Thursday, June 12, 2008

တွေးမိတွေးရာ အမေးအဖြေများနှင့် မရယ်ရသော ဟာသများ (အပိုင်း-၁)

မှတ်ချက်။ ။ ကျွန်တော်ရဲ့ တွေးမိတွေးရာ အမေးအဖြေများနှင့် မရယ်ရသော ဟာသများသည် ကျွန်တော်၏ စိတ်ထဲတွင် သိုဝှက်ထားသော အတွေးအစများသာ ဖြစ်ပါသည်။ မည်သူတစ်ဦးမှ တိုက်တွန်းခြင်းအလို့ငှာ မပြုလုပ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမှလည်း ကျွန်တော့်ကို အကြံဥာဏ်များ မပေးပါ။ ထို့ကြောင့် အချို့သော ဟာသများသည် ရီစရာများကို ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ကာ တိုက်ခိုက်ပြောဆိုခြင်း မဟုတ်ပါ။ ထို့ကြောင့် လာရောက်လည်ပတ်သောသူတို့ ပျော်ရွင်နိုင်ပါစေသတည်း။

မေး။ ။ ဘာကြောင့် ရန်ကုန်မှာနေတဲ့ မြန်မာစစ်ဗိုလ်ချူပ်ကြီးများက နေပြည်တော်ကို ပြောင်းသွားတာလည်း။
ဖြေ။ ။ အတိုက်အခံတွေက ရန်ကုန်စစ်အုပ်စု၊ ရန်ကုန်စစ်အုပ်စုလို့ ခဏခဏပြောလို့။

မေး။ ။ ဘာလို့ ဗိုလ်ချူပ်သန်းရွေက သူ့ကိုသူ ဗိုလ်ချူပ်မှုးကြီးလို့ ခေါ်ခိုင်းတာလဲ..၊
ဖြေ။ ။ သူက အမြဲတမ်း မူးနေလို့

မေး။ ။ ဘာလို့ နအဖစစ်တပ်တွေက ကလေးတွေကို တပ်ထဲသွင်းနေတာလည်း..၊
ဖြေ။ ။ လူကြီးအခွင့်အရေးမရှိလို့။

မေး။ ။ ဘာလို့ ဗိုလ်ချူပ်မှုးကြီးသန်းရွေက ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်သူလူထုကို မကူညီချင်တာလဲ..၊
ဖြေ။ ။ မင်းဘာသိလို့လဲ ဗိုလ်ချူပ်ကြီးက သူ့ရဲ့လက်ထက်မှာ အခြားနိုင်ငံတွေထက် ချမ်းသာအောင်လို့ ငွေတွေကို ချွေတာသုံးနေတာ။

မေး။ ။ လူတစ်ယောက် လိမ်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ
ဖြေ။ ။ အလိမ်ခံရတဲ့သူက ပိုသိမှာပေါ့..၊

မေး။ ။ သည်းခံခြင်းကို ခင်ဗျားအနေနဲ့ ဘယ်လိုယူဆမလဲ
ဖြေ။ ။ အမြဲသည်းခံနေရင်တော့ အနိုင်ကျင့်တဲ့လူက ပိုပြီးရောင့်သက်လာမယ်

မေး။ ။ ကမ္ဘာပေါ်မှာ မညီညွတ်တဲ့ လူတွေကို လက်ညိုးထိုးပြပါဆို ခင်ဗျားက ဘယ်သူ့ကို ထိုးပြမှာလဲ..၊
ဖြေ။ ။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်ကြိုးစားနေတဲ့ အချို့သော အတိုက်အခံများ..အဖွဲ့အစည်းများ..။

မေး။ ။ လောကကြီးမှာ အရက်စက်ဆုံး လူတစ်ဦးကို ညွန်ပြပါ ခင်ဗျား ဘယ်သူ့ကို ညွန်ပြမလဲ..၊
မေး။ ။ ဗိုလ်ချူပ်မှုးကြီးသန်းရွေ...

မေး။ ။ လွတ်လပ်ခြင်းကို မိုက်မိုက်ကန်းကန်းအသုံးပြုနေတဲ့ လူတွေကို လက်ညိုးညွန်ပြပါ..။
ဖြေ။ ။ အချို့သော မြန်မာဘလော့ဂါများ..၊

မေး။ ။ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ မျက်နှာငယ်နိုင်သလဲ...၊
ဖြေ။ ။ ဥပမာ ခွေးတစ်ကောင်က သူ့သခင်ရဲ့ရှေ့မှာ သူများအစားအစာကို စားနေရတဲ့အချိန်

ရှမ်းကလေး

စကော့တလန်က ပေးအပ်သည့်ဆု ဒေါ်အောင်ဆန်းစုကြည်ရရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စကော့တလန်နိုင်ငံ၊ ဒန်ဒီမြို့က ၎င်းမြို့၏ အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုအတွက် ရွေးချယ်ကြောင်း မြို့တော်ကောင်စီဝင်အဖွဲ့က ယမန်နေ့ညတွင် ကြေညာလိုက်သည်။

အဆိုပါဆုကို စက်တင်ဘာလတွင် ချီးမြှင့်မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံအခြေစိုက် Burma Campaign (UK) မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့၏ ညွှန်ကြားရေးမှူး အန်နာရောဘတ်စ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမည်ဟု သိရသည်။

အန်အယ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အဖွဲ့ချူပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆုချီးမြှင့်တဲ့အတွက် ကျနော်တို့က ဝမ်းသာကြိုဆိုပါတယ်။ သို့သော်လည်းပဲ နအဖက ကျနော်တို့ အဖွဲ့တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အဖမ်းအဆီးတွေကို တိုးချဲ့တာဟာ ဝမ်းနည်းစရာပဲလို့ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့၏ ကြေညာချက်တွင် နိုဘဲယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေမှုကို ဂုဏ်ပြုကြောင်း၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားခြင်းမှ ချက်ချင်းပြန်လွှတ်ပေးရန်တို့ ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၂ နှစ် ကျော်ပြီဖြစ်သည်။

ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်သည့် အဖွဲ့ချူပ်ကြေညာချက်အရ မေလ ၂၇ ရက်နေ့က နေအိမ်အကျယ်ချုပ် ထပ်တိုးခြင်းခံခဲ့ ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ (ခ) အရ အာဏာပိုင်တို့က အကျယ်ချုပ် ချထားခြင်းသည် တည်ဆဲဥပဒေအရမှားယွင်းနေကြောင်း ခိုင်လုံသည့် ဥပဒေဆိုင်ရာကိုးကားချက်များကိုဖော်ပြပြီး အန်န်အယ်လ်ဒီ အနေနှင့် အယူခံဝင်ရန်ရှိသည်ဟု သိရသည်။

သို့သော်လည်း ယနေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးခြင်း နှင့်ပတ်သက်ပြီး ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်ညီညွတ်သည်ဟု ဆောင်းပါးရှင် ကျော်ရဲမင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းက အမေရိကန် အထက် လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံကချီးမြှင့်သည့် တွင်နိုဘဲယ်လ် ငြိမ်းချမ်းရေးဆုအပါအ၀င် နိုင်ငံတကာဆုပေါင်း များစွာကို ရရှိထားသူ ဖြစ်သည်။

တဖက်သတ်ချစ်ရသူမို့လို့လား

မေနဲ့ကျွန်တော်စတွေ့တဲ့ နေ့က မိုးတွေရွာနေတဲ့အချိန်...
လေပြင်းတွေကလည်း တိုက်လိုက်တာမှ အရမ်းပဲ....
မေ့ခင်မျာ မိုးရွာထဲမှာ တစ်ယောက်ထဲ အဖော်မဲ့နေရှာတယ်
ကျွန်တော်ကလည်း ကျွန်တော် ဒီနေ့တော့ မိုးမရွာလောက်တော့ဘူး ဆိုပြီး မုန့်ရောင်းထွက်လာတာပေါ့..၊ လမ်းတ၀က်လောက်လည်း ရောက်ရော.. မိုးစက်ကလေးတွေက နှင်းဖွဲလေးတွေအလား တစက်စက်နဲ့ ကျလာတာပေါ့။ တော်သေးတာပေါ့ ကျွန်တော့်ရဲ့ မုန့်ရောင်းတဲ့ စက်ဘီးကလေးက အမိုးလေး ပါနေလို့..၊ နောက်ထပ် ကျွန်တော်ကံကောင်းသွားတာက မိုးရွာချချင်းချင်းပဲ လူနားနေရာပြုလုပ်ထားတဲ့ တဲလေးတစ်လုံးရှိတဲ့နေရာကို ရောက်နေလို့..၊ အဲ့ဒီနေရာမှာ ကျွန်တော် မေ့ကို စတွေ့တာပေါ့..၊ မေကလည်း အဲ့ဒီမှာ တစ်ယောက်တည်းဗျ..၊ ကျွန်တော်ကလည်း မုန့်ရောင်းတဲ့ စီးပွားရေး သမားဆိုတော့ အကွက်ကို မြင်မိတာပေါ့..၊ ဒါမှလည်း မုန့်ရောင်းကောင်းမှာလေ..၊ စီးပွားရေး သမားဆိုတာ အကွက်ကြိုမြင်ရတာပေါ့..၊ ဒါပေမဲ့ မေက ကျွန်တော့်ကို တွေ့တော့ ပြုံးရုံလေး ပြုံးပြတယ်ဗျ..။ စတွေ့တွေ့ခြင်း မေ့ရဲ့ ပုံစံကလေးက ထိုင်းအမျိုးသမီး တစ်ဦးပုံပေါက်နေတယ်ဗျ..၊ မျက်နှာမှာ အလှအပ ခြယ်သကာ..၊ ခြေဖ၀ါးထိရှည်တဲ့ ဂျင်းဘောင်းဘီကြီးကို ၀တ်လို့ဗျ..၊ ပြီးတော့ လက်တိုတီရှပ်တစ်ထည်ကို ၀တ်ထားတယ်..၊

ကျွန်တော်စစချင်း မေ့ကို ထိုင်းမလေး တစ်ယောက်များလားလို့ ထင်နေတာဗျ..၊ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြတော့မှ မေက မြန်မာအမျိုးသမီးလေးဆိုတာ ကျွန်တော်သိတော့တယ်။ မြန်မာအမျိုးသမီးနဲ့တူတာဆိုလို့ မေ့မှာ ဆံပင်ရှည်တာပဲရှိတယ်..၊ ဟုတ်တယ် မေက ဆံပင်အရှည်ကြီးပဲ..၊ မေ့ရဲ့ ဆံပင်ကိုသာ ညှပ်ပစ်လိုက်ရင် ထိုင်းမလေး တစ်ရောက်နဲ့ ချွတ်စွပ်ကို တူမှာ သေချာတယ်။ ဒါပေမဲ့ မေ့ရဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ပစ်ရမှာ မေနှမြောတယ်ထင်တယ်..။ မိုးပေါက်ကျနေတုန်းမှာပဲ မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး မိုးက ပြင်းထန်စွာ ရွာချလိုက်လေပါရော..၊ အဲ့ဒါမှ ဂွကျတာပဲ..၊ လူများနားခိုရာ တဲကလေးမှာလည်း မေနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း..၊ ပြီးတော့ ကျွန်တော့်ရဲ့ မုန့်ကလေးကလည်း အခုမှ ရောင်းစဆိုတော့..၊ ကျွန်တော့်မှာ ဒီည ထမင်းမှ စားရပါ့မလားလို့ တွေးနေမိတယ်..၊ မုန့်ဆိုကျပြန်တော့လည်း ကျွန်တော်က မစားချင်ပြန်ဘူးဗျ..၊ ကျွန်တော်ကလည်း မြန်မာလူမျိုးတစ်ဦးဆိုတော့ ညဆို ထမင်းစားရမှ တင်းတိမ်တယ်လို့ ထင်တဲ့ လူတစ်မျိုးဗျ..၊
”၀မ်းနိဖုန်တိုတ်(င်) ယို့နား”လို့ ကျွန်တော်က မေ့ကို ဒီည မိုးတော်တော်ရွာတာပဲလို့ ပြောလိုက်တယ်..၊ ကျွန်တော်က ထိုင်းစကား နဲနဲပါးတတ်တော့ ထိုင်းလိုပဲ ပြောရတာပေါ့။ ဒါပေမဲ့ မေ့ရဲ့ တုန့်ပြန်မှုကို စောင့်နေရင်း ကျွန်တော် တစ်ရေးတောင် အိပ်မိတော့မလို့..၊ အိပ်မှာပေါ့ မေက ထိုင်းစကားမှ မတတ်သာ။ ဘယ်လို့လို့ မေ့ရဲ့အသံကို ကြားရမှာလည်း။ ကျွန်တော်ကလည်း အလိုက်ကမ်းဆိုးမသိ ထိုင်းလို ပြောမိတော့ မေလည်း နဲနဲလန့်သွားတယ် ထင်ပါတယ်။ သူက မြန်မာ.. ၊ ကျွန်တော့်ကိုတော့ သူက ထိုင်းလူမျိုးတစ်ဦး ထင်နေတာကိုး..၊ မေက ကျွန်တော့်ကို ခေါင်းခါပြတယ်..၊ ပြီးတော့ ပါးစပ်ကလည်း ထိုင်းလူမျိုးနဲ့တွေ့ရင် ပြောဖို့ဆိုပြီး အထူးလေ့ကျင့်သင်ယူထားတဲ့ “မိုက်ရု” ဆိုတဲ့ မြန်မာအခေါ် ”မသိဘူး” ဆိုတဲ့ စကားတစ်လုံးကိုသာ ကျွန်တော့ကို ထပ်ခါထပ်ခါ ပြောနေတော့တယ်။ ကျွန်တော်ကလည်း သဘောပေါက်သွားတာပေါ့..၊ သူက မြန်မာအမျိုးသမီးဆိုတာ..၊ ကျွန်တော်လည်း မြန်မာအမျိုးသားပဲလေ...၊ မြန်မာအချင်းချင်းတွေ့ရင် မြန်မာစကားမပြောပဲ ကိုယ့်ကိုယ်ကို ထိုင်းလူမျိုး ယောင်ဆောင်ထားရင်။ ဗျိုင်းယောင်ဆောင်သော ဂျီးနဲ့ တူသွားမှာပေါ့..၊ ဟုတ်ဖူးလား...၊
”အော.. ဒီက ညီမက မြန်မာလား” လို့ ကျွန်တော်က ပြောလိုက်တယ်။
ဟော အခုမှ မေ့မျက်နှာပေါ်မှာ အပြုံးရိပ် သန်းသွားတာလေးကို ကျွန်တော်မြင်ရတော့တယ်။ ပြီးတော့ မေက ”ဟုတ်ပါတယ် အကို၊ ညီမက မြန်မာလူမျိုးပါ..၊ အကိုလည်း မြန်မာလူမျိုးပဲနော်” ဆိုပြီး အံ့သြောတဲ့ အသံနဲ့ ကျွန်တော့်ကို ပြန်ပြောတယ်..
”ဟုတ်ပါတယ် အကိုက မြန်မာလူမျိုးပါ၊ အခုလို မြန်မာလူမျိုးအချင်းချင်း တွေ့ဆုံရတာ အရမ်း ၀မ်းသာတယ်ဗျာ..၊“
“ဟုတ်ကဲ့ မေလည်း ၀မ်းသာပါတယ်၊ မေထင်တာ အကို့ကို ထိုင်းလူမျိုးများလားလို့၊ မေက လန့်နေတာ“
“အော.. နာမည်က မေတဲ့လား၊ ကိုယ့်နာမည်လည်း မှတ်ထားပါ..၊ မျိုးသက်နိုင်တဲ့..၊ ကြားသာပတေးသား” လို့ ကျွန်တော်ခတ် ခတ်ရွတ်ရွတ်နောက်လိုက်တယ်..၊
“ဟုတ်ကဲ့ ဒါနဲ့ ကိုမျိုး...အဲ ကိုမျိုး.“
“မျိုးသက်နိုင်ပါ..၊“
“နာမည်ရှည်လို့ မမှတ်မိဘူး..၊ ဟင်းဟင်း။ ဟုတ်ကဲ့ အကိုက ဘယ်မှာနေတာလဲ“
“အကိုက ဒီနေရာနဲ့ တော်တော်တော့ ဝေးတယ်..။ ညီမရဲ့.. အဲ ညီမရဲ့ နာမည်အရှည်က ဘယ်လိုတုန်း“။
“အော ညီမရဲ့ နာမည်က မေစံပယ်စိုးပါ..၊ မေ့ကို ကိုမျိုးသက်နိုင် မေလို့ ခေါ်နိုင်ပါတယ်..။
“ဒါဆိုဘယ်တရားမှာလဲ..“
“ဟင်းဘာဖြစ်လို့လဲ“
“အော ကိုက ညီမလေးကို မေလို့ ခေါ်ပြီး၊ ကိုယ့်ကို ကျတော့ နာမည်အပြည့်အစုံ ခေါ်တော့ မေမောမှာပေါ့..၊ ကိုယ့်ကိုလည်း ရင်းရင်းနှီးနှီး ကိုမျိုးလို့ ခေါ်နိုင်ပါတယ် မေ..၊“
“ဟုတ်ကဲ့ပါ ကိုမျိုး..၊ ဒါပေမဲ့ မေတို့နှစ်ယောက်က နောက်တွေ့ရတော့မှာမှ မဟုတ်တော့တာ..“
“ဟုတ်တော့ဟုတ်ပါတယ်..၊ ဒါပေမဲ့ ကံတရားဆိုတာ ဘယ်ပြောနိုင်မှာလဲ..၊ ဒါနဲ့ မေက ဘာအလုပ် လုပ်တာလဲ..၊ စပ်စုတယ် မထင်နဲ့နော်..၊ ကိုယ်ကတော့ မုန့်ရောင်းတယ်..၊ မြန်မာအခေါ် ကြက်ဥပလာတာပေါ့..၊“
“မေက စက်ရုံမှာ အ၀တ်ချူပ်တယ် ကိုမျိုးရဲ့..၊ ဒီနေ့မှ မေတစ်ယောက်တည်း ဆိုင်ကယ် လာစောင့်နေတာ..၊ မိုးက ရွာတော့ မသွားဖြစ်တော့ပါဘူး“
“အော.. ဟုတ်လား..၊ မေက ဘယ်သွားမလို့“
“မေဈေးသွားမလားလို့“
“အော..“
ကျွန်တော် စကားမဆုံးပေမဲ့ မိုးရွာတာကတော့ ဆုံးသွားပြီဗျ..၊ မိုးက ရွာချလိုက်ရင်လည်း ဟောဒိုင်း ရွာချလိုက်တယ်၊ တိတ်ပြီဆိုရင်လည်း တိကနဲ့ တိတ်လိုက်တယ်..၊ ထိုင်းနိုင်ငံမှာ ရွာတဲ့ မိုးက ဘာမိုးမှန်းကို မသိဘူးလို့ ကျွန်တော့်စိတ်ထဲကတော့ ရေရွတ်မိတယ်..၊ ပြတ်သွားတဲ့ စကားကို ကျွန်တော် ပြန်ဆက်ဖို့လုပ်တုန်း..၊
မေက “ကဲ မိုးလည်း တိတ်ပြီ ကိုမျိုးရေ..၊ မေသွားတော့မယ်နော်..“
“ခဏလေး မေ..၊ ကိုမုန့်တခု လုပ်ပေးလိုက်မယ်..၊ မေလမ်းမှာစားဖို့“
ကျွန်တော့်အကျင့်က အဲ့လိုပဲဗျ..၊ မြန်မာလူမျိုးတစ်ဦး ဘယ်သူမဆို မိတ်ဆက် စကားပြောဖြစ်ခဲ့ကြပြီဆိုရင် မုန့်တစ်ခုကတော့ အမြဲ အလကား လုပ်ပေးလေ့ရှိတယ်..၊ ရင်းရင်းနှီးနှီး ရှိတဲ့ လူပေါ့ဗျာ..၊ အဲ့ဒါကြောင့် ထင်တယ်..၊ ကျွန်တော် ထိုင်းနိုင်ငံရောက်လာတာ ၁၀ နှစ်လောက်ရှိပြီ..၊ ခုထက်ထိ ၁ ရက်လုပ်ရောင်းရတဲ့ ငွေက တစ်ရက် ထမင်းစားဖို့ပဲ ရှိတယ်..၊
“ကျေးဇူးအများကြီး တင်ပါတယ် ကိုမျိုးရယ်..၊ အားလည်းအားနာတယ်နော်“ မေပြောလိုက်တဲ့ စကားသံတွေက ကျွန်တော့်လို လမ်းတကာ၊ ရပ်ကွက်တကာ စက်ဘီးမဟုတ် ဘာမဟုတ် ထိုင်းနိုင်ငံလုပ် သုံးဘီးလှည်းလေးကို တွန်းပြီး မုန့်လိုက်ရောင်းရတဲ့ မုန့်ရောင်းသမားအတွက် မကြားစဖူး စကားသံပေါ့ဗျာ..။ ဘယ်ကောင်မလေးကမှ ကျွန်တော့်ကို ဒီလိုမပြောဖူးဘူးဗျ..၊ ဘုရားစူး မိုးကြိုးပစ်ပါရဲ့..၊ မေက ကျွန်တော့ရဲ့ ဘေးနားက ထွက်သွားစေကာမူ မေ့ရဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားနုနုထွတ်ထွတ်လေးမှာ စွဲပြီး ကျန်ရစ်ခဲ့တယ်..၊ ခုထိပဲ..၊
ဒီလိုနဲ့ ကျွန်တော်လည်း တိတ်သွားတဲ့ မိုးကိုကြည့်ပြီး ကျေးဇူး ကြိတ်တင်မိတယ်..၊ အချစ်ဆိုတာ ရင်းနှီးခြင်းက စတင်ခြင်း ဖြစ်တယ်ဆိုတဲ့ စကားပုံကလည်း မှန်ပါ့ဗျာ..၊ ဒီလိုနဲ့ ကျွန်တော့်ရဲ့ နှလုံးသား လေးဟာလည်း မေဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတယ်ဗျာ..၊
--------------------------------------------------------------------------------------------

ဒီဇင်ဘာလ ၁၅ ရက်နေ့
နံနက်စောစော နှင်းတွေက ကျနေဆဲ..၊ ဒါပေမဲ့ တွန်းလဲတစ်စီးနဲ့ လမ်းတကာ လိုက်ပြီး လျှောက်ရောင်းနေရတဲ့ ကျွန်တော့်လို မရှိလို့ လုပ်စားရတဲ့ ကြက်ဥပလာတာ လုပ်ရောင်းရတဲ့ ကောင်လိုကတော့ နှင်းကျတာကိုလည်း မမူနိုင်ပါ..၊ မိုးရွာတာကိုလည်း မမူ..၊ နေပူတာကိုလည်း လုံးဝမမူ။ ဥတုသုံးပါးစလုံး ကြိုးကြိုးပမ်းပမ်း လုပ်ပါမှ ထိုင်းနိုင်ငံရဲ့ တဖက်ကမ်းမှာရှိတဲ့ မွေးမိခင်နဲ့ ကျွေးဖခင်..၊ ချစ်ဆုံး ညီလေးတို့ကို တလတလ ငွေမှန်မှန်ပို့နိုင်မှာ မဟုတ်လား..၊ ကျွန်တော်လည်း တွန်းလဲလေးကို တွန်း..၊ “လုံးတီးခပ်..၊ လုံးတီးခပ်“ ထိုင်းလို ပါးစပ်က တစ်ကြော်ကြော်အော်..၊ မြန်မာလူမျိးတွေ နေထိုင်တဲ့ ရပ်ကွက်များ ရောက်ပြီဆိုရင် ကြက်ဥပလာတာ ယူအုံးမလားလို့.. တတွတ်တွတ် ရွတ်..၊ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး သွားပါလေရော..၊ ကျွန်တော်မေ့ကို မတွေ့တာလည်း တစ်ပါတ်လောက်ရှိပြီဗျ..၊ ဒီတစ်ခါမေနဲ့ တွေ့ရင် ဖုန်းနံပါတ်လေး တောင်းထားမှလို့ ကျွန်တော်စဉ်းစားထားတယ်..၊ ကျွန်တော့် စိတ်ထဲမှာ မေ့ကို မတွေ့တဲ့ တစ်ပါတ်အတွင်း မုန့်တွေ သိပ်မရောင်းကောင်းဘူးလို့ ထင်မိတယ်..၊ ဘယ်ရောင်းကောင်းမှာလည်း မေ့ကို လွမ်းတဲ့စိတ်နဲ့ မုန့်လုပ်နေတော့ ယောင်ယောင်ကန်းကန်းတွေ ဖြစ်ကုန်တာပေါ့..၊ အဆီအလျော်တွေ မတည့်ကုန်ဘူး..၊ နို့ဆီများသွားလိုက် သကြား များသွားလိုက်နဲ့၊ တခါတလေ တူးတောင် တူးသွားလိုက်သေးတယ်..၊ တူးသွားတဲ့ ဟာဆို အသစ်ပြန်လုပ်ရတယ်..၊ ဘာဖြစ်လို့ဘာဖြစ်မှန်းမသိဘူး..၊ ကိုယ်က စချစ်ရတာဆိုတော့ မေများ သိမလား မသိ..၊ ဒီက ချစ်ရတဲ့ သူကတော့ ရူးမတတ်ပဲ..၊ အမြဲတမ်း တွေးနေတာက မေ့အကြောင်းတွေပဲ..၊ မေများ ကျွန်တော့်ရဲ့ ရှေ့မှာ ဘွားကနဲ ပေါ်လာပြီး ချစ်တယ်လို့ အဖြေလာပေးသွားရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးတွေ ယဉ်လိုယဉ်..၊ သုံးဘီးကလေးကို မေနဲ့ ကျွန်တော်က နှစ်ယောက်အတူတူတွန်းရင်း မေက မြန်မာလို “ဟောဒီမှာ ကြက်ဥပလာတာနော်..၊“ ကျွန်တော်က ထိုင်းလို “အောက်(င်)လုံးတီးမိုင်းခပ်” လို့ ပြေားပြီး လိုက်ရောင်းချင်လိုက်တာလို့ တွေးလိုတွေး..၊ တွေးတာက အရေးမကြီးဘူး..၊ တွေးနေတုန်း ကျွန်တော့်ရဲ့ သုံးဘီးလှည်းကလေးက မောင်းသူမဲ့နေတဲ့ လှည်းအတိုင်း..၊ မြောင်းငယ်လေး တခုထဲကို ကျသွားပါလေရော..၊ အဲ့ဒီကျမှ ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မေပျောက်သွားတယ်..၊ မပျောက်လို့လဲ မရဘူး..၊ ကျွန်တော်ရောင်းရမဲ့ မုန့်တွေ ပြုတ်ကျခါနီးပြီ..၊ တော်သေးတာပေါ့.. မဖိတ်ကျသွားလို့၊ ဖိတ်များဖိတ်သွားရင်တော့လေ ဒီညတော့ ညစာငတ်ပြီ။ ဟိုက်ရှာပါး..၊ ညစာငတ်ခံနီး ကျွန်တော့နှလုံးသားရဲ့ သော့တစ်ချောင်းဖြစ်တဲ့ မေ့ကို သွားတွေ့ရတယ်..၊ မျက်စိက ဒါမျိုးဆိုလျှင်ပါ့..။ အော ချစ်ရတဲ့ သူကိုး၊ ဟိုက်.. မေ့ဘေးမှာ ယျောက်ကျားကြီးတစ်ယောက်ဗျ..၊ မေ့လက်ကို တွဲလို့..၊ မေက ကျွန်တော့်ဆီ တန်းတန်းကို လာနေပြီဗျ..၊ ဟိုက် ဒါမှ ခက်တာပဲ သူက မေ့ကို ဒီနေ့မှ ချစ်စကား ဆိုမလို့..၊ တဖြည်းဖြည်း နီးလာတဲ့ မေ့ကို သူပြုံးပြရုံမှ တပါး ဘာမှ မတတ်နိုင်တော့..၊
“ကိုမျိုး ဒီမှာမုန့်ထပ်လာရောင်းတာလား“
“ဟုတ်တယ် မေ၊ ဒါနဲ့မေက ဘယ်လဲ“
“အော.. မေဒီနားသွားမလို့..၊ အော မိတ်ဆက်ပေးရဦးမယ်..၊ ဒါက မေနဲ့ တချိန်ကျရင် လက်ထက်ရမဲ့ မေ့ရဲ့ မောင်ပါ..၊ မောင့်နာမည်က ကိုဇင်သက်ဦးတဲ့..၊ မောင် ဒါက မေ့ရဲ့ အကိုလို့လည်း ပြောလို့ရတယ်..၊ မေနဲ့ မကြာသေးခင်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ အကိုပေါ့..“
အော.. မေ.. မေ.. မေကတော့ ၀မ်းတွေသာ ပီတိတွေဖြာလို့..၊ ကိုယ့်မှာတေ့ အပြင်ပန်းသာ မျက်နှာပြုံးရုံလေး မေ့ကို ပြုံးပြနေရတယ် ဆိုတာ မေသိမှသိပါ့မလား၊ ကိုယ့်ရဲ့ ရင်တွေ ဘယ်လောက်ပူလောင်နေတယ်ဆိုတာ..၊ မုန့်လုပ်ရင်း လောင်သွားတဲ့ မီးတောင် မမှီနိုင်ဘူး ထင်ပါတယ်။ အော.. နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ခဲ့ရပါတယ်.. မေ..၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က တဖက်သတ် ချစ်ခဲ့ရသူမို့လေ..၊

ပြီးပါပြီ
ရှမ်းကလေး

Saturday, June 7, 2008

ကယ်တင်ရှင်

လေက တဟူးဟူး တိုက်ခတ်နေသည်
မိုးကလည်း တဒုန်းဒုန်းနှင့် ကြမ်းတမ်းစွာ ခြိမ်းခြောက်နေသည့်အလား.။
မိုးစက်လေးများကား လေထဲတွင် တ၀ူဝူ လွင့်မျောနေသည်...။
ပတ်ဝန်းကျင်တခုလုံး ဗြုန်းဆန်အောင် ဆူညံနေပါသည်။ ထိုကြားထဲတွင် ဓါးအချင်းချင်း ထိခိုက်သော အသံများက နားခါးစဖွယ် ကြားနေရပေသည်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေသည် ဆိုသည်မှာတော့ သေချာနေပြီ။ သိုင်းလောကတွင် ဓါးအချင်းချင်း ထိရသော အသံကို ကြားရခြင်းမှာ မထူးဆန်းပေ။ အခုလည်း ဘယ်က အနက်ရောင်သိုင်းသမားနဲ့ အဖြူရောင် သိုင်းလောကက သူရဲကောင်းသို့ အငြိုးကြီးစွာ တိုက်ခိုက်နေသည်ကိုတော့ မသိ။ ဓါးအချင်းချင်း ထိခိုက်သံများကတော့ ကြောက်မခန်းခန်းလိလိပင် ဖြစ်ပါတော့သည်။

”မိန်းကလေးမို့ ငါညာနေတာနော် နှင်းပွင့်သခင်မ”

”အောင်းမယ် လာကလာသေးတယ်..၊ အခုမှ သိုင်းလောကမှာ နာမည်ရလာတဲ့ ငနဲသားလေးရယ်..၊ နင့်ကများ ငါ့ကို နိုင်အောင် တိုက်နိုင်တယ်လို့ ထင်ထားလို့လား”..

တိုက်လည်းတိုက် ပြောလည်းပြောနေကြတော့ သူတို့ရဲ့ အသံကို နားထောင်ကြည့်ခြင်းအားဖြင့် ယောက်ကျားလေးနှင့် မိန်းကလေးတို့ တိုက်ခိုက်နေကြသည်ကို သိနိုင်ပေသည်။ ယောက်ကျားလေးက မိန်းကလေး တစ်ဦးကို တိုက်ခိုက်နေသည်မှာကတော့ သဘာဝ မကျပေ။ သို့သော်...
ထိုသူများမှန် အခြားသူများ မဟုတ်။ မိန်းကလေးဖြစ်သူကား သိုင်းလောကတွင် အလွန်ကျော်ကြားရက်စက်သော နှင်းပွင့်သခင်မပင် ဖြစ်ပေသည်။ နှင်းပွင့်သခင်မဟူသော မိန်းမပျိုကား သိုင်းလောကတွင် ရက်စက်ခြင်းများစွာနဲ့ နာမည်ကြီးလှသော မိန်းကလေး သိုင်းသမား တစ်ဦးပင်ဖြစ်ပါသည်။ သူမသည် အဖြူရောင် သိုင်းလောက၏ ရန်သူတော် ဖြစ်သော်လည်းပဲ အနက်ရောင် သိုင်းလောကသားတို့ အတွက်ကား အရှင်သခင်ဖြစ်သည်။ သူမ၏ နှင်းစက်မုန်တိုင်း သိုင်းကွက်မှာ အထူးထင်ရှားပေသည်။ သူမသည် ရုပ်ချောသလောက် ရက်စက်လွန်းလှသည့် မိန်းမပျိုတစ်ဦးပင်ဖြစ်ပါသည်။ နှင်းပွင့်သခင်မနှင့် တိုက်ခိုင်နေသော လူကား အခြားသူမဟုတ်။ သိုင်းလောကတွင် နာမည်အတန်အသင့် ရထားသော မုန်တိုင်းဓါးသခင်ပင်ဖြစ်ပါသည်။ မုန်တိုင်းဓါးသခင် ရှောက်ရိသည် သူကျွမ်းကျင်လှသော ဓါးသိုင်းပညာနှင့် နှင်းပွင့်သခင်အား တိုက်ခိုက်နေသည်။ အနက်ရောင် သိုင်းသမား နှင်းပွင့်သခင်မမှာကား လက်နက်ပစ္စည်း တခုမှပင် မထုတ်သေးပေ။ သို့သော် မုန်တိုင်းဓါးသခင်မှာတော့ နှင်းပွင့်သခင်မအား အလူးအလဲ တိုက်ခိုက်နေရသည်။

“ရှင်ကျမရဲ့ နောက်ဆုံး နှင်းပွင့်ခြွေသိုင်းကွက်ကို ရှင်နိုင်မှာ မဟုတ်ပါဘူး”
“မင်းကိုကြောက်နေရင် ဒီနေရာတောင် အရောက်မလာဘူးကွ”
“စကားမများနဲ့ ရော့ ကျမရဲ့ နှင်းပွင့်ခြွေသိုင်းကွက် မြည်းစမ်းလိုက်ဦး“ နှင်းပွင်သခင်မက ပြောပြီးပြီးချင်း သူ့ရဲ့ အလွန်လျှင်မြန်ပြီး လှပသေးသွယ်တဲ့ လက်ချောင်းကလေးတွေကို အသုံးပြုကာ သိုင်းကွက်တကွက်ကို အသုံးပြုကာ မုန်တိုင်းဓါးသခင်ကို တရကြမ်း ၀င်ရောက်တိုက်ခိုက်ပါတော့တယ်။ မုန်တိုင်းဓါးသခင်ကလည်း နာမည်ကြီးလှတဲ့ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်မှန်းသိပေမဲ့လည်း နောက်ဆုတ်ရန် မဖြစ်နိုင်တော့။ ထို့ကြောင့် မုန်တိုင်းဓါးသခင်က ၎င်း၏ဓါးနှင့် နှင်းပွင့်သခင်မထံသို့ ပြန်လည် ၀င်ရောက်တိုက်ခိုက်ပေသည်။ သို့သော် မုန်တိုင်းဓါးသခင်မှာ နှင်းပွင့်သခင်မ၏ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်။ နှင်းပွင့်သခင်မကား မုန်တိုင်းဓါးသခင်၏ နှလုံးသားတည့်တည့်သို့ လက်ငြိုးနှစ်ချောင်းထောက်ကာ ပညာပြလိုက်လေသတည်း။ ပြီးနောက် အနက်ရောက်သိုင်းသမားတို့၏ ထုံးစံအတိုင်း မိမိတို့၏ ပြိုင်ဖက်ကို အနိုင်ရရှိပြီဆိုလျှင် ရက်ရက်စက်စက် ပြုမူတတ်သော အပြုအမူ တစ်ခုကား အဆိပ်လက်နက်ကို သုံးခြင်းပင်ဖြစ်ပါတော့သည်။ ထို့ကြောင့် နှင်းပွင့်သခင်မသည်လည်း သူမ၏ ကြောက်မက်ဖွယ်ရာ နှင်းခဲအဆိပ်နှင့် မုန်တိုင်းဓါးသခင်အား လျှင်မြန်ဖြတ်လတ်စွာ ပစ်လိုက်ပေတော့သည်။ မုန်တိုင်းဓါးသခင်မှာကား ၎င်းထံသို့ ၀င်ရောက်လာသော နှင်းခဲအဆိပ်ကြီးကို တွေ့နေပါသော်လည်း ရှောင်ရှားနိုင်ဖို့ကား မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာလည်း နှင်းပွင့်ခြွေသိုင်းကွက်၏ ပထမဆုံး သိုင်းကွက်တကွက်က သူ၏ အတွင်းအား မြောက်ပေါင်းများစွာကို စုတ်ယူသွားပေပြီ မဟုတ်ပါလား။ ထို့ကြောင့် ၀င်လာသော နှင်းခဲအဆိပ်ကြီးကို ငုံ့ခံနေရုံမျှတစ်ပါး အခြားမရှိတော့ပေ။

ဝှီ..၀ှီ ၀ှီ
လျှင်မြန်လှသော အဆိပ်ကြီးကား မုန်တိုင်းဓါးသခင်၏ အသည်းတစ်ခြမ်းပေါ်သို့ အရောက်တွင် အဖြူရောင်ဝတ်ဆင်ထားသော လူတစ်ဦးကား ၀င်ရောက်လာကာ မုန်တိုင်းဓါးသခင်အား ပွေ့ချီပြီး နှင်းခဲအဆိပ်အား ရှောင်ရှားလိုက်လေသည်။
ထိုအခါ နှင်းပွင့်သခင်မက ဒေါသထွက်ကာ
“နင်က သေချင်လို့လား.. နင်ဘာကြောင့် ဒီလူကို ကယ်ဆယ်ရတာလဲ..၊ နင်ဘယ်သူလဲ“
သို့သော် ထိုသူမှာ ဘာမျှမပြော။ ထို့ကြောင့် နှင်းပွင့်သခင်မ ဒေါသပိုထွက်ရသည်။ နှင်းပွင့်သခင်မက ဒေါသ အလုံးလုံးထွက်နေသောကြောင့် သူမ၏ အပြင်းထန်ဆုံး နှင်းခဲအဆိတ်ကို အဖြူရောင်ဝတ်စုံဝတ်ထားသော လူရှိရာသို့ ပစ်ပေါက်လိုက်သည်။ သို့သော် ထိုလူကိုမထိ။ သစ်ပင်ကိုသာ ထိသည်။ ထိမိသော သစ်ပင်ကြီးမှာလည်း အစိတ်စိတ်အမွာမွာ ဖြစ်ကုန်ရသည်။ လူကို ထိမပါက အစအနပင် ရှာတွေ့နိုင်မည် မထင်။ နှင်းပွင့်သခင်မမှာ ထိတ်လန့်ရသည်။ သိုင်းလောကတွင် သူမ၏ နှင်းခဲအဆိပ်ကို ရှောင်ရှားနိုင်သူမရှိ။ သို့သော် ထိုသူမှာကား....

“ရှင်ဘယ်သူလဲ“
“ငါက ကယ်တင်ရှင်လေ“
“ဟားဟားဟား ရှင်က ကယ်တင်ရှင်ဆိုတော့ ကျွန်မရဲ့ ရန်သူပေါ့“
“သိပ်ကို မှန်တာပေါ့၊ မင်းလို အသိဥာဏ်မဲ့တဲ့ မိန်းကလေးမျိုးကို ဆုံးမဖို့ ဘုရားက ငါ့ကို မွေးထုတ်ပေးခဲ့တာပေါ့“
“လာကလာသေးတယ်.. ကဲရှင်ကပဲ ကျွန်မကို ဆုံးမမလား၊ ကျွန်မကပဲ ရှင့်ကို သေမင်းဆီ ပို့မလားဆိုတာ စမ်းကြည့်တာပေါ့“
“ငါလာတာက သေရွာသွားဖို့လည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ငါသေရွာမပို့ဘူး၊ ငါလာတာဟာ မင်းကို ဆုံးမဖို့ သက်သက်ပဲ၊ သေတဲ့အထိတော့ မင်းကို ငါမသတ်ချင်ပါဘူး“
“ကဲ စကားမများနဲ့ ရော့ ကျွန်မရဲ့ နှင်းပွင့်ခြွေသိုင်းကို ခံစားကြည့်လိုက်ဦး“

နှင်းပွင့်သခင်မသည် ၎င်း၏ လျှင်မြန်လှသော နှင်းပွင့်ခြွေသိုင်းနှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လူရှိရာသို့ ၀င်ရောက်ကာ တရကြမ်း တိုက်ခိုက်ပေတော့သည်။ သို့သော် နှင်းပွင့်သခင်မ၏ သိုင်းကွက်များမှာကား ဘာမျှအရာ မရောက်တော့ပေ။ ထိုအဖြူရောင် ၀တ်ဆင်ထားသော လူ၏ ပြန်လည်တိုက်ခိုက်ခြင်းကိုပင် နှင်းပွင့်သခင်မခင်မျာ ရှောင်ရှားနေရသည်။
“ကယ်တင်ရှင် နေမင်းစကြာ“ဟု နှင်းပွင့်သခင်မ၏ ပါးစပ်မှ ရုတ်တရက် ထွက်လာသည်။ မှန်ပေသည်။ ယခု နှင်းပွင့်သခင်မနှင့် တိုက်ခိုက်နေသူမှာ အနက်ရောက်သိုင်းသမားများကို ချေမှုန်းနေသော ကယ်တင်ရှင် နေမင်းစကြာပင် ဖြစ်ပါတော့သည်။ ကယ်တင်ရှင် နေမင်းစကြာသည် သိုင်းလောကတွင် ပျောက်နေသည်မှာ ကြာနေပြီဖြစ်သည်။ လူတွေက သူ့ကို သေသွားပြီဟု ထင်နေကြသည်။ ထို့ကြောင့် နှင်းပွင့်သခင်သည်လည်း သိုင်းလောကတွင် အနိုင်ကျင့်ချင်တိုင်း ကျင့်နေသည်။ နှင်းပွင့်သခင်မသည် နေမင်းစကြာကိုတော့ မယှဉ်နိုင်မှန်းသိသည်။ နေမင်းစကြာ ပျောက်ကွယ်သွားမှပင် နှင်းပွင့်သခင်မက သိုင်းလောကကို ခြယ်လှယ်ဖို့ ကြိုးစားလာသည်။ ကြိုးစားခဲ့သည်မှာလည်း ၇ နှစ်မျှပင်ရှိလေပြီ။ သို့သော် ယခုမူကား သူမခြယ်လှယ်ချင်တိုင်း ခြယ်လှယ်၍ မရနိုင်တော့မှန်း သိပေပြီ။ နေမင်းစကြာကလည်း သူမ၏ နှင်းပွင့်ခြွေသိုင်းကွက်ကို ချေမှုန်းခဲ့လေပြီ။ သူမ၏ လက်မှာလည်း လှုပ်ရှား၍ မရတော့။ ထိုချိန်မှပင် နှင်းပွင့်သခင်မမှာ နောင်မှရသည့် နောင်တကို အသွင်သွင်ရလေတော့သည်။ ကယ်တင်ရှင် နေမင်းစကြာမှာလည်း မုန်တိုင်းဓါးသခင်နှင့် သိုင်းလောကကြီး တခုလုံးကို ကယ်တင်ရုံမကသေးပဲ နောင်တရပြီး ပူဆွေးဝမ်းနည်းနေသော အင်မတန်ချော၊ အင်မတန်လှသည့် နှင်းပွင့်သခင်မကိုပင် ကယ်တင်ကာ ထာဝရ ချစ်သူအဖြစ်သို့ သတ်မှတ်ခဲ့လေတော့သည်။

ပြီးပါပြီ
ရှမ်းကလေး

Thursday, June 5, 2008

”ဒါရိုက်တာများ သေပျော်ပါပြီ“

ပြီးဆုံးသွားတဲ့ နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာလူပေါင်း မြောက်များစွာ သေဆုံးကုန်ကြသည်။ လူပေါင်းမြောက်များစွာ အတိဒုက္ခ ရောက်ကုန်ကြသည်။ ထိုအခါ မြန်မာ့ရုပ်ရှင် အနုပညရှင်များက ၎င်းတို့ တတ်နိုင်သမျှ ၀ိုင်းဝန်းလှူဒါန်းကြသည်။ အခုအခါမှာတော့ ရုပ်ရှင်ရိုက်သော နာမည်ကြီး ဒါရိုက်တာကြီးများနှင့် အနုပညာရှင်များ စုပေါင်းကာ ဒုက္ခရောက်နေသော လူများကို လှူရန်အတွက် အလှူငွေရရှိအောင် ဗီဒီယို ဇာတ်ကားများရိုက်ကာ အလှူငွေ ရှာကြမည်ဟု တိုင်ပင်ကြသည်။ ဒါရိုက်တာများသည် အလျှင်အမြန်နှင့် ရက်တိုဗွီဒီယို ရိုက်ရခြင်းကြောင့် အထက်လှူကြီးများအား ဆင်ဆာမတင်ကြတော့ဟု ၎င်းတို့ အနုပညာရှင်အချင်းချင်း တိုင်ပင်ကြသည်။ ၎င်းတို့ တိုင်ပင်ပြီးနောက် ဒါရိုက်တာများ အနုပညာရှင်များ အားလုံး ထပြီး ပြန်သွားချိန်တွင် နာမည်အတန်အသင့် ရသော ဒါရိုက်တာ တစ်ဦးက ရုတ်တရက် ထရပ်ပြီး ၀မ်းသာအားရ ထအော်သည်။

ထိုဒါရိုက်တာ ထအော်လိုက်သည်ကား “ဟေး ငါတော့သေပျော်ပြီကွာ..၊ ဆင်ဆာမတင်ပဲ ဗွီဒီယိုရိုက်ရလို့“ ဆိုသတဲ့။

ရှမ်းကလေး

Friday, May 30, 2008

”နာဂစ်အလွန်“

”လူ့အသက်ပေါင်းများစွာ
ဆုံးရှုံးသွားစေခဲ့တဲ့
ပြင်းထန်တဲ့ လှိုင်းလုံးကြီးကတော့
နာဂစ်သာ ဖြစ်ပါလေသတည်း..
ရက်စက်လွန်းပါပေ့
နာဂစ်ရယ်လို့” မြန်မာနိုင်ငံသားများတင်မက ကမ္ဘာသူ၊ ကမ္ဘာသားများပါ ညည်းတွားရသည့် အန္တာရာယ်ဆိုးကြီး တစ်ခုသာ ဖြစ်ပေတော့သည်။

”နာဂစ်ရယ်၊ တကယ်မချစ်လို့၊ တွယ်ပစ်ပြီလား”လို့ ကဗျာတောင် ဖွဲ့ဆိုရမလို့ ဖြစ်နေပါပြီ။ ဟိုမလုပ်ရ၊ ဒါမလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ၊ အစရှိသဖြင့် ပြင်းထန်တဲ့ အာဏာစက်ကွင်းတွေထဲမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသားများကို နာဂစ်က ထက်ပြီး အပူစက်ကွင်းကြီးတခု ပေးဆောင်သွားခဲ့လေပြီ။

နအဖ စစ်အစိုးရလက်ထက်တွင် မတိုးတက်ခဲ့သော မိမိတို့ နိုင်ငံတော်ကြီး နာဂစ်ကြောင့် စစ်ကျွန်ဖြစ်ခဲ့ရလေပြီ။ နာဂစ်မုန်တိုင်းကြီးက မိမိတို့ ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးသွားခဲ့လေပြီ။ နာဂစ်မုန်တိုင်းကြီး လာရောက်ချွေယူ တိုက်စားသွားသော အသက်၊ အိုးအိမ်၊ စည်းစိမ်များသည် မိမိတို့ အမိမြေအတွက် အဓိက အထောက်အကူပြုသော အရာများသာ ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတိုင်း နေ့စဉ်နှင့်အမျှ စားသောက်နေရသော ဆန်၊ စပါးများ အများဆုံး ထွက်ရှိရာ အရပ်သည် ယခုနာဂစ် တိုက်စားယူဆောင်သွားသော မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းကြီးပင် ဖြစ်ပါတော့သည်။ ဧရာဝတီတိုင်းတွင် ဧရာဝတီသားများ နေထိုင်ကြသည်။ ဧရာဝတီသားများသည် ဆန်စပါး၊ သီးနှံ၊ ဆီ၊ ပဲ အစရှိသဖြင့် လူ့စားသောက်ကုန်များကို စိုက်ပျိုးကြသည်။ ၎င်းတို့ စိုက်ပျိုးသော ဆန်စပါးများ၊ ကောက်ပဲသီးနှံများကို မြန်မာနိုင်ငံသားများတင်မက နိုင်ငံတကာက ၀ယ်ယူ စားသုံးကြသည်။ နိုင်ငံတကာက ၀ယ်ယူင ရရှိလာသော အကျိုးအမြတ်များကို စိုက်ပျိုးသူ ဧရာဝတီတိုင်းသားများ မခံစားရ။ ရရှိလာသော ငွေကြေးများသည် မြန်မာနိုင်ငံကို အုပ်ချူပ်မင်းလုပ်နေသော နအဖစစ်အာဏာရှင်ကြီးများသာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးတွင် အသုံးပြုကြသည်။ ပြည်သူ့အတွက်အလို့ငှာ ရရှိလာသော ငွေကြေးများကို ပြည်သူ့အတွက် အနည်းအကျဉ်းလေမျှ မချန်ထား။ ရသမျှ အကုန်ယူသော ၎င်းတို့(နအဖ)၏ စိတ်ဓါတ်ကို အလွန်ရွံ့ရှာမိသည်။ ဤသည်မှာ နအဖစစ်အစိုးရ အုပ်ချူပ်နေသော မြန်မာနိုင်ငံ၏ ပုံသေနည်းများပင် ဖြစ်ပေတော့သည်။ ဆန်စပါးများ ကောက်ပဲသီးနှံများကို စိုက်ပျိုးသူများသည် ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။ ထိုနည်းတူစွာပင် နာဂစ်ကြောင့် သေဆုံးသူများ အများအပြားမှာလည်း ဧရာဝတီသားများသာ ဖြစ်ကြပေတော့သည်။
ယခုမူကား မြန်မာနိုင်ငံ၏ အဓိက အထောက်အကူပြုသော ဧရာဝတီကြီးကို နာဂစ်က ချေမွခဲ့လေပြီ။ သန်းပေါင်းများစွာ ဒုက္ခရောက်သော မိမိတို့ မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ရောက်ရှိလာသော အမေရိကန်၊ ပြင်သစ် စစ်သင်္ဘောကြီးများကိုလည်း ယခုထိတိုင် ၀င်ခွင့်မပေးသူများမှာ နအဖစစ်အစိုးရများသာ ဖြစ်ပေတော့သည်။ အကူအညီများကို ပေးခွင့်ပြုသောအခါတွင်လည်း အကူအညီပေးသူများ၏ အလှူပစ္စည်းများသည် ဒုက္ခအဖုံဖုံ ရောက်ရှိနေသည့် ပြည်သူများထံသို့ မရောက်ရှိခဲ့ပေ။ ထိုပစ္စည်းများမှာ ဈေးကွက်စီးပွားရေးသို့ ရောက်ရှိကုန်ကြသည်။ နအဖတွေရဲ့ ရိုင်းစိုင်းစွာ လုပ်ရပ်များကို အတိုင်အခံတွေက ကဲ့ရဲ့ရှုံ့ချကြသည်။ နိုင်ငံတကာရောက် မိမိပြည်ကို ချစ်မြတ်နိုးသော၊ မိမိတို့ လူမျိုးများကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံလူမျိုးများကလည်း ဒုက္ခအမျိုးမျိုးရောက်ရှိသော မြန်မာပြည်သူများကို ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နိုင်ငံတကာရောက် မြန်မာကျောင်းသား၊ ကျောင်းသူများကလည်း တတ်နိုင်သမျှ လှူကြသည်။ ပြည်သူတို့ချစ်သည့် အနုပညာရှင်များကလည်း တတ်နိုင်သလောက်လှူဒါန်းကြသည်။ နိုင်ငံကျော် ဘောလုံးသမားများကလည်း ၎င်းတို့ တတ်နိုင်သမျှ လှူဒါန်းကြသည်။ နာမည်ကြီး ဘုန်းတော်ကြီးများကလည်း အားကြိုးမာန်တက် လှူဒါန်းကြသည်။ သို့သော် ဆရာတော်ဘုန်းတော်ကြီးများ၊ အနုပညာရှင်များ၊ ဘောလုံးသမားများ၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံကိုချစ်သော လူများ အစရှိသဖြင့် နအဖတို့က လှူခွင့်ပြုသော အလှူရှင်များ၏ အလှူပစ္စည်းများသည် ယခုလက်ရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုအားလုံး၏ ဘ၀အတွက် ပြီးပြည့်စုံမှုတော့ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ပြောရမည်ဆိုလျှင် နိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရများက လှူဒါန်းလာသော အလှူရှင်များ၏ အလှူပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် အကြောင်းပြကာ ပိတ်ပင်ကြသည်။
နိုင်ငံတကာက လှူဒါန်းသော အလှူပစ္စည်းများသည်လည်း အလိုလိုပျောက်ကွယ်ကုန်ကာ စီးပွားရေး ဈေးကွက်သို့ ရောက်ရှိကုန်သည်။ မြန်မာနိုင်ငံသားများအကြိုက် အမေရိကန်ထုတ် စစ်မိုးကာကြီးများမှာလည်း စီးပွားရေး ဈေးကွက်တွင် ၁ ထည်လျှင် ၈၀၀၀ ကျပ်၊ နိုင်ငံတကာမှ ပေးလှူသော ဆန်ကောင်းများသည်လည်း နအဖစစ်အာဏာရှင်ကြီးများလက်ထဲသို့ ရောက်ရှိသွားသောအခါ ဂျပိုးဆန်များသာ ဖြစ်ကုန်သည်။ အဟာရပြည့်ဝစေသော ဘီစကွတ် မုန့်များသည်လည်း ဗိုလ်ချူပ်တို့၏ ဗိုက်တွင်းသို့ ရောက်ကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တိုင်း ဗိုက်ပူကြသည်။ နိုင်ငံတကာက လှူဒါန်းသော အ၀တ်အထည်များသည်လည်း နအဖစစ်ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးတို့၏ ကိုယ်ပေါ်တွင် အလိုလိုရောက်ရှိကုန်သည်။ ထို့ကြောင့် ဗိုလ်ချူပ်တို့၏ ဇနီး၊ သားသမီးများ အချင်းချင်း မတည့်ကြကုန်။ တဦးပေါ်တဦး အတင်းအဖျင်း ပြောကြသည်။ နောက်ဆုံးတွင် မြန်မာလူထုများသာ စိတ်ဆင်းရကြရကုန်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံကြီးသည် နာဂစ်ကို ကျော်လွန်ခဲ့လေပြီ။ နာဂစ်ကလည်း မြန်မာနိုင်ငံကြီးကို တိုက်စားကာ နာမည်ဆိုးကြီးကို ယူဆောင်သွားခဲ့လေပြီ။ သို့သော်၊ သို့သော် နာဂစ်လွန်သွားသော်လည်း အတိဒုက္ခရောက်ပြီး ကျန်ရစ်သူများသည် နအဖစစ်အစိုးရများ မဟုတ်၊ အတိုင်အခံပါတီများမဟုတ်၊ မြန်မာနိုင်ငံတွင် နေထိုင်ကြကုန်သော ပြည်သူလူထု ကြီးများသာ ဖြစ်ကြပေတော့သည်။ ဗိုလ်ချူပ်သိန်းစိန်ကလည်း မြန်မာလူထု ဒုက္ခသည်များ လိုအပ်သော ပစ္စည်းစာရင်းများကို လာရောက်မေးမြန်းကာ အိမ်ပြန်သွားသည်။ ဗိုလ်ချူပ်သန်းရွေကလည်း မုန်တိုင်းတိုက်ပြီး ရက်အတော်ကြာမှ စူပုတ်သော မျက်နှာထားနှင့် အများသူငှာပြောသော ဒုက္ခသည်အတုများကို လာရောက်ကြည့်ရှုသွားခဲ့သည်။ ဗိုလ်ချူပ်သန်းရွေမှာမူကား ဘုမသိ၊ ဘမသိသော အများသူငှာပြောသည့် ဒုက္ခသည် အတုအယောင် ၁၀ ယောက်ခန့်၏ ရှိခိုးဦးချခြင်းကို ခံယူပြီး ပီတိတွေဖြာကာ လက်နက်ကိုင် အခြံအရံမြောက်ပေါင်းများစွာနှင့် ပြန်ထွက်ခွာသွားခဲ့သည်။ အစစ်အမှန် ဒုက္ခရောက်နေသော အမိပြည်သူလူထုများက ၎င်းတို့ထံမှ အကူအညီများကို အပြည့်အ၀ မရရှိခဲ့ပေ။ ထိုထိုသို့သော် နအဖ၏ မကောင်းလုပ်ရပ်များကို အတိုက်အခံပါတီများကလည်း အတင်းပြောခြင်းဖြင့်သာ ပြီးဆုံးခဲ့လေသည်။ ပြည်တွင်းတွင် ဆန္ဒပြကြကုန်သော အန်အဲလ်ဒီ လူငယ်များကလည်း အဖမ်းခံရကုန်သည်။ နအဖတို့၏ တဖက်သတ် လူထုဆန္ဒခံယူပွဲတွင် ကောက်ခံသော ဆန္ဒမဲများသည်လည်း ၉၂% နှင့် အောင်မြင်စွာ အပြီးသတ်ခဲ့လေသည်။ နောက်ဆုံးတွင် နအဖတို့ သက်ဆိုးရှည်ခဲ့ကြသည်။ နောက်တဖန် ဘလောဂ့်ဂါ ရပ်ဝန်းတွင်လည်း တဦးပေါ်တဦး တိုက်ခိုက်ရေးသားကြသည်။ အကူအညီ အပြည့်အ၀နှင့် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသော အမေရိကန် စစ်သင်္ဘောကြီးများမှာလည်း ပြည်တော်ပြန်ကြပေတော့မည်။ အမေရိကန်က မြန်မာစစ်အစိုးရကို ၀င်တိုက်တော့မည်ဟု ၀ါဒါဖြန့်သော လူများကလည်း အသံများ တိတ်ကုန်ကြသည်။ အမေရိကန် ၀င်တိုက်တာကို ရှုံ့ချသော လူများသည်လည်း ၀မ်းသာကုန်ကြသည်။ အမေရိကန်ကို လိုလားသော လူများကလည်း မြန်မာနိုင်ငံတွင်းရှိ အတိဒုက္ခရောက်နေသော ပြည်သူလူထုများသည် အမေရိကန်စစ်တပ်ကြီးကို အလိုရှိသည်ဟု အကြီးအကျယ်ဝါဒါ ဖြန့်ကြသည်။ နောက်ဆုံးတွင် အယူအဆခြင်းမတူညီသောကြောင့် မြန်မာအချင်းချင်း ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုကုန်ကြသည်။ နောက်ဆုံးတွင် နိုင်ငံတကာက မြန်မာလူမျိုးများသည် အများသူငှာရှေ့တွင် တူမတူအောင် ယဉ်ကျေးသည်ဟူသော ဓလေ့ ပျောက်ပျက်ကုန်သည်။
နောက်ဆုံးနာဂစ်အလွန်တွင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာတစ်ခုကား အကျယ်ချူပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရများက အရှက်မရှိ သက်တမ်း (၁)နှစ် ထပ်မံတိုးကာ အကျယ်ချူပ် ချလိုက်ကြောင်း သိရလေသတည်း။

ရှမ်းကလေး

Thursday, May 15, 2008

”ဆန္ဒခံယူပွဲပြီးသည့်နောက် ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်“

မေလ ၁၀ ရက်နေ့......
ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ကလည်း ထိုနေ့ရောက်တော့မည် ဆိုလျှင် ပြည်တွင်းရှိ မိမိတို့၏ နေထိုင်ရာ နယ်မြေဒေသ အသီးသီးတို့ ကိုယ်စီကိုယ်စီ ပြန်ကာ ထိုမေလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် နအဖစစ်အစိုးရတို့၏ ကလိမ်ကကျစ် ဆန္ဒခံယူပွဲကြီးတွင် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်မပါပဲ အာဏာလိုသူ စစ်အုပ်စုတို့၏ နောက်လိုက် ကပ်ဖား လူအုပ်များက သူတို့စိတ်တိုင်းကျ ထိုဆန္ဒခံယူပွဲကြီးတွင် ထောက်ခံမဲပေးရန် အတင်းတိုက်တွန်းခဲ့ပြီး နအဖတို့ အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲသာ ပေးပါက မဲထည့်သူ၏ အသက်သာ သာမက မဲထည့်သူ၏ မိသားစု တစ်စုလုံးပါ ဒုက္ခအတိ ရောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းလည်း ရှိခဲ့သည်။

ထိုထိုသော နအဖစစ်အစိုးရတို့၏ စိတ်တိုင်းကျ ဆန္ဒခံယူပွဲကြီးအား မဲသွားပြန်ထည့်ရန် အမိမြန်မာပြည်သို့ ပြန်သွားသော လူအများထဲတွင် တစ်ဦးတစ်ယောက်အနေဖြင့် ကျွန်တော်၏ မိသားဝင်များဖြစ်သော ဦးလေများသည်လည်း ၎င်းတို့နေထိုင်ရာ ကျေးရွာ၊ မြို့ကြီးများတို့ အလိုလို ပြန်ကာသွားကြရသည်။ သို့သော် ကျွန်တော်၏ ထိုဦးလေးကြီးများသည် စစ်အစိုးရတို့၏ စိတ်တိုင်းကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကြီးသည် တိုင်းပြည်ကို နွံထဲသို့ နစ်နေအောင် ပြုလုပ်နေသည်ဟု သိနေပါသောကြောင့် မဲပြန်သွားထည့်ရန် လုံးဝ လုံးဝကို စိတ်မ၀င်စားကြပါ။ အကယ်၍ ဖြစ်နိုင်လျှင် ၎င်းတို့အနေဖြင့် ကန့်ကွက်မဲသာ ထည့်ချင်ပါသည်ဟု ကျွန်တော်၏ ဦးလေးကြီးတော်များ အမိမြန်မာပြည်သို့ ပြန်မသွားခင်က ဖုန်းထဲက ပြောသွားခဲ့ပါသေးသည်။ သို့သော် ကျွန်တော်ထင်ပါသည်။ ကျွန်တော်၏ ဦးလေးအားလုံးသည် ကန့်ကွက်မဲကို ထည့်ချင်ပါသော်လည်း ထည့်နိုင်သည့် လူစားမျိုးမဟုတ်ကြပါ။ အဘယ်ကြောင့်ဆိုသော ၎င်းတို့သည် မိမိတို့၏ သားမယား၊ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းများနှင့် နေထိုင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မိမိတို့၏ အလိုကျ ကန့်ကွက်မဲကို ထည့်လိုက်လျှင်သော် မိမိတို့၏ မိသားစုအနေဖြင့် မည်သို့မည်ပုံ ဒုက္ခအ၀၀ကို ရင်ဆိုင်ဖြတ်သန်းရမည်ကို ဗေဒင်မတွက်ပဲ သိနေသည် မဟုတ်ပါလား။ သို့သော် ၎င်းတို့၏ စိတ်ထဲမှာမူ ထောက်ခံမဲကိုသာ ထည့်လိုက်လျှင်ဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိဒုက္ခရောက်သွားမည်ဟူသော အတွေးစများကလည်း ရှိနေပါပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော်အထင် ၎င်းတို့အနေဖြင့် ထောက်ခံမဲကိုသာ ထည့်ကြမည် ဖြစ်ပါသည်။ အကယ်၍သာ ကျွန်ုပ်အနေဖြင့် အမိမြန်မာပြည်တွင် ကျွန်ုပ်၏ ဦးလေးကဲ့သို့ ဆန္ဒခံယူပွဲတွင် မဲပြန်ထည့်ဖြစ်ခဲ့မည် ဆိုလျှင်လည်း မဖြစ်မနေ ထောက်ခံမဲကိုသာ ထည့်မိလိမ့်မည်ဟု ထင်ပါသည်။ သို့သော် ယခုမူကား ကျွန်ုပ်မဲ မသွားထည့်ဖြစ်ခဲ့ပါ။ ထို့ကြောင့် မဲသွားထည့်၍ ပြန်လာသော ကျွန်တော့်ဦးလေးများ၏ အတွေ့အကြုံများကိုသာ ဖုန်းဆက်မေးထားပါသည်။ ထို့ကြောင့် အမိမြန်မာပြည်တွင် မဲသွားထည့်သော ဦးလေးတို့ကို ဖုန်းဖြင့် မည်သည့် အကြောင်းအရာများကို မေးမြန်းပြောဆိုထားကြသည်ကို ရှုစားကြပါရန်။

မှတ်ချက်။ ။ အောက်ပါမေးမြန်းချက်များနှင့် အကြောင်းအရာများသည် အမှန်များဖြစ်သည်ဟု ပြောဆိုချင်ပါသည်။
-----------------------------------------------------------------------------------------------

ဦးလေး(၁)နှင့် ဖုန်းဆက်ခြင်း

ကျွန်တော်။ ။ ဟဲလို..၊ ဦးလေး--- နေကောင်းလား
ဦးလေး(၁)။ ။ အေးကွာ ကောင်းတယ်။
ကျွန်တော်။ ။ ဗာမာပြည် ပြန်သွားတာ မဟုတ်လား။
ဦးလေး(၁)။ ။ အေးလေ ဟုတ်တယ်လေ၊ အခုတော့ ပြန်ရောက်ပြီလေကွာ
ကျွန်တော်။ ။ ဘာပြန်လုပ်တာလည်း
ဦးလေး(၁)။ ။ မင်းလဲသိသားနဲ့ မဲပြန်ထည့်တယ်လေ
ကျွန်တော်။ ။ ဦးလေးပြောတော့ ပြန်မထည့်လည်း ရတယ်ဆို
ဦးလေး(၁)။ ။ အဲ့ဒါက အစတုန်းက ဟုတ်တယ်ကွ၊ နောတော့ ရွာမှာ လူသိပ်မရှိလို့ဆိုပြီး ငါတို့ရွာရဲ့ ဥက္ကဌက ယောက်ကျားလေး အယောက် ၂၀ ငါတို့ဆီကို လှမ်းခေါ်ခိုင်းလိုက်တာ၊
ကျွန်တော်။ ။ သူတို့ခေါ်တိုင်း ဦးလေးက သွားရတာလား
ဦးလေး(၁)။ ။ မသွားလို့မရဘူးလေကွာ၊ ငါ့သားသမီးနဲ့ မိန်းမက ရွာမှာရှိတာကိုး
ကျွန်တာ်။ ။ ဒါနဲ့ ဦးလေ ရွာမှာ လူမရှိဘူးဆိုတော့၊ ဘယ်တွေရောက် ကုန်လို့လည်း။
ဦးလေး(၁)။ ။ သူတို့လည်း ငါတို့လိုပဲ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ကြတာပေါ့ကွ။
ကျွန်တော်။ ။ ဒါနဲ့ ဦးလေးဟိုမှာ ဘယ်နှစ်ရက် ပြန်နေလာခဲ့လည်း
ဦးလေး(၁)။ ။ ၃ ရက်လောက်ပဲထင်တယ်
ကျွန်တော်။ ။ ဦးလေး ဘယ်နေ့တုန်းက စသွားတာလည်း
ဦးလေး(၁)။ ။ မေလ ၅ ရက်နေ့တုန်းကလေကွာ.၊
ကျွန်တော်။ ။ ဒါဆို ဦးလေဟာ ကြိုတင်မဲ ထည့်ခဲ့တာပေါ့။
ဦးလေး(၁)။ ။ အေးဟုတ်တယ်
ကျွန်တော်။ ။ ဒါဆို ဦးလေးဘာမဲ ထည့်ခဲ့လဲ ဆိုတာ ကျွန်တော်မေးစရာ မလိုတော့ဘူးထင်တယ်။
ဦးလေး(၁)။ ။ သိရင်လည်း ပြီးရောကွာ
ကျွန်တော်။ ။ ဦးလေးမဲထည့်တာ ဘယ်သူ့ရှေ့မှာထည့်တာလည်း
ဦးလေး(၁)။ ။ ဥက္ကဌတွေရှေ့မှာကွ၊ မယကတို့ ဘာတို့လည်း ရှိတယ်
ကျွန်တော်။ ။ မယကတို့ ဘာတို့ က ဘယ်သူတွေလည်း
ဦးလေး(၁)။ ။ ငါလဲ မသိပါဘူးကွာ၊ ငါက ရွာကို ပြန်မရောက်တာ ကြာပြီကိုးကွ
ကျွန်တော်။ ။ ဒါနဲ့ ဦးလေး ရွာက ကျွန်တော့် ရည်းစားဟောင်းကော နေကောင်းလား
ဦးလေး(၁)။ ။ နင်မလားလို့တဲ့၊ နင့်ကိုမျော်နေတယ်။ ယောက်ကျားတစ်ယောက် ယူရင်း မျော်နေမယ်တဲ့
-----------------------------------------------------------------------------------------------
ဦးလေး(၂)နှင့် ဖုန်းဆက်ခြင်း

ဦးလေး(၂)။ ။ ဟဲလိုး..၊ ----လား
ကျွန်တော်။ ။ ဟုတ်တယ်၊ ကျွန်တော်---ပါ။
ဦးလေး(၂)။ ။ နင်အခုဘယ်မှာလဲ
ကျွန်တော်။ ။ ကျွန်တော် ထိုင်းနိုင်ငံမှာလေ
ဦးလေး(၂)။ ။ အဲ့ဒါတော့ ငါလည်း သိတာပေါ့၊ ထိုင်းနိုင်ငံ ဘယ်နေရာမှလဲ
ကျွန်တော်။ ။ ဦးလေးလဲသိသားနဲ့ အရင်နေရာပဲလေဗျာ
ဦးလေး(၂)။ ။ အဖွားပြောတယ် နင့်ကို သတိရတယ်တဲ့
ကျွန်တော်။ ။ ကျွန်တော်လည်း သတိရပါတယ်..၊ ဒါနဲ့ ဦးလေး ဘယ်နေ့တုန်းက
ပြန်လာတာလဲ
ဦးလေး(၂)။ ။ ဒီနေ့မှ ရောက်တာကွ
ကျွန်တော်။ ။ ဦးလေးဘာမဲ ထည့်လာခဲ့လည်း
ဦးလေး(၂)။ ။ ငါတို့ကတော့ ကန့်ကွက်ပဲဟေ့
ကျွန်တော်။ ။ ဟုတ်လို့လား
ဦးလေး(၂)။ ။ ဟုတ်ပါတယ်ဆို၊ နင်မယုံဘူးလား၊ ငါလဲ နင်ပြောတဲ့ အတိုင်း ထည့်လာခဲ့တာ။
ကျွန်တော်။ ။ ဒါဆိုကောင်းတာပေါ့။ ဦးလေး မဲထည့်တဲ့ အချိန် ဘယ်သူ့မှ မကြည့်ဘူးလား
ဦးလေး(၂)။ ။ ဘယ်သူ့မှ မကြည့်ဘူးကွ၊ ငါတို့ရေးတဲ့ အချိန် ဘယ်သူ့မှ မတွေ့ဘူးကွ
ကျွန်တော်။ ။ ဦးလေးတို့ ရွာမှာကော ကန့်ကွက်မဲ ဘယ်နှစ်ယောက်လောက် ထည့်လည်းဆိုတာ ဦးလေး ခန့်မှန်းလို့ရလား
ဦးလေး(၂)။ ။ အေးကွ၊ ကန့်ကွက်တာကတော့ များတယ်လို့ထင်တာပဲ၊ ငါတို့ရွာမှာ မဲထည့်ရတာ နဲနဲလွတ်လပ်တာကိုးကွ
ကျွန်တော်။ ။ တာနဲ့ ဦးလေး မြို့ထဲကို ရောက်ဖြစ်သွားသေးလား
ဦးလေး(၂)။ ။ အေး ရောက်ဖြစ်တယ်၊
ကျွန်တော်။ ။ ကျွန်တော့် သူငယ်ချင်း ထိန်လင်းကော ဘာလုပ်နေလဲ
ဦးလေး(၂)။ ။ သူအခု တောင်ယာ ခုတ်နေတယ်၊ သူတောင်နင့်ကို မှာလာသေးတယ်..၊ ကျောင်းနေတုန်းက သတိရတဲ့ အထိမ်းအမှတ်နဲ့ အရက်တစ်ပုလင်းလောက် ထည့်လာပေးဦးတဲ့
ကျွန်တော်။ ။ ဒါနဲ့ ဦးလေးတို့ ရွာက ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုလဲ
ဦလေး(၂)။ ။ ဟေ့ရောင်ရေ၊ ကုန်ဈေးနှုန်းကတော့ မပြောနဲ့တော့ ဆားတစ်ထုတ်
ကို ၅၀၀ တဲ့ဟေ့၊ ငါတောင် မဲထည့်တဲ့ ရက်ပြီးတာနဲ့ အမြန်ပြန်ပြေး
လာရတယ်။
ကျွန်တော်။ ။ ဒါဆို ဒီလောက်ပဲနော် ဦးလေး၊ ကျွန်တော် အိပ်တော့မယ်
ဦးလေး(၂)။ ။ အေးအေး ငါလည်း အိပ်တော့မလို့၊
-----------------------------------------------------------------------------------------------
ရွာမှ ထိုင်းနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလုပ်ထွက်လာလုပ်သော သူငယ်ချင်းနှင့် ဖုန်းဆက်ခြင်း

ကျွန်တော်။ ။ .အေး.... လား။
သူငယ်ချင်း။ ။ ဘယ်သူလဲ
ကျွန်တော်။ ။ ဟေ့ရောင်၊ မင်းငါ့အသံကိုတောင် မမှတ်မိတော့ဘူးလား
သူငယ်ချင်း။ ။ ......လား
ကျွန်တော်။ ။ အေးပေါ့ကွ..၊ ဘယ်လိုလဲ အလည်လာတာလား၊ အလုပ်လာလုပ် တာလား
သူငယ်ချင်း။ ။ ဟေ့ကောင့် ငါတို့လို ရွာသားတွေက ဒီလို ထိုင်းနိုင်ငံကို ပျော်ရွင်မှုအနေနဲ့ အလည်လာလည် နိုင်မလားကွ..၊
ကျွန်တော်။ ။ ဒါဆိုမင်းအလုပ်လာလုပ်တယ်ပေါ့
သူငယ်ချင်း။ ။ အေးဟုတ်တယ်..၊
ကျွန်တော်။ ။ ဘယ်လိုလဲ ရွာရဲအခြေအနေ တိုးတက်လာပြီလား
သူငယ်ချင်း။ ။ ရွာတော့ မတိုးတက်လာဘူး ကုန်ဈေးနှုန်းတော့ တိုးတိုးပြီး
တက်လာတယ် ယောက်ဖရေ
ကျွန်တော်။ ။ ဒါနဲ့ မင်းမိန်းမရပြီလား
သူငယ်ချင်း။ ။ မိန်းမဆိုလို့ မူးလို့ရှုစရာတောင် မရှိဘူး ဟေ့ကောင်ရေ
ကျွန်တော်။ ။ အေးလေ ငါက အတာကို မင်းကို ယုံရအောင်
သူငယ်ချင်း။ ။ မင်းမယုံချင်လဲနေ၊ မင်းကောင်မလေးတောင် မင်းကို စောင့်နေတယ်ဟ
ကျွန်တော်။ ။ မင်းရှောက်ပြောတော့မယ်၊ ဒါနဲ့ မင်းမဲထည့်လာသေးလာ
သူငယ်ချင်း။ ။ အေး ထည့်လာတယ်
ကျွန်တော်။ ။ ဘာမဲထည့်လာခဲ့လည်း
သူငယ်ချင်း။ ။ ထောက်ခံမဲပဲထည့်ခဲ့တယ်
ကျွန်တော်။ ။ ငါဆိုရင်တော့ ကန့်ကွက်မဲပဲ ထည့်မှာ
သူငယ်ချင်း။ ။ မင်းပြောနေ..၊ ငါသာကန့်ကွက်မဲ ထည့်ပြီး ထိုင်းနိုင်ငံကို
လာရင် ငါ့အမေတွေ ဒုက္ခရောက်မှာပေါ့ကွ၊
ကျွန်တော်။ ။ မင်းအမေတွေ ဒုက္ခရောက်မယ်ဆိုတာ မင်းဘယ်လို သိလဲ
သူငယ်ချင်း။ ။ ဟာမင်းကလည်း၊ သူတို့တွေ ပြောနေကြတာပဲ၊ ထောက်ခံမဲ မထည့်ရင် ဖမ်းမယ်ဆိုတာ
ကျွန်တော်။ ။ အော အဲ့လိုပြောလား
သူငယ်ချင်း။ ။ အေးပေါ့...၊
ကျွန်တော်။ ။ ဟေ့ရောင် နောက်မှ ငါပြန်ဆက်တော့မယ်
သူငယ်ချင်း။ ။ အေး အေး..


ကဲကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေရဲ့ စစ်အစိုးရကို မဲပေးမှုတွေက ဒီလိုပါပဲခင်ဗျား။

အားလုံးပျော်ရွင်နိုင်ပါစေ။

ရှမ်းကလေး

Thursday, May 8, 2008

“ နောက်ဆုံးတွင် ပြည်သူသာ ရင်ကျိုးရမည်”

မြန်မာနိုင်ငံကြီးသည် အခုချိန်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဆိုတာ လူသားခြင်း စာနာတတ်သော လူတိုင်း ယုံကြည်ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက အကူအညီတွေ ၀ိုင်းပေးကြသည်။ တချို့ နိုင်ငံတွေဆိုလျှင် စစ်အစိုးရ ခွင့်မပြုချင်နေ အကူအညီ ပေးမယ်လို့ ဗြောင်ပြောလာကြသည်။ သို့သော် စစ်အစိုးရများက ထိုအကူအညီများ၏ နောက်ကွယ်တွင် မကောင်းသော အကြံအစည်များ ရှိသည်ဟု ယုံကြည်ကြသည်။ မိမိပထမဦးဆုံး ပြောချင်သည်က ထိုအကူအညီအားလုံးကို စစ်အစိုးရအနေဖြင့် လက်ခံသင့်သည်။ ယခုအချိန်တွင် စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီကို ယူရန်သာ ဆုံးဖြတ်ဖို့လိုသည်။ အခြားသော အကြောင်းအရာများကို မစဉ်းစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော ယခုလက်ရှိ မြန်မာလူမျိုးများ၏ အသေအပျောက်စရင်းများသည် နဲနဲနောနော် မဟုတ်ပေ။ ဤဆိုင်ကလုန်း မုန်တိုင်းကြီး မြန်မာနိုင်ငံအား တိုက်စားလိုက်ပြီးနောက် စစ်အစိုးရ၏ လိမ်လည်မှုများကို တစ်စိတ်တစ်ဒေသ အားဖြင့် တွေ့နိုင်ပေသည်။

ပထမ ၁ရက် ၂ ရက် ဆိုင်ကလုန်း မုန်တိုင်းတိုက်ပြီးခါစ မြန်မာပြည်သူ ပြည်သားများ အယောက် ၃၀၀ ကျော်သေဆုံးချိန်တွင် အမေရိကန်နိုင်ငံက ပေးသော အကူအညီကို မြန်မာစစ်အစိုးရခေါင်းဆောင်များက ငြင်းဆိုသည်။ သို့သော် မကြာပါ။ လူထောင်ပေါင်းများစွာ သေဆုံးသော သတင်းကို ကြားသောအခါ နအဖစစ်အစိုးရ ခေါင်းဆောင်များ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြသည်။ အကူအညီပေးရန် နိုင်ငံတကာကို တောင်းဆိုကြသည်။ အမေရိကန်က ဒေါ်လာ ၃ သန်း အကူအညီပေးမည်ဟု ပြောဆိုသော အခါ ဒေါ်လာ ၅ သန်းပေးပါဟု မြန်မာစစ်အစိုးရများက တောင်းဆိုပြီး၊ ထိုငွေများအား ၎င်းတို့ လက်ထဲသို့ အရောက်ပို့ပေးပါဟု တောင်းဆိုကြသည်။ ဤတွင် မြန်မာစစ်အစိုးရတို့၏ မရိုးသားမှု တစ်ရပ်ကို တွေ့ရပြန်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပညာတတ်လူငယ်အများစုသည် နိုင်ငံတကာသို့ ပညာသင် ထွက်ကြသည်။ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ရှရှား၊ တရုတ်၊ အစရှိသဖြင့် နိုင်ငံတွေတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မွေးဖွားသောသူများ ပညာလာသင်ကြသည်မှာ အားလုံးအသိပင် ဖြစ်ပေသည်။ ထိုသို့ပညာ သင်နိုင်စေရန်အတွက် ၎င်းတို့မိဘ ဘိုးဘွားများက ပညာသင်စရိတ်များကို ကြိုးစားပမ်းစား ရှာကြရသည်။ တနေ့တွင် သူတို့၏ သား၊ သမီးများက ပညာသင်ကြားပြီး ပြန်ရောက်လာလျှင် မိမိတို့ကို တဖန် ပြန်ရှာကျွေးလိမ့်မည်ဟု မိဘဖြစ်သူ အားလုံးကလည်း မျော်လင့်ထားကြသည်။ မိဘအားလုံးကလည်း ထိုသို့ မျော်လင့်သကဲ့သို့ ပညာသင်ယူသူ သားသမီးများ အားလုံးကလည်း မိမိတို့ ပညာသင်ကြားပြီး အမိမြေသို့ ပြန်ရောက်သော် မိမိတို့၏ မိဘများကို တဖန် ကျေးဇူးဆပ်ကာ ပြန်လည်လုပ်ကျွေးကြမည်ဟု ၎င်းတို့စိတ်ထဲတွင် မှတ်ယူထားကြမည် ထင်ပါသည်။ အားလုံးသော ပညာတော်သင် လူငယ်များအား မဆိုလိုပေ။ မည်သူသည် မည်သည့်အမျိုးအစားထဲတွင် ပါဝင်မည်ဟုဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် ၎င်းတို့သိပါလိမ့်မည်။ ထိုပညာတော်သင် လူငယ်၊ လူရွယ်များမှာ မြန်မာပြည်၏ မြို့တော်အမျိုးမျိုးမှ ဖြစ်နိုင်သလို၊ ရွာအသီးသီးမှလည်း ဖြစ်နိုင်ပါသည်။ အများအားဖြင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ ဖြစ်မည်ဟုလည်း ကျွန်ုပ်ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အွန်လိုင်းများပေါ်ရှိ ချက်ရွန်းများပေါ်တွင် တခါတလေတွင် သွားရောက်လည်ပါတ်ဖူးသည်။ ထိုချက်ရွန်းများတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ရောက်ရှိနေသည် မြန်မာလူမျိုးများသာ ၀င်ရောက်လေ့ရှိသည်။ ထိုသူတို့နှင့် ကျွန်ုပ်စကားပြောဖြစ်ကြသည်။ အများအားဖြင့် ကျွန်ုပ်နှင့် စကားပြောဆိုဖူးသော မြန်မာလူမျိုးများသည် ရန်ကုန်မြို့မှ လာကြသည်ဟု သိရှိရသည်။ အချို့မှာမူ မန္တလေးမှလည်း ဖြစ်နိုင်ပါသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသို့ ပညာလာသင်သော လူငယ်များသည် မြန်မာနိုင်ငံ တ၀ှမ်းမှ ဖြစ်သည်။
ယခု မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်စီးလေပြီ။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီဟုခေါ်သော မြန်မာနိုင်ငံတွင် ဆန်စပါးပေါကြွယ်ဝသော၊ မြန်မာလူမျိုးများ စိုက်ပျိုးမွေးမြူရာတွင် အဓိက အားထားရသော တိုင်းကြီးတစ်ခုလုံးကို သာမက ရန်ကုန်၊ မကွေး၊ ပဲခူး စသော မြန်မာနိုင်ငံ၏ မြို့များကို ဆိုင်ကလုန်းမုန်တိုင်းကြီးက ဘီလူးကြီးသဖွယ် ၀ါးမြိုသွားလေပြီ။ အသေအပျောက် ၁၀၀၀၀၀ ကျော်ခန့်ရှိသော မြန်မာပြည်သူလူထုကြီးများသည် နိုင်ငံတကာသို့ ပညာတော်သင် ထွက်သွားသော လူငယ်များ၏ ဘိုးဘွားမိဘ ဆွေမျိုးများ မပါနိုင်ပါဟု မည်သူတွေက ပြောနိုင်လိမ့်မည်နည်း? ထိုပညာ သင်သွားသော လူငယ်များသည် ဧရာဝတီတိုင်းမှ လူမျိုးများ မဟုတ်ဟု မည်သူတွေက ပြောနိုင်လို့လည်း? အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော ပြည်သူလူထုကြီးသည် နိုင်ငံတကာတွင် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသော သူများသာမက၊ ပညာသင်ကြားနေသော မြန်မာလူမျိုးများ၏ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးများ မပါပါဟု အတိအကျပြောနိုင်ပါရဲ့လား? မပြောကောင်းမဆိုကောင်း အကယ်၍ ထိုလူငယ်များ၏ မိဘ၊ ဘိုးဘွား ဆွေမျိုးများသာ ပါခဲ့သည် ရှိသော ၎င်းတို့ အနေဖြင့် မည်သို့ခံစားရမည်နည်း? နအဖစစ်အစိုးရအနေဖြင့် ထိုလူငယ်များ၏ ကိုယ်စား စဉ်းစားသင့်သည်။ နောင်တချိန်တွင် ထိုလူငယ်များသည် နိုင်ငံတော်၏ အားထားရသော လူများဖြစ်နိုင်ပေသည်။ ထိုလူငယ်များသည် မိမိတို့ တတ်သမျှ ပညာများကို အမိမြေတွင် အသုံးချမည်ဟုလည်း ယုံကြည်ရမည်။ ယခုအချိန်တွင် မုန်တိုင်းတိုက်စားမှုကြောင့် သေဆုံးသူများသည် မည်သူမည်ဝါ၏ မိဘ၊ ဆွေမျိုး၊ ဘိုးဘွား၊ သားသမီးများဖြစ်သည်ကို စာရင်းဇယားအနေဖြင့် မထုတ်နိုင်သေးပါ။ စစ်အစိုးရအနေဖြင့် ထုတ်လိမ့်မည်ဟုလည်း မိမိအနေဖြင့် မယုံကြည်ပါ။
အဓိကအနေဖြင့်တော့ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို နိုင်ငံရေးအရ မစဉ်းစားပဲ၊ မတွေးကြည့်ပဲ ယူသင့်ပေသည်။ အကယ်၍ စစ်အစိုးရအနေဖြင့် မိမိတို့၏ အာဏာမြဲရေးသာ ကြည့်နေမည်ဆိုလျှင် ပြည်သူလူထုက ဆိုင်ကလုန်း မုန်တိုင်းကြီးကို မုန်းသော ရာဇ၀င်ကြီးသည် ပြည်သူလူထုကြီးက နအဖစစ်အစိုးရ အုပ်စုကို မုန်းသော ရာဇ၀င် ကြီးသာ ဖြစ်သွားပေမည်။ နောင်တချိန်တွင် ဆိုက်ကလုန်း မုန်တိုင်းကြောင့် မြန်မာပြည်သူလူထု အများအပြား သေဆုံးရသော နေ့ရက်ကို နအဖစစ်အစိုးရတို့၏ အဆုံးစွန်ကောက်ကျစ် ယုတ်မာသော နေ့ရက်အဖြစ် မြန်မာနိုင်ငံ ပြည်သူလူထုကြီးက ပြောင်းလည်းသတ်မှတ်ပေလိမ့်မည်။
ယခုအချိန်တွင် ပြည်ပရောက် မြန်မာလူမျိုးများ အနေဖြင့်လည်း ပြည်တွင်းက ဖြစ်ပျက်နေသော သတင်းများကို နိုင်ငံတကာသို့ ရောက်ရှိနေသော သူများထံသို့ email ကဖြစ်စေ G-talk ကဖြစ်စေ၊ Chat Room ကဖြစ်စေ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းများကို ပေးသင့်သည်။ နိုင်ငံတကာရောက် ပညာသင်ကြားနေသော မိမိတို့ မြန်မာလူမျိုးများအနေဖြင့်လည်း စစ်မှန်သော ဒီမိုကရေစီရေးကို လိုလားသော သတင်းဌာနများကို ယုံကြည်သင့်သည်။ ထိုသတင်းဌာနများမှ သတင်းများကို ဖတ်ရှုနိုင်ဖို့ကိုလည်း မိမိတို့ ကွန်ပျူတာတွင် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သင့်သည်။ ပြည်ပရောက် မြန်မာလူမျိုးများ မြန်မာနိုင်ငံနှင့် ဆိုင်သော သတင်းများကို ဖတ်ရှုနိုင်စေရန်ကိုလည်း သတင်းဌာနအသီးသီးရှိ webpage ပေါ်များတွင် နည်းလမ်းများကို ပြောထားပါသည်။
မိမိအဆုံးသတ်အနေဖြင့် ပြောရမည်ဆိုလျှင် နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပေးသော အကူအညီများကို ဟိုစဉ်းစား ဒီစဉ်းစား မလုပ်ပဲ အပြည့်အ၀ ရယူပြီး၊ ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုကြီးကို နိုင်ငံတကာက ပေးသော အကူအညီအားလုံးကို အပြည့်အ၀ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။ ထိုသို့မဟုတ်ပဲ စစ်အစိုးရ အနေဖြင့် မိမိတို့ ကောင်းစားရေးသာ ကြည့်ပြီး၊ ရလာသည့် နိုင်ငံတကာ အကူအညီများကို ဒုက္ခရောက်နေသော မြန်မာပြည်သူလူထုထံသို့ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမည်ဆိုလျှင် မိမိတို့ မြန်မာလူမျိုးများသာ ရင်ကျိုးရမည်ဟု ထင်မြင်မိပါသည်။ ထိုသို့သော မြန်မာပြည်သူလူထုများက စစ်အစိုးရများအား အဆုံးစွန် ရွံ့ရှာမုန်းတီးမိပြီး ရင်ကျိုးပက်လက် ဖြစ်ပြီ ဆိုလျှင် နအဖစစ်အစိုးရအနေဖြင့် ယခုမေလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြက်ခြေခတ် မဲများသာ အစီအရီတွေရပေလိမ့်မည်ဟု သတိပေးချင်ပါသည်။

ရှမ်းကလေး