Tuesday, January 15, 2008

မြန်မာအမျိုးသမီး၏ဆွဲကြိုးဖြတ်သူ ထိုင်းအမျိုးသားကို ထိုင်းရဲက ဖမ်းဆီးမိ

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၈
line


တရားခံ နိုင်ပရာထေ့ ကန်ထ၀ုန်းအား ထိုင်းရဲများက ဖမ်းဆီးလာစဉ်

မြန်မာဖြစ်စေ ထိုင်းဖြစ်စေ ပြစ်မှုကျူးလွန်လျှင် မည်သူမဆို ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု မဲဆောက်ရဲမင်းကြီးက ပြောကြားသည်။

ယမန်နေ့ညနေ (၅)နာရီက မဲဆောက်ဈေးတွင် ဈေးဝယ်နေသည့် မစန်းထံမှ ရွှေဆွဲကြိုးနှစ်ကျပ် သားကို မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်ဆွဲသွားသည့် ထိုင်းလူမျိုး နိုင်ပရာထေ့ ကန်ထ၀ုန်းအား မဲဆောက်ရဲက နာရီပိုင်းအတွင်း ဖမ်းဆီးလိုက်သည်။

နိုင်ပရာထေ့သည် မြန်မာနိုင်ငံသားများထံမှ ရွှေဆွဲကြိုးများကိုသာ ဖြတ်သည်ဟု မဲဆောက်ရဲစခန်း တွင် ထွက်ဆိုခဲ့ပြီး “မြန်မာတွေကိုဖြတ်တာက ရဲကိုမတိုင်ရဲဘူး။ ပြဿနာလည်း သိပ်မဖြစ်နိုင်ဘူး ထင်လို့ လုပ်တာပါ” ဟုပြောသည်။

မဲဆောက်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ဖတ်စ၀ပ်တင်ကျွိက “ဗမာဆိုပြီးတော့ ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့ မရပါဘူး။ ဗမာဖြစ်ဖြစ် ထိုင်းဖြစ်ဖြစ် ပြစ်မှုကျူးလွန်ရင်တော့ ဥပဒေအရအရေးယူခံရမယ်” ဟုဒေသခံသတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်၌ မဲဆောက်မြို့လယ်ရှိ ၀ပ်ချွန်းဖူးကီလီ ထိုင်းဘုန်းတော်ကြီးကျောင်းဝင်း
ထဲတွင် ဘုရားဖူးနေသည့် ရန်ကုန်မြို့မှ မြန်မာကုန်သည်အမျိုးသမီးတဦးထံမှလည်း ရွှေဆွဲကြိုး
နှစ်ကျပ်သား ဖြတ်ပြေးခဲ့သူမှာ ၎င်းပင်ဖြစ်သည်ဟု နိုင်ပရာထေ့က ဖြောင့်ချက်ပေးခဲ့သည်။

ယမန်နေ့ညက ဆွဲကြိုးဖြတ်ယူခြင်းခံရသည့် မစန်းအား မဲဆောက်ရဲက ဆွဲကြိုးပြန်ပေးခဲ့ကြောင်း ၎င်း၏ခင်ပွန်းဖြစ်သူက ပြောသည်။

ထိုင်းနိုင်ငံအတွင်း မည်သူမဆို လုယက်မှုကျူးလွန်ပါက (၃) နှစ်ထက်မပိုသည့်ထောင်ဒဏ်နှင့်
ဘတ် (၆) ထောင်ထက်မပိုသည့်ဒဏ်ငွေကို တပေါင်းတည်းပြစ်ဒဏ်ကျခံရမည်ဟု ထိုင်းနိုင်ငံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။