကြမည်ထင်ပါတယ်။ ၎င်းဆိုရိုးကားသည် တချို့သော နေရာတွေမှာ မှန်ကန်ခြင်း ရှိပါသော်လည်း တချို့သော နေရာတွေမှာ လုံးဝမှားယွင်း နေကြောင်းကို ကျွန်တော်ထောက်ပြပါရစေ။ ယခု ကျွန်တော် အပိုင်း (၂)ပိုင်းခွဲပြီး တင်ပြချင်ပါတယ်။ ပထမ အပိုင်းအနေနဲ့ သေသောသူကြာလျှင်မေ့ ဆိုတဲ့ အပိုင်းကို သွားပြီး၊ ဒုတိယအပိုင်းအနေနဲ့ ပျောက်သောသူ ရှာလျှင်တွေ့ဆိုတဲ့ အပိုင်းကို ရေးချင်ပါတယ်။ ပထမဦးဆုံး သေသောသူကြာရင်မေ့ဆိုတဲ့ စကားပုံလေးဟာ တခြားသောနိုင်ငံတကာက ပြည်သူလူထုတွေ အတွက် မှန်နိုင်ကောင်း မှန်နေပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးမှာ မွေးဖွားပေါ်ထွင်းလာတဲ့ ပြည်သူလူထုတွေကော အကြောင်းအမျိုးမျိုးကြောင့် သူတပါးတိုင်းပြည်မှာ မွေးဖွားတဲ့ မြန်မာလူမျိုးတွေ အတွက်တော့ မှားနိုင်ကောင်း မှားနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ မြန်မာပြည်သူ ပြည်သားများသည် မိမိတို့၏ အမျိုးသားခေါင်းဆောင်၊ မိမိတို့ လေးစားရပါသော ဗိုလ်ချူပ်ဖခင်၊ မိမိတို့ တိုင်းသူပြည်သားများကို သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့သော ဖခင်ဗိုလ်ချူပ်အောင်ဆန်းကို ယနေ့ထိတိုင် အသည်းထဲ၊ ရင်ထဲ၊ ဦးနှောက်ထဲကပါ အောင့်မေ့သတိရနေသည် ဆိုသည်မှာ မည်သူက ငြင်းနိုင်မည်နည်း။ မိမိတို့ မြန်မာသူ မြန်မာပြည်သားတင် သာမက ကမ္ဘာသူ ကမ္ဘာသားတွေ အပေါင်းကပါ မိမိတို့ဖခင် ဗိုလ်ချူပ်အောင်ဆန်းအား အစဉ်အမြဲသတိရနေမယ် ဆိုတာ စာဖတ်သူတို့လည်း သိမယ်ဆိုတာ ကျွန်တော် ထင်မြင်မိပါတယ်။ မိမိတို့တိုင်းပြည်အတွက် ဖခင်ဗိုလ်ချူပ်သည် အမိ၊ ဗိုလ်ချူပ်သည်အဖ ဆိုသည်မှာလည်း ထစ်ထစ်ငှော့ငှော့မရှိဘဲ ကျွန်ုပ်တင်သာမက စာဖတ်သူ မိတ်ဆွေအပေါင်းတို့ မှတ်ယူထားကြသည်မှာ မုချဖြစ်မည်ဟု ကျွန်ုပ်ယုံကြည် မိပါသည်။ မိမိတို့တိုင်းပြည် ဖခင်၊ ကျေးဇူးရှင် ဗိုလ်ချူပ်၏ ကျေးဇူးကြီးမားလှပုံမှာလည်း မည်သည့်အရာနှင့်မျှ တုနှိုင်း၍မရနိုင်ပါ။ မိမိတို့တိုင်းပြည်၏ ကျေးဇူးကြီးမားလှသည့် ဖခင်ဗိုလ်ချူပ်ကြီးသည် ၎င်း၏ အကျိုးစီးပွားကို စိုးစဉ်းလေမျှ မကြည့်ပဲ တိုင်းပြည်တွင် နေထိုင်လျှက်ရှိသော ပြည်သူလူထုတို့၏ အကျိုးတရပ်ကိုသာ လေးလေးနက်နက် ကြိုးစားလုပ်ဆောင်သည် ဆိုသည်မှာ မိမိတို့ မြန်မာနိုင်ငံတော်၏ သမိုင်းတလျှောက်တွင် ကျန်ရစ်ခဲ့သော ဗိုလ်ချူပ်၏ပုံရိပ်များကို စာဖတ်သူတို့ လေ့လာနိုင်ပါသည်။ ဖခင်ဗိုလ်ချူပ်သည် အမှန်တရားကို မြတ်နိုးပြီး၊ မမှန်သော စကားများကို ပြောဆိုမှုများကို ရွံ့မုန်းသည်ဆိုသည်မှာ အောက်ပါသာဓက များကို လေ့လာနိုင်ပါသည်။
”တနေ့တွင် တောမှစပါးဝယ်သူများ ရောက်လာပြီး ဈေးစကား ပြောနေကြစဉ် လေးနှစ်သားအရွယ် မောင်ထိန်လင်းခေါ် “အောင်ဆန်း” ကလေးသည် လှေကား အဆင်းအတက်နေရာတွင် ဆော့ကစားနေသည်။ စပါးဝယ်သူများက ဈေးဆစ်ကြရာ မိခင်ကြီးဒေါ်စုက “ကိုင်း မင်းတို့ ဒါလောက်လိုချင်နေမှ ငါကပဲ လျှော့ပေးလိုက်မယ်။ ဒီစပါးကို ငါဝယ်တုန်းက ၆၀ ဈေးနဲ့ ၀ယ်ထားရတယ်၊ ဒါပေမဲ့ မင်းတို့ကို ၅၀ ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောလေရာ ထိုစကားကို ကြားလိုက်သူ အောင်ဆန်း(ထိန်လင်း) ကလေးက “ဟာ အစ်မကလဲ မဟုတ်တာပြောရော့မယ်၊ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့ ၀ယ်ထားတာ ကျွန်တော်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး” ဟုခတ်တည်တည် ၀င်ပြောလိုက် သဖြင့် အားလုံးက ၀ိုင်းရယ်မောကြလေသည်။
မှတ်ချက်။ ။ အပေါ်မှ ဖခင်ဗိုလ်ချူပ်အောင်ဆန်း အမှန်တရားမြတ်နိုးမှုကို ဖော်ပြထားသော သာဓကအား တက္ကသိုလ်နေ၀င်း ရေးသားသော ပြည်ထောင်စုဗိသုကာ ဗိုချူပ်အောင်ဆန်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ပျောက်သောသူ ရှာလျှင်တွေ့ဟူသော် ဆိုရိုးစကားကို ကျွန်တော် အသက်ငယ်စဉ်အချိန်အခါတုန်းက မှန်နိုင်ဖွယ်ရှိခဲ့ ပါသော်လည်း ယခုကျွန်တော် အသက်ရှင်နေရာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ၏ ယခုလက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိစ္စအရပ်ရပ်တို့ကို ပြန်ကြည့်လိုက်လျှင်သော် ထိုဆိုရိုးစကားမှာ မိုကောင်းကင်ပေါ်မှာ ကြက်ခြေတက်ခတ်ထားသလို လုံးဝကို မှားယွင်းနေသည်မှာ အထင်အရှားတွေ့မြင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးကို မတရား ကြီးမိုးအုပ်စိုးနေသော အာဏာရှင် အစိုးရများ ရှိနေသောကြောင့် ဖြစ်ပါသည်။ အဘယ်ကြောင့် ကျွန်ုပ်တည့်တိုးကြီး ဗြောင်ကျကျ ပြောရသည်ဆိုသည်မှာ မိမိတို့တိုင်းပြည်အား မတရား စိုးမိုးအုပ်ချူပ်နေသော အာဏာရှင် အစိုးရများသည် ၎င်းတို့၏ အာဏာကို ဖြုတ်ဖို့ ကြိုးစားတဲ့ သူတိုင်းကို ထောင်နန်းသို့ စံခိုင်းသည်ကို စာဖတ်သူ ပရိတ်သတ်တို့အနေနှင့် သိရှိသူများလည်း ရှိနိုင်သကဲ့သို့ သိနေပါလျှက်နဲ့ မသိဟန်ဆောင်နေသူများလည်း ရှိနိုင်ပါသည်။ လုံးဝမသိသူများလည်း ရှိနိုင်ပါသည်။ နအဖ စစ်အာဏာရှင်များသည် ၎င်းတို့၏ အာဏာကိုဖြုတ်ဖို့ ငြိမ်းချင်းစွာ ဆန္နပြတာတောင်မှ ငြိမ်းချမ်းစွာ မဖြေရှင်းပဲ ၀ါးရင်းတုတ်ကို လက်ကတကားကား ကိုင်ဆောင်ကာ စစ်ဖိနပ်များနှင့် ငြိမ်းချမ်းစွာ ဆန္နပြသူများအား ရက်စက်စွာ ကန်ကျောက်ခဲ့သည်ဆိုသည်မှာ ပြီးခဲ့သည် စက်တင်ဘာအရေးခင်းတုန်းက ပုံရိပ်များကို ပြည်လည်ကြည့်ရှုနိုင်ပါသည်။ ထိုသို့ကန်ကျောက်ခြင်းဖြင့် ၎င်းတို့၏ လူမဆန်စွာ လုပ်ရပ်များသည် ပြီးသွားပြီဟု မဆိုနိုင်သေး။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အာဏာရှင် များသည် ၎င်းတို့၏ လက်ကိုင်တုတ်များကို အသုံးပြုလျက် ဆန္နပြပွဲတွင် ပါဝင်ခဲ့သော် ဆန္နပြသူများကို လိုက်လံရှာဖွေပြီး ဖမ်းခိုင်းနေသည်ဆိုသည်မှာ ၎င်းတို့၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် အလို့ငှာ ထိုင်းနိုင်ငံသို့ ၀င်ရောက်ခိုလှုံလာသော် ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု အချို့ကို မေးကြည့်လျှင် သိနိုင်ပါသည်။ အဘယ်ကြောင့် အဖမ်းခံရမည် ကြောက်မည်ဆိုတာကိုလည်း ထိုင်းနိုင်ငံတို့ ၀င်ရောက်ခိုလှုံသူ ရဟန်းသံဃာတော် များသည် မိမိတို့ဘ၀ နအဖလက်ထဲသို့ ကျရောက်သွားပါလျှင် မိမိတို့က မိမိတို့ နိုင်ငံတော်အတွက် မည်သို့အကျိုးပြုမည်နည်း ဆိုသော် မေးခွန်းများကို ပြန်မေးကာ ထိုင်းနိုင်ငံထဲသို့ ခဏတဖြုတ်ခိုဝင်လာခြင်း ဖြစ်ကြောင်း ကျွန်တော့်အနေနှင့် ထင်မြင်မိပါသည်။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများသည် နအဖစစ်အစိုးရ လက်ထဲသို့ ပျောက်သွားလျှင် ပြန်ရှာဖို့ ခက်ခဲမည်ဖြစ်ကြောင်း သို့ပါသောကြောင့် ပျောက်သောသူ ရှာလျှင်တွေ့ဟူသော ဆိုရိုးစကားမှာလည်း အာဏာကို အဖေသဖွယ် သွယ်ကပ်နေသော နအဖစစ်အစိုးရများ ရှိနေသရွေ့တော့ ဘယ်တောအခါမှ မှန်မည် မဟုတ်ကြောင်းကို ထောက်ပြရင်း နိဂုံးချူပ်အပ်ပါသည်။
Thursday, February 7, 2008
ကိုနေဘုန်းလတ်အတွက်နှင့် ကျွန်တော့်ရင်ထဲက ခံစားချက်
ကျွန်တော်တို့ခေတ်မှာ လူ့တစ်ယောက်က ဘယ်နေ့မှာ ဘာဖြစ်မလဲ၊ ဘယ်အချိန်မှာ ဘာတွေဖြစ်မလဲဆိုတာ မှန်ကန်အောင် ဘယ်ဗေဒင်ဆရာမှ တတ်အပ်မပြောနိုင်ပါဘူး။ လူရယ်လို့ဖြစ်လာခဲ့ရင် ကိုယ်လက်ရှိဖြစ်နေတဲ့ ဘ၀ထက် ဘယ်လိုပိုပြီးတော့ ကောင်းအောင် လုပ်ဆောင်မလဲ ဆိုတာကိုပဲ စဉ်းစားတွေးကြည့်နေမယ်ဆိုတာ စာဖတ်သူတို့ ယုံပါ့မလား။ ဥပမာ- လယ်သမားလင်မယားပဲ ထားပါတော့။ လယ်သမားလင်မယား မိသားစုတစုဟာ သူမွေးလာတဲ့ သူတို့ရဲ့ သားသမီးလက်ထက်မှာ သူတို့လက်ထက်ကထက် ပိုမိုချမ်းသာအောင်၊ ပိုပြီးတော့ လူဂုဏ်မငယ်အောင် ထားချင်ကြမှာပဲ။ ဟော လယ်သမားလင်မယားရဲ့ သားသမီးလက်ထက်မှာကော သူတို့ရဲ့လက်ထက်ကထက် သူတို့ရဲ့သားသမီး လက်ထက်မှာ ပိုပြီးချမ်းသာတာကို မြင်ချင်ကြမှာပဲ။ ပြောရရင်တော့ မပြီးနိုင်တော့ဘူးထင်တယ်။ မြေးတွေ၊ တီတွေ၊ တွတ်တွေ အဆက်ဆက်ပေါ့ဗျာ။ ဒီလိုပါပဲ ကျွန်တော်တို့ ဖခင်ဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်အောင်ဆန်းကလည်း သူကိုယ်တိုင် စတင်တည်ထောင်ခဲ့သော တပ်မတော်ကြီးသည် ဘယ်သူ့လက်ထက်မှာမဆို သူ့တည်ထောင်စဉ်ကထက် ပိုမိုကောင်းမွန်စေချင်သည်မှာ စာဖတ်သူတို့အနေနှင့် ယုံကိုယုံကြည်သင့်ပါသည်။ လောကမှာ ကိုယ်ထင်ထားသလို မဖြစ်နိုင်သလို ကိုယ်ထင်ထားခဲ့သလိုလဲ ဖြစ်ပေါ်နိုင်လေ့ရှိပါသည်။ ဒါပေမဲ့ ကျွန်တော်တို့ ချစ်ခင်လေးစား မြတ်နိုးရပါသော ဖခင်ဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးကတော့ အခုချိန်မှာ သဲထဲရေသွန်သလိုပါပဲ။ ကျွန်တော်တို့ နအဖစစ်အစိုးရ လက်ထက်ကိုပြန်ကြည့်လိုက်တော့ မဟုတ်တာတွေကို လုပ်ပြီး၊ မမှန်တာတွေကို လုပ်နေကြတယ်ဆိုတာ ဘယ်လိုမှငြင်းလို့ရမှာ မဟုတ်ပါဘူး။ ဥပဒေကလည်း စောက်ထိုး၊ အုပ်ချူပ်တဲ့ လူတွေကလည်း စောက်ချိုးတွေ မပြေတာကို စာဖတ်သူတို့ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက မြန်မာနိုင်ငံသားတွေဟာ အထူးသဖြင့် မြန်မာပြည်ကောင်းစားဖို့အတွက် ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့ လူတွေဟာ ဘယ်နေ့များငါတို့ကို သူတို့တတွေလာဖမ်းမလဲ ဆိုတာကိုတွေးတွေးပြီး စိတ်ပူနေရတာပါ။ ကြောက်တာတော့ မဟုတ်လောက်ပါဘူး။ ကြောက်ရင်တော့ လုပ်မနေတော့ပါဘူး။ တွေးတွေးပြီး စိတ်ပူတယ်ဆိုတာကတော့ လူတချို့ပေါ့ဗျာ။ သူတို့တွေးပြီးပူရတာကလည်း အကြောင်းအရင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖမ်းခံရရင် ဘယ်လိုလို့ နိုင်ငံအတွက် အလုပ်တွေလုပ်နိုင်တော့မလဲ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဆိုတာ လူသားတိုင်းအတွက် မှန်တဲ့စကားပုံတခုပါ။ တွေးကြည့်ရင် သိနိုင်ပါတယ်။ အဲကျွန်တော်အဓိက ပြောချင်တာကတော့ ကိုနေဘုန်းလတ်ကို ဖမ်းသွားတဲ့ issue တစ်ခုပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကိုနေဘုန်းလတ်ရဲ့ ဘလော့ကို ကျွန်တော် တခါတလေမှသာ ၀င်ကြည့်မိခဲ့ပါတယ်။ သူရေးတဲ့ စာတွေကိုတော့ မဂ္ဂဇင်းတွေမှာ ဖတ်ခွင့်ရခဲ့ပါတယ်။ သူရေးတဲ့စာတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဟောပြောလာကြဦးမယ်ဗျ သူများတွေ ကိုနေဘုန်းလတ်ကို စိတ်ဝင်စားမှ မင်းကလည်း အရေးလာလုပ်နေတယ် ဆိုတာကို တချို့သောလူတွေက ဝေဖန်တာတွေ၊ ရှုံ့ချတာတွေ ပြုလုပ်လာမယ်ဆိုတာကိုတော့ ကျွန်တော်ထင်မြင်မိပါသေးတယ်။ ဟုတ်ပါတယ် ဝေဖန်တာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ဝေဖန်တယ်ဆိုတာ လူတဖက်သားရေးတဲ့ စာရဲ့အဓိပ္ပါယ်ကို သေချာဖတ်ကြည့်ပြီးမှ ဝေဖန်စေချင်ပါတယ်။ ကိုနေဘုန်းလတ်ဆိုတဲ့ နာမည်တွေ့လိုက်ရုံနဲ့ ဟာဒီကောင် သူများရေးတိုင်း လိုက်ရေးနေပြီဆိုပြီး ဇွတ်ကြီးမပြောစေချင်ပါဘူး။ လူဆိုတာ သူနဲ့ချစ်ခင်ရင်းနှီးတဲ့ လူတစ်ယောက်က မတရားအဖမ်းအဆီး ခံရမယ်ဆိုရင် စာဖတ်သူတို့ ဘယ်လိုခံစားမလဲ။ ထိုနည်းတူစွာပဲ ကိုနေဘုန်းလတ်ဟာ ကျွန်တော်နဲ့ စကားတခွန်းတောင် မပြောဖူးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်အနေနဲ့ကော မတရားဖမ်းဆီးခံရတဲ့ လူတစ်ယောက်အနေနဲ့ပါ ၀မ်းနည်းပြီး ဒီပို့လေးကို ရေးဖြစ်တာပါ။ ဘာလို့အခုမှရေးရတာလည်း ဆိုတဲ့အမေးမြန်း ခတ်ကြမ်းကြမ်းကြီးတွေကိုလည်း မေးလာကြပါဦးမယ်။ ဘာလို့ ကျွန်တော်အခုမှ ရေးရတာလဲဆိုတာကိုတော့ ကျွန်တော်အကြောင်းပြမနေတော့ပါဘူး။ ပြရင်လည်း မယုံကြည်တဲ့ လူတွေကလည်း ရှိနေဦးမယ်လေ။ တကယ်တော့ ကိုနေဘုန်းလတ်ဟာ ဘာနိုင်ငံရေးမှလည်း မလုပ်ပါဘူး။ သူ့ရဲ့ ဘလော့မှာတောင်မှာ အနုပညာကို ခုံမင်ရှုးသွတ်သူ တစ်ယောက်ပါလို့ ရေးသားထားတာကို ကြည့်လိုက်ခြင်းအားဖြင့် ကိုနေဘုန်းလတ်ဟာ ဒီနိုင်ငံရေးတွေဟာ သူမလုပ်ဘူးဆိုတာကို ထောက်ပြနေပါတယ်။ ကိုနေဘုန်းလတ်ကို စစ်အစိုးရက ဖမ်းဆီးသွားခြင်းအားဖြင့် စစ်အစိုးရ အာဏာရဗိုလ်ချူပ်ကြီးတွေဟာ ကိုနေဘုန်းလတ်လို ခေတ်ပညာတတ် လူငယ်တစ်ယောက်ကို အသေကြောက်နေတယ် ဆိုတာကတော့ ထင်ပေါ်နေပါတယ်။ ကိုနေဘုန်းလတ်လို ခေတ်ပညာတတ်လူငယ်တွေ ပေါ်ထွက်လာမှာကို သေအောင်ကြောက်တဲ့ စစ်အုပ်စုတွေဟာ ကိုနေဘုန်းလတ်က သူသိထားသမျှ ပညာတွေကို နောက်ထက် ပေါ်ထွင်းလာမဲ့ နောင်လာနောင်သား လူငယ်တွေကို ပညာတွေဖြန့်ဝေပေးမှာ ကြောက်တာကတစ်ကြောင်း၊ ကိုနေဘုန်းလတ်က အန်အယ်ဒီအသင်းဝင် တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လည်းကောင်း ဘာအကြောင်းပြချက်မှ မပေးပဲ ဖမ်းယူခေါ်ဆောင်သွားတာဟာ အလွန်မှ စိတ်မကောင်းဖွယ်ရာ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာ နအဖတွေ ထင်တိုင်းကျဲလို့တော့ မရတော့ပါဘူး။ သူတို့က ကျဲလေလေ သူတို့ကိုဖြဲမဲ့ လူငယ်တွေများများ ထွက်ပေါ်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ဘလော့ရေးနေတဲ့ ဘလော့ဂါမောင်၊ ဘလော့ဂါမယ်အနေနဲ့ရော နအဖစစ်အစိုးရရဲ့ မတရားလုပ်ဆောင်ချက်တွေကို သိရှိနေ၊သိမြင်နေတဲ့ လူတွေအနေနဲ့ပါ ကိုနေဘုန်းလတ် အမြန်ပြန်လွတ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နအဖစစ်ဗိုလ်ချူပ်တွေ လက်ထဲရောက်သွားရင်တော့ ဆုတောင်းတိုင်းလဲ မပြည့်နိုင်ဘူးဆိုတာကတော့ ယုံသင့်ရင် ယုံရပါလိမ့်မယ်။ ဆုတောင်းတိုင်းပြန်မလွတ်လာပေမဲ့ ဖိအားပေးတိုင်းတော့ တယောက်စနှစ်ယောက်စ ပြန်လွတ်လာမယ်ဆိုတာကိုတော့ ယုံကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေဟာ ငွေတစ်စဖြတ်ရင် သေမလောက်ကြောက်တဲ့ လူတွေမို့လို့ပါ။ ဒါကြောင့် ကျွန်တော်နေထိုင်ရာအရပ်ကနေပြီး ကိုနေဘုန်းလတ်အမြန်ဆုံး နေကောင်းကျန်းမာခြင်းနဲ့ ပြန်လည်လွတ်မြောက်နိုင်စေပြီး သူ့ရဲ့မိသားစု သူခင်မင်တဲ့ ဘလော့ဂါတွေနဲ့ အမြန်ဆုံးပြန်လည်ကာ တွေ့ဆုံနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းရင်းနဲ့ပဲ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။
ရှမ်းကလေး
Tuesday, February 5, 2008
ချစ်သူများနေ့ကို ကြိုဆိုသောအားဖြင့် ချစ်သူရဲ့ အကြောင်းကို ဝေဖန်ခြင်း
ရှမ်းကလေး
Wednesday, November 28, 2007
“ထိုင်းနိုင်ငံရဲ့လွိုင်းကထုံးပွဲတော်”
“ဒါကတော့ထိုင်းလူမျိုးတွေ လွိုင်းကထုံးပွဲတော်ကို သွားနေကြတာပါ။”
ဦးဆုံးကျွန်တော်တောင်းပန်ချင်တာကတော့ အရင်တင်ထားတဲ့လွိုင်းကထုံးဓါတ်ပုံလေးမှာ “လွိုင်က ထုံ” လို့ရေးထားလို့ပါ။ လွိုင်ကထုံဆိုတဲ့ စာလုံးက မှားပါတယ်။ အမှန်ကတော့ လွိုင်းကထုံးပါ။ လွိုင်းကထုံးလို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ တစ်နှစ်မှာမှ တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ထိုပွဲတော်လေးဟာ ကျင်းပတဲ့နေ့ရောက်လာပြီဆိုရင်ဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူအပေါင်းတို့ အလုပ်တစ်ခုမဖြစ်မနေ လုပ်ရခြင်းပါ။ တချို့ကလည်းမလုပ်ပဲ သူများလုပ်ပြီးတာကို ၀ယ်ယူလေ့ရှိကြပါတယ်။ တချို့ကလည်း ကိုယ့်ကိုတိုင်ပြုလုပ်လေ့ရှိကြပါတယ်။ ပြုလုပ်ရတဲ့ပစ်စည်းတွေကတော့ ငှက်ပျော်ပင်ရယ်၊ ငှက်ပျောရွက်ရယ်၊ စိမ်းစိုလှပတဲ့ ပန်းပွင့်လေးတွေရယ်၊ ထိန်လင်းတောက်ပြောင်တဲ့ ဖရောင်းတိုင် တို့နှင့်တကွ မွေးသင်းရနံ့ကြိုင်လှိုင်တဲ့ အမွေးတိုင်တို့ပါဝင်ပါတယ်။ အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ထားတဲ့ အရာတစ်ခုကိုတော့ လွိုင်းကထုံးလို့ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ မြန်မာလို ဆိုရင်တော့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုလို့ခေါ်ယူသတ်မှတ်နိုင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း လွိုင်းကထုံးလို့ခေါ်တဲ့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုကို ကိုယ်ကိုတိုင် မလုပ်တတ်ပါဘူး။ အရင်နှစ်တုန်းကတော့ ကျွန်တော့်ကိုထိုင်းမလေးတစ်ယောက်ကလုပ်ပေးတာပါ။ ဟဲ...ဟဲ ကြွားတာနော်။ လွိုင်းကထုံးပွဲကိုရောက်ပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ လူပေါင်းများစွာဟာ ထိုပွဲကို ပျော်ရွင်စွာ သွားကြပါတယ်။ ထိုင်းလူမျိုးများဟာလည်း ထိုပွဲကိုသွားဖို့ ဖော်ရွေစွာ ဖိတ်ခေါ်ကြပါတယ်။ ထိုင်းတွေက “ပိုင်းလွိုင်းကထုံး”ဆိုပြီး ထိုင်းတို့စကားအတိုင်း အေးအေး ငြင်ငြင်လေးဖိတ်ခေါ်တာ ကျွန်တော့်နားဝင်ကိုချိုလို့ပါပဲ။ အထူးသဖြင့်ကောင်မလေးတွေပေါ့။ လွိုင်းကထုံးကိုညနေခင်းမှာမှောင်စပြုချိန်မှာ သွားလေ့ရှိပါတယ်။နောက်တစ်ခုက လွိုင်းကထုံး ထဲမှာပိုက်ဆံအကြွေစေ့လေး 1 ဘတ်ဖြစ်စေ။ 2 ဘတ်ဖြစ်စေ။ ထည့်ပေးကြပါတယ်။ အရင်တစ်နှစ်ကတော့ ကျွန်တော့်အမေက 10 ဘတ်ထည့်ပေးတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်အမေထည့်ပေးတဲ့ ပိုက်ဆံ10 ဘတ်ကို 2 ဘတ်နဲ့လဲလိုက်ပါတယ်ဗျာ။ ဟဲ...ဟဲ အဲ့တုန်းက ဂိမ်းကစား စရာmoney မရှိလို့ဗျ။ မရှိတော့ ရှိတဲ့နည်းကို ကြံဖန်ရတာပေါ့ဗျာ။ ဟုတ်ဘူး လား။ နောက်တစ်နှစ်ကြရင် စာဖတ်သူတို့ ကိုကို၊ မမ၊ မောင်မောင်၊ ညီမတွေလည်း လွိုင်းကထုံး ပွဲတော်ကို လာရောက်ခဲ့သည်ရှိသော် လွိုင်းကထုံးထဲကို ပိုက်ဆံများများထည့်လာခဲ့နော်။ ပြီးရင် အမှတ်အသားလေးတွေလုပ်ခဲ့ပေါ့။ ပိုက်ဆံတွေလိုက်ယူပစ်မယ်။ ဟဲ...ဟဲ ။ လွိုင်းကထုံးကို လွတ်ခါနီး ဖယောင်းတိုင်တို့၊ အမွေးတိုင်တို့ကိုမီးထွန်းဖို့မမေ့ကြနဲ့ဦးလို့သတိပေးရင်း ကျွန်တော် သိသလောက်ထို်င်းနိုင်ငံရဲ့လွိုင်းကထုံးအကြောင်းလေးကိုဒီမှာတင်နားပါရစေခင်ဗျား။
Monday, November 19, 2007
“ဒါဟာဗုဒ္ဓဘာသာနိုင်ငံတဲ့လား”
ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်ကုန်နေပြီလဲ?အစစ၊အရာရာပွဲလမ်းသဘင်ဖြစ်စေ၊မသာ
ပွဲတွေဖြစ်စေ၊ အလှူပွဲတွေဖြစ်စေ၊ ကျွန်တော်တို့ နိုင်ငံမှာ ရဟန်းသံဃာတွေကို မပင့်ဖိတ်ပဲလုပ်လေ့
ထုံးစံမရှိပါ။ ခေတ်အဆက် ဆက်ကရဟန်းသံဃာတော်တွေကို စိတ်ထဲကတောင်မပြစ်မှားခဲ့တဲ့အချိန်
မှာန၀တ၊နအဖတို့ခေတ်ရောက်မှပဲဘုန်းကြီးခေါင်းနဲ့သေနတ်ပြောင်းထိတော့တယ်ဗျာ။ကျွန်တော်တို့ မြန်မာယဉ်ကျေးမှုမှာဆိုရင်ဘုန်းကြီးကျောင်းသွားပြီးမကန်တော့တဲ့သူကိုမရှိဘူး။လူကြီးကအစကလေး အဆုံးကျောင်းရောက်ပြီဆိုရင်ကျောင်းပေါ်မှာသွားထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ပြန်ဆင်း လေ့
ရှိတယ်။ဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲလမ်းသဘင်တွေဆိုရင်လည်းပွဲသွားလည်တဲ့အခါမှာဘုန်းကြီးကျောင်း ပေါ်တက်ကာ ထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ကိုဆင်းပြီးပွဲလည်ရတယ်။ ဒီလိုထိုင်ကန်တော့တဲ့နေ
ရာမှာလည်းလက်အုပ်ချီပြီးထိုက်ကန်တော့ရတယ်။သည်လိုထိုင်ပြီးခေါင်းငြိမ့်ကာထိုင်ကတော့တဲ့လူတွေ
ကိုတော့ကျွန်တော့်တစ်သက်မတွေ့ဖူးသေးဘူး။ဘယ်သူမဆိုလက်အုပ်ချီကာထိုင်ကန်တော့ကြတယ်။ ဒီလိုလက်အုပ်ချီတဲ့ပုံတွေကိုတစ်ချို့သောလူများကလည်းတရိုတသေနဲ့ကိုယ့်ရဲ့လက်မောင်းမှာဖြစ်စေ၊ ကိုယ့်ရဲ့ကျောကုန်းမှာဖြစ်စေ၊ကိုယ့်ရဲ့ရင်ဘတ်မှာဖြစ်စေ၊ကှိုင်းရှိုင်းစွာနဲ့ဆေးမင်ကြောင်ကိုသုံးကာတမြတ် တနိုးထိုးထားကြတယ်။လက်အုပ်ချီတဲ့ပုံ တင်မကပါဘူး။ စေတီပုံတွေလည်းထိုးကြတဲ့ ကျွန်တော်တွေ့ဖူးတဲ့
လူတွေဟာလည်းမနည်းပါဘူး။ဒါဟာသူတို့တတွေဗုဒ္ဒဘာသာကိုဘယ်လောက်ယုံကြည်ကိုးကွယ်လည်းဆိုတာ ကိုပြသတဲ့သဘောပါ။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချူပ်နေတဲ့မဟုတ်တရုတ်ဗိုလ်ချူပ်တွေက အာဏာလောဘကိုမထိန်းနိုင်ပဲ ရဟန်းသံဃာတော်တွေကို ဖမ်းလိုဖမ်း၊ သတ်လိုသတ်၊ ပြည်သူလူထုတွေ
ကိုဖမ်း၊သတ်လိုသတ်နဲ့ရဟန်းသံဃာနဲ့ပြည်သူလူထုတွေကလည်းသူတို့တတွေကြောင့်အသက်ပေါင်း မနည်းဆုံးရှုံး ခဲ့ရပါပြီ။ ဒါတင်မကသေးပဲ အပြစ်ကင်းမဲ့လှတဲ့ကျောင်းသားတွေကိုလည်း သတ်တာမ
နည်းပါဘူး။ဒါတွေဟာလည်းပြီးသွားတာအခုဆိုရင်(၂)လရှိသွား ပြီ။ ဒီနှစ်လအတွင်းမှာတော့ ဖမ်းချင်တဲ့သူ
တွေကို စီမံကိန်းနဲ့ဖမ်းလေသလား လို့တောင်ထင်တယ်။ ပြီးရင် သူတို့တတွေရဲ့လက်အောက်ခံ
ကြက်ဖွတ်နဲ့စုန်းအားရှင်တွေကလည်းလက်သံပြောင်ကောင်းလွန်းလို့သူရဲကောင်းဆုတွေရလိုက်သေးတယ်။ စက်တင်ဘာဆန္ဒထုတ်ဖော်ပွဲမှာသံဃာတော်တွေကိုရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းရဲချူပ်ခင်ရီ ကိုယ်တိုင်ဆုတွေပေးတယ်လို့သိရပါတယ်။တချို့တပ်ဖွဲ့ဝင်တွေကလည်းကိုယ့်အမှားကိုယ်သိပြီးအုပ်စုလိုက် ရဲစခန်းကနေထွက်ပြေးသွားတယ်လို့သတင်းဌာနအသီးသီးကကျွန်တော်ဖတ်ရှုရပါတယ်။ကဲကျွန်တော် ရေးတဲ့ရည်ရွယ်ချက်ကိုပြန်သွား ကြရအောင်ဗျာ။ ဒီမနက်ကျွန်တော် သတင်းတစ်ခုကိုသွားဖတ်
ရတယ်။ ဒါကတော့ မြရိပ်ညိုဟော်တယ်မှာပြုလုပ်တဲ့ စင်မြင့်ဖြေဖျော်ပွဲမှာ ဆယ်ကျော်တက်အဆိုတော်
ဂျီတုံးအင်္ကျီချွတ်ကခဲ့တာတွေကိုအစပြုလို့အာဏာပိုင်တွေကဖမ်းဆီးခဲ့တဲ့အတွက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ ပါတယ်။အဆိုတော်ဂျီတုံးဟာအင်္ကျီချွတ်ကပြတဲ့အချိန်မှာနောက်ကျောမှာလက်အုပ်ချီတဲ့ပုံထိုးထားလို့ဆိုပြီးအာဏာပိုင် တွေကဖမ်းခဲ့ရခြင်းဖြစ်ပါတယ်။ဒါဟာတော်တော်ဆိုးတဲ့လုပ်ဆောင်ချက်တစ်ခုပါ။ဒါဟာဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ကိုမရတော့ဘူး။ဘာသာမဲ့နိုင်ငံလို့တောင်ပြောရမလိုဖြစ်နေပြီ။ဒီအဆိုတော်ဂျီတုံးကတမင်သက်သက် လုပ်သည့်ဖြစ်စေ၊ပျော်လွန်းလို့လုပ်သည်ဖြစ်စေ၊အာဏာပိုင်တွေကဒီလိုရမ်းကားတဲ့အပြုအမူမျိုးမလုပ်သင့်ဘူး။ ပြီးတော့အာဏာပိုင်တွေကပွဲလာကြည့်တဲ့ပရိတ်သတ်တွေကိုလည်းရိုက်သွားသေးတယ်။ အဆိုတော်တစ်ချို့ လည်းရိုက်ခံရတယ်။ ပရိတ်သတ်တွေထဲမှာ ကျောင်းသား တွေလည်းပါမယ်။ သာမန်ပြည်သူတွေလည်းပါမယ်။ လူမျိုးစုံပါမယ်ဗျာ။အဲ့လိုလူတွေကိုရိုက်လိုက်တော့လူတွေဟာဘယ်တော့မှကျေနပ်ကြမှာမဟုတ်
Will try the best I can do, believe in my self
เป็นคนคนหนึ่งที่ ทำอาไรเเล้ว ต้องทำได้ดิที่สูด
Labels
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)