Tuesday, February 12, 2008

သူတို့လေးတွေလည်း သိသင့်ပါတယ်

မိုးလေးတဖွဲဖွဲ ရွာသွန်းနေသော် ငြားလည်း ပေတစ်ရာ ဧရာမ လမ်းမကြီးပေါ်မှာ ကတော့ ဆိုင်ကယ်တစ်စီး ဖြည်းညင်းစွာ ပြေးလွားသံလေးက နားသာယာချင်စဖွယ်လေးပင်... နေရာကား ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တောင်ပေါ်မြို့ မယ်ဟောင်ဆောင် မြို့တော်လေး.။.. သို့ပေမဲ့ Dream 125 ဆိုင်ကယ်ကို မိုးဖွဲဖွဲလမ်းမကြီးပေါ်မှာ ထိုင်းလူမျိုး တစ်ဦးတော့မဟုတ်ပေ။ အမိမြန်မာ နိုင်ငံတော်မှာ မွေးဖွားပြီး အကြောင်းအမျိုးမျိုးကြောင့် သူတပါးနိုင်ငံထဲသို့ တိုးဝှေ့ဝင်ရောက် အလုပ်လုပ်နေသူတို့ထဲတွင် တဦးအပါအ၀င် ဖြစ်သူ မြန်မာလူမျိုးတဦး ပင်ဖြစ်ပါသည်။ အသက် (၂၇)နှစ်သာသာ လောက်ရှိသော ရှမ်းတိုင်းရင်းသားလေး ဆိုလျှင်မမှားနိုင်ပါ။ ထိုသူ၏ နာမည်ကား နော်ခမ်းပင်ဖြစ်သည်။ နာမည်အပြည့်အစုံကို ပြောရလျှင် စိုင်းနော်ခမ်းပင် ဖြစ်ပါလေးသတည်း။

စိုင်းနော်ခမ်း

သူမယ်ဟောင်ဆောင်တွင် အခြေချနေထိုင်လာသည်မှာ တော်တော်ကြာပြီဟု ပြောလို့ရပါသည်။ ဤ(၂၀၀၈) ခုနှစ်ပင်လျှင် သူထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ (၆)နှစ်ရှိနေပြီ မဟုတ်ပါလား။ သူသည် ရိုးသားသည်၊ ပွင့်လင်းသည်၊ သူမှန်သည်ကို လူတဦးဦးက အမှားလာပြောလျှင် ဘယ်သောအခါမှ အပြောမခံ။ သို့ပေမဲ့ မှားနေသည်ကို သိလျှင်တော့ အမှားကို အမှန်သို့ မြန်မြန် ပြန်ပြင်သင့်လျှင် ပြန်ပြင်တတ်သော လူငယ်တစ်ဦး။ လူတစ်ဦး တယောက်အပေါ် ရိုင်းပင်းကူညီတတ်တဲ့စိတ် သူ့မှာ အမြဲရှိသည်။ ယခုလောလော ဆယ်တွင် သူစတိုးဆိုင်တခုတွင် အလုပ်လုပ်နေသည်။ မယ်ဟောင်ဆောင်မြို့တော်ရဲ့ အလယ်လတ်စရင်းဝင် စတိုးဆိုင်ဆိုလျှင် မမှားနိုင်။ စတိုးဆိုင်တွင် သူဈေးရောင်းရသည်။ ရှမ်းတိုင်းရင်းသား ဖြစ်သည်က သူ့အတွက် တမျိုးတဖုံ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းစကားသည် ထိုင်းစကားနှင့် နဲနဲပါးပါးနီးစပ်သည် မဟုတ်ပါလား။ ထို့ကြောင့်လဲ သူစတိုးဆိုင်တွင် ပင်ပန်းတဲ့ အလုပ်မလုပ်ရဘဲ ဈေးရောင်းသည့်အလုပ်ကို လုပ်ရပေသည်။ သို့ပေမယ် သူဒီလို ကောင်းမွန်တဲ့ အလုပ်ကို လုပ်ရပေမဲ့ သူကိုယ့်ကို အထင်မကြီး။ ကိုယ့်နိုင်ငံက အလုပ်လာလုပ်တဲ့ နိုင်ငံသားတွေ သာမက ထိုင်းနိုင်ငံက သူ့ရဲ့ အိမ်နီးချင်းများကိုလည်း သူ့ထက်ကြီးသူကို အကိုသဖွယ်၊ ဦးလေးသဖွယ် သူ့ထက်ငယ်သူကို ညီငယ်သဖွယ် ညီမငယ်သဖွယ် လေးစားစွာ ဆက်ဆံလိုသော စိတ်သူ့တွင် အမြဲရှိသည်။ ယခုပင်လျှင် သူအလုပ်လုပ်သော စတိုးဆိုင်မှ ပြန်လာပေသည် မဟုတ်ပါလား။ သူနေထိုင်ရာ အိမ်လေးသည် မယ်ဟောင်ဆောင် မြို့ထဲတွင် မဟုတ်သော်လည်း သူ့အိမ်မှ မယ်ဟောင်ဆောင်မြို့ထဲသို့ သွားလျှင်သော် (၁၅) မိနစ်ခန့် ကြာပေမည်။ သူနေထိုင်သော နေရာကား ထိုင်းအခေါ် ရွာသဖွယ်ဖြစ်ပြီး သူ့အနေနှင့် ပြောရမည် ဆိုသော်ကား မြို့လေးတစ်မြို့ဟု သူခေါ်ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူနေထိုင်ရာ ရွာကလေးကား လျှပ်စစ်မီိးသည် မြန်မာနိုင်ငံက ရန်ကုန်မြို့လို ပျက်တောက်ပျက်တောက် မလာပဲ၊ နေ့စဉ်နေ့တိုင်း (၂၄)နာရီ လုံးလုံး အချိန်မှန်မှန် လာပါပေသည်က တစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သော ရန်ကုန်မြို့လို အင်တာနက်များ သုံးဖို့ကို လူဖြူလူမည်းခွဲထားပေမဲ့ သူနေထိုင်ရာ ရွာငယ်ကလေးကား ထိုင်းလူမျိုးတင်မက မြန်မာလူမျိုးများပင်လျှင် အင်တာနက်သုံးတတ်လျှင် ပိုက်ဆံပေးပြီး ၀င်သုံးနိုင်ပေသည်။ ရန်ကုန်လို ဈေးကြီးကြီးပေးစရာပင်မလို။ (၁)နာရီသုံးလျှင် မည်သူမဆို ဘတ်(၂၀) ပေးဆောင်ရပါသည်။ ထို့ကြောင့် သူနေထိုင်ရာ ဤရွာကလေးအား သူ့အနေဖြင့် မြို့လိုထင်မြင်မိသည်က အထင်မှားစရာ မရှိနိုင်ပေ။ အချိန်နာရီကား ညအချိန် (၀၇း၀၀)နာရီခန့်ပင် ရှိချေလေပြီ။ သူရဲ့ တိုးညင်းသော ဆိုင်ကယ်သံလေးက ထိုး၍ရပ်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူသည် အိမ်ကိုရောက်နေပြီ မဟုတ်ပါလား။ သူ့ရဲ့အိမ်မှာ ထရံကာ၊ ဓနိမိုးအိမ်သာ ဖြစ်သော်ငြားလည်း သပ်ရပ်သေသတ်စွာ ဆောက်ထားသည်။ သူ့အိမ်ရဲ့ ညာဖက်တလျှောက်လုံးတွင် သူ့အိမ်လိုပဲ ထရံကာ၊ ဓနိမိုးအိမ်ကလေးတွေက အစီအရီ တည်ဆောက်ထားပေသည်။ ထို့ကြောင့် သူ့ရဲ့အိမ်မှာ ထိပ်ဆုံးအိမ်လို့ ပြောနိုင်ပြီး၊ အစွန်ဆုံးအိမ်လို့လဲ ပြောနိုင်ပါသည်။ ခုဏက သူ့ရဲ့ ဆိုင်ကယ်အသံကြောင့် ထင်တယ်။ သူ့အိမ်ဘေးက ထိုင်းဦးလေးကြီး တယောက်က ထိုင်းလို “နော်ခမ်း ပြန်လာပြီလားကွ” လို့ မေးကာ ထိုဦးလေးမှာလည်း အိမ်ပေါ်မှ ဆင်းလာကာ သူ့ရဲ့ အိမ်လေးရှိရာ ကွတ်ပျစ်ပေါ်သို့ ကိုယ်ကို ပစ်လဲကာ ထိုင်ချလိုက်သည်။ သူကလည်း “ဟုတ်ကဲ့ ပြန်လာပါပြီ ဘကြီး”လို့ ရိုသေစွာ ပြန်ဖြေလိုက်သည်။ သူ့အိမ်ရဲ့ ကွတ်ပျစ်ပေါ်မှာ ထိုင်နေသူကား အခြားသူမဟုတ်။ သူနေထိုင်နေသော အိမ်ရဲ့ အိမ်ပိုင်ရှင်ပင် ဖြစ်ပါသည်။ ထိုဦးလေး၏ နာမည်ကား ဦးလေးတိပင် ဖြစ်ပါသည်။ ဦးလေးတိ ဆိုသည်မှာ ချမ်းသာကြွယ်ဝသော ဦးလေးကြီး တဦးလို့ဆိုရပေမည်။ သို့သော် ထိုဦးလေးကြီးကား ငွေကြေးချမ်းသာသော်လည်း ကြွားဝါတတ်ပုံမရ။ ထိုဦးလေးတွင် (၁၈)နှစ်သာသာ မိန်ကလေး သမီးငယ်တစ်ဦးရှိကာ၊ (၁၅) နှစ်သာသာ သားယောက်ကျားလေး တစ်ဦးရှိပေသည်။ ထိုဦးလေး၏ ဇနီးသည်ကား သူသိရသလောက် ကံမကောင်း အကြောင်းမလှ၍ သေဆုံးသွားသည်။ မိခင်မဲ့ သားနှင့်သမီးအား ထိုဦးလေးကြီးကပင် မိခင်လိုသမျိုး၊ ဖခင်လိုသဖွယ် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်မှာ သူ့အတွေ့ပင်ဖြစ်ပါလေသတည်း။

“မင်းဒီနေ့ အိမ်ပြန် နောက်ကျလှချည်လား”လို့ ဦးလေးတိကပင် သူ့ကို စကားစပြောလိုက်သည်။

သူဆိုင်ကယ်သိမ်းရာကနေ ပြန်လာပြီး “ဆိုင်မှာ မြန်မာလူမျိုး တစ်ဦးဈေးလာဝယ်နေလို့” ဟုပြန်ပြောလိုက်လေသည်။

“အများကြီး ၀ယ်သွားလား”

“များတယ်၊ စက္ကူတို့၊ တိတ်တို့၊ ဆော့ပဲန်တို့လေ”

“သြောဟုတ်လား ဒါနဲ့ မင်းအလုပ်ကော အဆင်ပြေရဲ့လား” ဤမေးခွန်းကား သူနဲ့တွေ့တိုင်း ဦးလေးတိမေးနေကျ မေးခွန်း။

“ဟုတ်ကဲ့ အဆင်ပြေပါတယ်”လို့ သူကလည်း ဖြေနေကျအတိုင်း ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် သူ၏အိမ်သို့ ဦးတည်လမ်းလျှောက် လာနေသော (၁၆)နှစ်သာသာ ထိုင်းလူငယ် သုံးဦးကား သူ့အိမ်ရဲ့ မနီးမဝေးမှာပင် ရပ်ကာ “အကိုပြန်လာပြီလား” လို့ ထိုင်းလူငယ် အိုက်စဉ်းက ကြိုတင်မေးလိုက်လေသည်။

“အေးကွာ.. ဒီနေ့နောက်ကျသွားတယ်၊ လာလေ အိမ်ပေါ်တက်လာခဲ့ စကားပြောကြရအောင်”

ဘာရယ်မဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ထိုင်းလူငယ်လေးများသည် သူ့ကို အကိုလို ချစ်ခင်လေးစားကြပြီး၊ သူ့ထက်ကြီးတဲ့ အဖိုး၊ အဖွား၊ အကိုဦးလေး အဒေါ်များပင်လျှင် ကိုယ့်တူကိုယ့်သား လိုသဖွယ် ချစ်ခင်ကြသည်။ ဤသည်မှာ အကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ညစဉ် (၈)နာရီမှ (၉)နာရီအထိ သူ့ရဲ့အိမ်နီးချင်း ဘေးပတ်ဝန်းကျင်တွင် ရှိသော ထိုင်းလူငယ်လေးများကို အင်္ဂလိပ်စာ သင်ပေးသည် မဟုတ်ပါလား။ သူသည် တက္ကသိုလ်ကျောင်းသား ပညာတတ် မဟုတ်လင့်ကစား အမိမြန်မာပြည်တွင် တက္ကသိုလ်သို့ ၀င်ရောက်ဖြေဆိုနိုင်သော (၁၀)တန်းဆိုသော ကျောင်းသား ဘ၀ကို အောင်မြင်စွာဖြတ်သန်း လာခဲ့ယုံသာမက သူလေ့လာသင်ယူ ခဲ့သမျှ ပညာရပ်များကို သူထိုင်းနိုင်ငံကို ရောက်ရှိချိန်မှ ယခုအချိန်ထိ လေ့လာလိုက်စားနေသည် မဟုတ်ပါလား။ ဤသည်မှာလည်း သူ့အတွက် အကျိုးတရပ်ဖြစ်ထွန်းခဲ့ပါသည်။ သူလေ့လာ သင်ယူခဲ့သမျှ ပညာရပ်များကို သူ့ပတ်ဝန်းကျင်တွင် နေထိုင်သော ထိုင်းလူငယ် များသာမက မြန်မာကလေးများ ကိုပင် ပြန်လည်ဝေငှပေးသည် မဟုတ်ပါလား။ ဒါကြောင့်လည်း ထိုင်းလူငယ်များသာမက မြန်မာကလေးများကပင် သူ့ကို ဆရာ၊ ဆရာလို့ ခေါ်ကြသည်မှာ မဆန်းပါ။ သူအင်္ဂလိပ်စာကို ပြန်လည်ဝေငှပေးပြီး ထိုင်းကျောင်းသား ကျောင်းသူဆီမှလည်း ထိုင်းစာကို ပြန်လည်လေ့လာသင်ယူခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် သူသည်လည်း ထိုင်းကျောင်းသား ကျောင်းသူများ၏ တပည့်ဆိုလျှင် မမှားနိုင်ပေ။

“အကို ထမင်းစားပြီးပြီလား” လို့ ထိုင်းလူငယ်သုံးဦးထဲက အရပ်ရှည်ဆုံး လူငယ်တဦးဖြစ်သူ အိုက်နောင်က သူ့အားမေးလိုက်လေသည်။

“အေးကွာ ဒီနေ့ဆိုင်မှာ ခေါက်မန်းကိုင်(န်) ပဲစားလာလိုက်တယ်”။

ခေါက်မန်းကိုင်(န်)ဆိုသော အခေါ်အဝေါ်မှာ ထိုင်းအခေါ်အဝေါ်ဖြစ်ပေသည်။ စာလုံးပေါင်းမှားနိုင် ပါသည်။ ခေါက်ဆိုသည်မှာ ထမင်းဖြစ်ပြီး၊ မန်းဆိုသည်မှာ ဆီ(အဆီ) ဖြစ်ကာ၊ ကိုင်(န်)ဆိုသည်မှာ ကြက်ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းအခေါ်အဝေါ် ခေါက်မန်းကိုင်(န်) ဆိုသည်မှာ မြန်မာအခေါ်အဝေါ်နှင့် ခေါ်ဆိုရလျှင် ကြက်ဆီထမင်း ပင်ဖြစ်ပါလေသတည်း။

“အကိုဒီနေ့စာ မသင်တော့နဲ့လေ”ဆိုပြီး နောက်ဆုံး ထိုင်းကျောင်းသားလေး တဦးဖြစ်သူ အိုက်ရှန်က တောင်းဆိုလာသည်။ အိုက်ရှန်ပြောလာသော စကားကို သူရိပ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မနေ့က အင်္ဂလိပ်စာသင်ပြီး ပြီးဖို့(၅)မိနစ်အလိုတွင် ကျောင်းသူကျောင်းသားများအား သူက မြန်မာနိုင်ငံသား အားလုံး၏ ကျေးဇူးရှင် ဖခင်ဗိုလ်ချူပ် အောင်ဆန်း၏ အကြောင်းအား အစချီပြောထားသည် မဟုတ်ပါလား။ ထိုကျောင်းသား ကျောင်းသူများသည် သူအစချီပြောပြီးသည်နှင့် တော်တော်စိတ်ဝင်စားသွားကြသည်။ ဤသည်မှာ ဗိုလ်ချူပ်၏ အကြောင်းပင် စုံလင်စွာ သူမပြောရသေး။ ကျောင်းသူ ကျောင်းသားများက သူ့အား ဆက်ပြောရန် ပြောဆိုခဲ့သေးသည်။ သို့သော် သူနောက်တနေ့တွင် အလုပ်လုပ်ရမည် မဟုတ်ပါလား။ ထို့ကြောင့် သူအားတဲ့တနေ့ သူဖတ်ဖူးခဲ့သမျှ စာအုပ်တွေထဲက ဗိုလ်ချူပ်အောင်ဆန်း အကြောင်းကို ပြောပြမည်ဟု မနေ့က ကတိပေးခဲ့သည်မဟုတ်ပါလား။ သို့သော် သူမသိသလိုပဲနေကာ...

“ဘာဖြစ်လို့လဲကွ”

ထိုင်းလူငယ်သုံးဦးက တပြိုက်နက်“ မနေ့က ဗိုလ်ချူပ်အောင်ဆန်း အကြောင်း နားထောင်ချင်လို့ပါ” လိုပြောလာလေသည်။ အော.. ဒီကောင်တွေက ဒီနေ့မှ အစောကြီးလာသကိုးလို့ သူတချက်တွေးကာ

“အေးကွာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ အကြောင်းကို ငါလေ့လာသလောက် ပြောရမယ်ဆိုရင်တော့ ခဏနေလူစုံမှ ပြောတော့မယ်ကွာ” လို့ သူစကားကို ဖြတ်ချလိုက်သည်။ သို့သော် သူ့စကား ဆုံးသွားသွားချင်း အိုက်စဉ်းက “ဟာ အကိုကလည်း မနေ့က ပြောပြခဲ့တာကို ပြန်ပြောလေ၊ မနေ့က ဘကြီးလည်း မရှိဘူး၊ ဘကြီးလည်း နားထောင်ရတာပေါ့။” ဘကြီးဆိုသည်မှာ ဦးလေးတိကို ရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ဦလေးတိကလည်း “အေး ဟုတ်တယ်ကွာ ဗိုလ်ချူပ်အောင်ဆန်း နာမည်ကိုတော့ ငါ့နားထဲမှာ ကြားဖူးသယောင်ပဲ၊ ငါလည်း သူ့အကြောင်း အရမ်းစိတ်ဝင်စားတာ။ သိလည်းသိချင်တယ်၊ မင်းအစကတည်းက မပြောဘူးကွာ၊ အခုပြောကွာ။ ဒီညတော့ မအိပ်တော့ဘူးဟေ့”လို့ ကြွေးကြော်ပြီး ပြောလိုက်လေတော့ ကျွန်တော်လည်း မပြောလို့မဖြစ်တော့ဘူး။ သူကိုယ်တိုင်ကလည်း ဗိုလ်ချူပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုစားခဲ့ပုံတွေကို ပြောပြနေချင်သည် မဟုတ်ပါလား။ ဤသို့ဤပုံ ထိုင်းမျိုးဆက်သစ် လူငယ်များနှင့် ဦးလေးကြီးများကပါ ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား စိတ်ပါဝင်စား လာသည်ကိုပင် သူ့အနေဖြင့် ကျေးဇူးပင်တင်ရပေဦးမည်။ ထို့ကြောင့်သူလည်း ထိုညတွင်ပင် ထိုင်းလူငယ် ကျောင်းသားကျောင်းသူများ၊ မြန်မာကလေးငယ်များနှင့် ဦးလေးတိတို့ကို ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား ဗိုလ်ချူပ်မည်သည့် ဒေသတွင် မွေးဖွားသည်ကအစ ဗိုလ်ချူပ် လုပ်ကြံခံရပြီး သေဆုံးသွားသည်အထိ သူသိသလောက် ပြောပြကာ ထိုင်းလူငယ်များကပင် ဗိုလ်ချူပ် လုပ်ကြံခံရသည်ကို ကြားရသည်နှင့် မျက်ရည်များဝဲကာ ငိုရိုက်သံတွေပါ ထွက်လာသည်ကို သူကြားမိသဖြင့် မြန်မာကလေးများအဖို့ မည်မျှခံစားရမည်ကို စာဖတ်သူတို့ပဲ တွေးကြည့်ပါလော့......

ရှမ်းကလေး