Thursday, February 21, 2008

သူတောင်းစားတော့မဟုတ်ပါ။ တောင်းတော့ တောင်းစားပါသည်။

ခေါင်းစဉ်လေးကို ကြည့်လိုက်တော့ ခတ်ကြောင်ကြောင်ဖြစ်နေမလားပဲ။ ကျွန်တော်တို့ မွေးဖွားနေထိုင်ခဲ့တဲ့ မြန်မာပြည်ကြီးဟာ တနေ့ထက်တနေ့ တိုးတက်လာသလိုလိုနဲ့ စီးပွားရေးတွေက အစ၊ လူမှုရေးတွေက အဆုံး နိမ့်ကျ ကျဆင်းနေတယ်ဆိုတာ နိုင်ငံကို မတရားအုပ်ချူပ်နေတဲ့ အာဏာရှင်တသိုက်ကလွဲလို့ မြန်မာပြည်သူပြည်သားတွေ သာမကပဲ ကမ္ဘာကပါ သိရှိနေကြပါတယ်။ ဒါပေမဲ့ သိရက်နဲ့ မပြောရဲတဲ့ လူသားတွေကတော့ ပြည်တွင်းမှာ လက်ရှိနေထိုင်နေတဲ့ ကိုယ့်ဝမ်းကို ကိုယ်ကိုတိုင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူလူထု တချို့တွေဆိုရင် မမှားနိုင်ပါဘူး။ အာဏာရှင် စစ်အစိုးရဆီက ကပ်ဖားစားသောက်နေကြတဲ့ လူတန်းစားကြီးတရပ်ဟာလည်း မိမိတို့ကို အုပ်ချူပ်ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်ကြီးများ မကောင်းသည်ကို သိနေပါလျက်နဲ့ မိမိတို့ဘ၀ ကောင်းမွန်ရှင်သန်စွာ နေထိုင်နိုင်ရေးအတွက် မိမိတို့၏ အကျိုးစီးပွားကိုသာ ကြည့်ပြီး မြန်မာပြည်သူ ပြည်သား ဘ၀တရပ်လုံး ကောင်းစားဖို့ မတွေးမြင်ပဲ ဘယ်သူသေသ ငါတေမာရင်ပြီးရောဆိုပြီး ကပ်ဖားစားသောက်နေကြသည်မှာ မဟုတ်ပါပေဘူးလား။

တကယ်တော့ မိမိတို့ ချစ်ခင်လေးစားရပါသော ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ကြီးသည် ယခုအခါတွင် တပ်မတော်ကြီး၏ ထိပ်သီးခေါင်းဆောင် နေရာအသီးသီးကိုပါ မတရားယူထားပြီး မိမိတို့၏ လွတ်လပ်တဲ့ တိုင်းပြည်ကြီးကိုပါ မတရားအုပ်ချူပ် မင်းလုပ်နေသော စစ်အာဏာရှင်များသည် ၎င်းတို့အာဏာတည်တံ့ခိုင်မြဲရေးကိုသာ ရှေးရူပြီး မှန်ကန်သောသတင်းကိုပိတ်ပင် မမှန်သောသတင်းများကို လွင့်တင်ကာ ပြည်သူလူထုများအား လိမ်နေကြနေပါသည်ကို စာဖတ်သူတို့ သိရှိကြမည်လို့ ကျွန်ုပ်ထင်မိပါသည်။ နအဖစစ်အစိုးရတတွေဟာ သူတို့ရဲ့ လက်အောင်ငယ်သားအချို့ကို၎င်း၊ သူတို့ရဲ့ စီမံခန့်ခွဲခြင်းတွေကို ခံနေရတဲ့ ရုံးဝန်ထမ်းအချို့ကို၎င်း၊ ပြည်သူလူထု အချို့ကိုလည်းကောင်း လုပ်ကိုင်ကျွေးမွေး လှူဒါန်းသင့်မယ့်အစား၊ သူတို့ရဲ့ အကျိုးစီးပွားကို အထောက်အကူ ပြုသော လူတစ်စုကိုသာ မကျွေးချင်ပဲ ကျွေးနေတယ် မနမ်းချင်ပဲ နမ်းနေတယ်ဆိုတာ အထင်အရှားကြီး ပေါ်လွင်နေလှပါသည်။ စာရေးတယ်ဆိုတာ အကြောင်းအရင်းမရှိပဲ လူတစ်ဖက်သားကို တိုက်ခိုက်ရေးသား ခြင်းမရှိပါဘူး။ ကျွန်ုပ်သည်လည်း လူတစ်ဖက်သားကို တိုက်ခိုက်ပြီး ရေးသားနေခြင်းမဟုတ်။ ကျွန်ုပ်သည် အမှန်တရားများကို ရေးသားနေခြင်းဖြင့် လည်းကောင်း၊ ယခုလက်ရှိ မိမိတို့၏ မြန်မာပြည်သူ လူထုများ ဘ၀ပေါ်လွင်အောင် လည်းကောင်း ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အဓိပ္ပယ်မဲ့သော အကြောင်းအရာများကို ရေးသားနေခြင်းမဟုတ်။ ဤသည်ကိုလည်း အချို့သော လူများယုံနိုင်ခြင်းရှိခဲ့ပါသော်လည်း အချို့သော လူများသည်ကား မယုံပါဟူ၍လည်း ဝေဖန်လာကြမည်။ ဤဝေဖန်ချက်များကိုလည်း ကျွန်ုပ်အနေဖြင့် စိတ်မဆိုးပါ။ ကျေးဇူးတောင်တင်ပေဦးမည်။ ဟော... ကြာနေလို့ လေရှည်တယ်ဆိုပြီး ပြောနေကြဦးမယ်။

တကယ်တော့ ကျွန်ုပ်ပြောပြချင်သော အကြောင်းအရာကား နအဖစစ်အစိုးရတို့၏ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်၍ လုပ်သက်စေ့ကာ ပင်စင်စား ဘ၀သို့ရောက်သွားကြသော အဖိုးအဖွား၊ ဦးလေးအန်တီတို့ အကြောင်းပင် ဖြစ်ပါသည်။ ထိုအဖိုးအဖွား ဦးလေးအန်တီတို့သည် ပင်စင်စားဘ၀ရောက်သွား၍ ပိုက်ဆံတွေ တပုံကြီးတော့ မ၀င်လာပါ။ အထင်တွေကြီးပြီး ငါတော့ မြန်မာနိုင်ငံမှာ ပင်စင်စားဘ၀ပဲ သွားလုပ်စားတော့မယ်ဆိုပြီး မစဉ်းစားလေနဲ့ဦး။ အခုမြန်မာနိုင်ငံက ပင်စင်စားဘ၀များကား ပေးတာက ၁ကျပ် ပြန်ပေးရတာက ၁၀ကျပ် ဘ၀ပေတည်း။ အချို့သော သားသမီးမရှိသော (သို့) လုပ်ကျွေးမည့်သူ မရှိသော အဖိုးအဖွားများပင်လျှင် လမ်းဘေးတွင် မိမိလုပ်နိုင်သလောက် အားအင်လေးများနှင့် တောင်းစားနေကြရသည်ကို အောက်တွင်ဖော်ပြထားသော ပုံလေးအားကြည့်လျှင် သိနိုင်ပါသည်။

ဤပုံအား ဤနေရာမှ ကူးယူဖော်ပြပါသည်။

အထက်ပါ ပုံအား ကြည့်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ကောင်းမွန်လှသော ဧရာမလမ်းမကြီး တစ်နေရာပေါ်တွင် အိုမင်းလှသော အမယ်အိုနှစ်ယောက် တောင်းစားနေသည်ဟူသော သတင်းကို မြန်မာနိုင်ငံမှ သတင်းဌာနများက အဘယ်ကြောင့် မဖော်ထုတ်သနည်း ဟူ၍ပင် မေးကြည့်ချင်သေးသည်။ ကျွန်ုပ်ရေးရင်းနဲ့ မေးတဲ့ မေးခွန်းကလည်း များနေပြီ။ ဤအမယ်အိုနှစ်ယောက်ကား မြန်မာနိုင်ငံ၏ ပင်စင်စားဘ၀များပင် ဖြစ်ပါတော့သည်။ အချို့သော ပင်စင်စား ဘ၀တူ အဖိုးအဖွားများပင်လျှင် တောင်းစားသော သူတောင်းစား ဘ၀သို့မရောက်ချင်၍ မိမိတတ်သမျှ အလုပ်များကို ပြုလုပ်ကာ ဥပမာ- အလွယ်ကူဆုံးအလုပ် ခရေပန်းကလေးများကို သီကုံးကာ ရောင်းစားနေကြ ရပါသည်။ ထိုခရေပန်းများကို သီကုံးကာ ရောင်းစားနေရသူများသည်လည်း မည်သည့်အချိန်အခါတွင် တောင်းစားသော ဘ၀များသို့ ရောက်မည်ဆိုသည်ကိုမူ ခန့်မှန်း၍ မရနိုင်ပါချေ။ ယခုခေတ် ယခုခါတွင် ကမ္ဘာကြီး၌ ရှိသော် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးတွင် တောင်းစား နေကြသော သူတောင်းစား များကိုပင်လျှင် သူတောင်းစားဟူ၍ပင် မခေါ်သင့်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ငယ်စဉ်က တွေ့ဖူးသော သူတောင်းစားများမှာ မသန်မာ၊ မထွားကျိုင်းသော လူများပင် ဖြစ်ပါသောကြောင့် ဖြစ်ပါသည်။ သို့သော် ယခုလက်ရှိ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရှိသော သူတောင်းစားများကား ကန်တော့ပါရဲ့ ပင်စင်စား အဖွားအဖိုးများပင် ဖြစ်နေပါသည်။ လူတစ်ယောက် ဆိုသည်မှာ ကိုယ့်လုပ်အားနှင့် ကိုယ်တော့ လုပ်ကိုင်စားသောက် ချင်ကြပါသည်။ မည်သူ့ကိုမျှ သွားပြီးတော့ အောက်ကျို့ခံပြီး မတောင်းစားချင်ကြပါ။ စာဖတ်သူတို့လည်း ထိုပိုဂ္ဂိုလ်မျိုးပင် ဖြစ်ကြမည်ဟု မျော်လင့်ပါသည်။ ထို့ကြောင့် သူတောင်းစား ဘ၀သို့ ကူးပြောင်းသွားသော ပင်စင်စား အဖိုးအဖွားများသည် သူတောင်းစားတော့မဟုတ်ပါ။ သို့သော်တောင်းတော့ တောင်းစားပါသည်ဟူသော ခံယူချက်ကို စိတ်ထဲတွင် မှတ်ယူထားကြမည်ဟု ကျွန်ုပ်ထင်မြင်မိ ပါကြောင်း သုံးသပ်ပြအပ်ပါသည်။

ရှမ်းကလေး