Sunday, March 21, 2010

ပြည်တွင်းပြည်ပ ကွာချားချက်တခု

ညနေမှောင်စပြုလာတဲ့ အချိန်မှာ မီးစက်သံလေးတွေရဲ့ အသံတွေ တဒုတ်ဒုတ်ကြားနေရတော့ ကျွန်တော့်စိတ်ထဲမှာ ရွာကိုပြန်ရောက်နေသလိုမျိုး ခံစားနေရတယ်။ ကျွန်တော်အခုနေနေတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တော်ရဲ့ ဒုက်ခသည်စခန်းလေးပေါ့။ ဒီနေ့ကျွန်တော် တနေကုန် မောပန်းခဲ့တယ်လေ။ သုံးနှစ်လောက် တခါမှ ပြန်မရောက်တဲ့ ဒုက်ခသည်စခန်းကို ဒီနေ့တော့ မောမောပမ်းပမ်းနဲ့ပင် ရောက်ရှိခဲ့တယ်။
ဖြစ်ပုံက ပြည်တွင်းက အခုမှရောက်လာတဲ့ လူနာတစ်ယောက်ကို စခန်းထဲမှာ ဆေးလာကုပေးတာပါ။ လူနာဟာ တကယ့်ကို သနားစရာကောင်းတဲ့ လူနာတဦး ဖြစ်ပါတယ်။ ပြည်တွင်းကလူတွေ ပြောချက်အရကတော့ ဒီလူနာဟာ HIV/AIDS ဝေဒနာရှင်တစ်ယောက်လို့ ဆိုပါတယ်။ HIV/AIDS ဝေဒနာရှင်ဆိုလို့ ရေးလိုက်မိတော့ ကျွန်တော့်စိတ်ထဲမှာ အေစ့်ရောဂါနဲ့ သေသွားတဲ့ ကျွန်တော့်ရွာက လူတစ်ဦးအကြောင်းကို ကျွန်တော် ပြန်သတိယမိပါတယ်။ သူ့နာမည်က ဦးမိုးကျော်လို့ ခေါ်ပါတယ်။ ရွာသူရွားသားတွေရဲ့ အသိပညာနည်းပါးလွန်းတာက တကြောင်း၊ အယူသည်းတာက တစ်ကြောင်း ဦးမိုးကျော် အသေမလှခဲ့ပါဘူး။ ဦးမိုးကျော်ရဲ့ အသုဘ အဆုံးသတ်မလှခဲ့သလို ရွာသူရွာသားတွေရဲ့ အသိပညာနည်းပါးမှူကြောင့် ဦးမိုးကျော်ရဲ့ အိမ်ဟာ ရွာသူရွာသားတွေရဲ့ မီးဝိုင်းဝန်းရှို့ခြင်းကို ခံခဲ့ရပါတယ်။ ဒါဆိုရင် ဦးမိုးကျော်နဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုတွေ ဘယ်လိုဒုက်ခရောက်မလဲဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။ ဒီအကြောင်းတွေကို ကျွန်တော်လုံးလုံးကို သတိမရခဲ့မိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၄)ရက်က ကျွန်တော့်တို့ဆီကို ရောက်လာတဲ့ လူနာရဲ့ အကြောင်းကြားတော့ ကျွန်တော်ငယ်စဉ်အခါက မြင်တွေ့ခဲ့ဖူးတဲ့ ဦးမိုးကျော်ရဲ့ အဖြစ်ကို ပြန်သတိရမိလိုက်ပါတယ်။
အခုတက်လာတဲ့ ဝေဒနာရှင်ဟာ သူ့ကို အေ့စ်ဖြစ်တယ်လို့ ထင်တဲ့ လကစပြီး ၆လတိတိ ကျွန်တော်တို့ရဲ့ ရွာသူရွာသားတွေ ဥပေခါပြုထားကြောင်း ကျွန်တော် ကြားသိရပါတယ်။ ဒီလူရဲ့ ဇနီးကတော့ လူတွေရဲ့ အပြောခံရမှာ စိုးတာကြောင့် ချစ်လှစွာသော ၇ လအရွာက်သမီးလေးနဲ့၊ ၂နှစ်ကျော် သမီးလေးနှစ်ဦးကို ခွဲခွာသွားက သူ့ကိုယ့်ကို သေကြောင်းစီရင်ခဲ့ကြောင်းကိုတော့ ရွာသူရွာသားများရဲ့ ပြောဆိုခြင်းမှ ကျွန်တော်ကြားသိခဲ့ရပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးနှစ်ဦးကတော့ မိမိတို့ရဲ့ မိဘနှစ်ပါးကို အဖေအမေလို့ မခေါ်ရရှာပဲ မည်မျှ အသက်ရှင်နေထိုင်သွားရမည် ဆိုတာကိုတော့ ကျွန်တော်မခန့်မှန်းတတ်ပါ။ ငါဘယ်နေ့ သေမှာလည်း ဆိုတာကို စောင့်နေတဲ့ ကလေးတွေရဲ့ အဖေကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝစိတ်မကောင်းပါဘူး။ အသိပညာနည်းပါးလှတဲ့ ရွာသူရွာသားတွေက လူနာကို ပစ်တင်ကဲ့ရဲ့ကာ သေလူအဖြစ် ပယ်ထားတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ မိသားစု အင်မတန် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းရပါတယ်။ လေးရက်လုံးလုံး မိမိသမီးလေးနှစ်ဦးရဲ့ ဓါတ်ပုံကိုကြည့်ပြီး ပူဆွေးဝမ်းနည်းနေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော့်ရွာက ရွာသူရွာသားများ လာရောက်မြင်တွေ့ရင် ဖခင်စိတ်၊ မိခင်စိတ်နဲ့ ကိုယ်ချင်းစာကြပါ့မလားဆိုတာကိုပင် ကျွန်တော်မတွေးတတ် တော့ပါ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ်မနေနိုင်တော့ပါ။ မိဘနှစ်ဦးနဲ့ ကျွန်တော်တိုင်ပင်ပြီး ဒုက်ခသည် ဆေးခန်းပို့ပေးဖို့ ကျွန်တော် စီစဉ်ရပါတော့တယ်။ ဆေးဝါး စုံလင်တဲ့ မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ဆောင်ချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အားနည်းမှုကြောင့်တကြောင်း၊ လူနာဟာ ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်း ဘာအထောက်အထားမှ မရှိမှူတွေကြောင့် ကျွန်တော်ဒုက်သည်စခန်းကိုပဲ မှန်းမျော်ကာ အားကိုးခဲ့မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ဒုက်ခသည်စခန်းကို နောက်တစ်ခေါက်ပြန်ရောက် ခဲ့ရပါတယ်။
ဒုက်ခသည်စခန်းကို ရောက်တော့ ဆေးခန်းက တာဝန်ရှိသူများရဲ့ နွေးထွေးစွာကြိုဆိုမှူတွေကြောင့် လူနာအတွက် ကျွန်တော်ဝမ်းသာကြည်နူးခဲ့ရပါတယ်။ ခရီးတလျှောက် မောမောပမ်းပမ်း ဖြစ်ခဲ့ပေမဲ့ ယူနီဖောင်းအပြည့်နဲ့ ပြုံးရွင်လန်းဆန်းနေတဲ့ ၀န်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့ လူနာရဲ့ ရောဂါ တ၀က်ပျောက်ပြီလို့တောင် စိတ်ထဲမှာ ခံစားမိပါတယ်။ မည်သည့်ရောဂါရှင်ကိုမဆို တရောတနှော ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ဓါတ်လေးတွေကို ကျွန်တော် ထပ်မံ တွေ့မြင်လိုက်ရတော့ လူနာတွေရဲ့ အစစ်အမှန် ကယ်တင်ရှင်တွေဆိုတာ ဒီလို ဆေးရုံဝန်ထမ်းတွေသာ ဖြစ်မယ်လို့ ကျွန်တော် ထပ်မံ ခံစားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဒုက်ခသည်စခန်းမှာ လူနာကို သုံးညကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆေးခန်းရဲ့ နည်းပညာ၊ စက်ကိရိယာမြင့်မားမှူနဲ့အတူ ဆေးခန်းဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးနွေးထွေးစွာ ဆက်ဆံမှူတွေကြောင့် လူနာရဲ့ စိတ်ထဲမှာ ၀မ်းဝမ်းသာသာဖြစ်လာမယ်လို့ ကျွန်တ်ာထင်မိရင် မမှားလောက်ပါဘူး။ ပြီးတော့ ပိုက်ဆံရှိမှသာ ဒီရောဂါကို ကုသပျောက်ကင်းမှာလို့ စိတ်ထဲက စွဲလန်းနေတဲ့ မြန်မာပြည်က လူနာတစ်ဦးဟာ ဒီဒုက်ခသည်စခန်းလေးကို ရောက်လာခဲ့သည် ဆိုရင်ဘဲ ဒီတယူတန်စွဲလန်းမှူကြီး အလိုလို ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်ပါကြောင်း ပြီးတော့ ကျွန်တော် ပထမဦးဆုံး ကူညီလိုက်တဲ့ လူနာတစ်ဦးက ဒုက်ခသည်စခန်းလေးမှာ အောင်မြင်စွာ ဆေးခံယူကုသသွား နိုင်မှူကြောင့် ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူမိရင်း နိဂုံးချူပ်လိုက် ရပါတကား။

၂၀၁၀ 2010 ရွေးကောက်ပွဲတဲ့ (New)

နှစ်တွေတော်တော်လေးကို ကြာညောင်းခဲ့ပါပြီ။ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လို့ မြန်မာ့စစ်အာဏာရှင်တွေ တသွတ်သွတ်ပြောနေတာလည်း နားကြားခါးလှပါပြီ။ ဒါကြောင့် နားကြားခါး၊ နားကြားပျင်းလှတဲ့ အတွက်လည်း ဗမာစစ်အစိုးရများကို အမြင်ကပ်တဲ့၊ မုန်းတီးတဲ့ အတိုက်အခံပါတီတွေ၊ တောခိုပုန်ကန်သူတွေ၊ နိုင်ငံရေးခေါင်းဆောင်သမားကြီးတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဒီပဲယင်းမျိုးဆက်တွေဟာလည်း ယနေ့ထိတိုင် အစဉ်အဆက် မပြတ်ပဲ ခေတ်အဆက်ဆက် ဗိုလ်သန်းရွေခေါင်းဆောင်တဲ့ မြန်မာစစ်အစိုးရ အမျိုးယုတ်တွေကို ဆန့်ကျင်တိုက်ခိုက်လာကြတာလည်း တချို့တွေက အသက်စတေးပြီး လူ့လောကကနေ ခွဲခွာသွား သည်မှာလည်း အယောက်ပေါင်း မနည်းတော့ပေ။ ဥပမာ- ကဗျာဆရာကြီး ဦးတင်မိုးတို့ လူထုဒေါ်အမာတို့လို နာမည်ကြီး စာရေးဆရာ၊ ဆရာမများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများလည်း ကျွန်တော်တို့ မျိုးဆက်လူငယ်များကို ၀မ်းနည်းကြေကွဲစွာဖြင့် ခွဲခွာသွားခဲ့ကြပါပြီ။ ဒါကြောင့် အတိတ်က ကြယ်ပွင့်အချို့တွေ ကြွေပျောက်သွားတဲ့ အချိန်မှာ ကျန်ရှိနေသေးတဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဟာ ဘာဆက်လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။
အတိတ်ကကြယ်ပွင့်တွေ လုပ်ဆောင်သွားတဲ့ တာဝန်၊ ၀တ်တရားများကို ထိုင်ပြီး ချီးမွမ်း မနေပဲ သူတို့တွေထက် ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကိုလည်း အနာဂတ်ကြယ်ပွင့် လေးတွေ စဉ်းစားချင့်ချိန်တတ်ဖို့လိုကြောင်း တစ်စိတ်တစ်နေရာက သတိပေးလိုပါတယ်။
ကျွန်တော်နိုင်ငံရေးသမား တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ်ကို ခံယူထားတဲ့ မတတ်တခေါက် စာရေးဆရာလေး တစ်ယောက်ပါ။ ကိုယ့်နိုင်ငံကို ကြီးပွားတိုးတက် စေချင်၊ လွတ်လပ်သော ပြည်ထောင်စုဖြစ်စေချင် (စစ်တပ်ကပြောတဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု မဟုတ်ပါဘူး။) တဲ့ မြန်မာပြည် ပြည်သူလူထုထဲက လူငယ်လေးတဦးပါ။
ဒီနေရာမှာ မြန်မာနိုင်ငံ လွတ်လပ်သော နိုင်ငံကြီးဖြစ်အောင် ဒါမှမဟုတ် စစ်အာဏာရှင် စနစ်ကြီးကျဆုံးအောင် ကြိုးပမ်းနေတဲ့ နိုင်ငံရေးသမား တချို့တလေတွေရဲ့ အကြောင်းတွေကို နည်းနည်းလောက် ဝေဖန်တင်ပြချင်ပါတယ်။ ဒီနေရာမှာ ကြိုတင်တောင်းပန်ချင်တာက စိတ်ကသိကအောင်နဲ့ ၀ိုင်းဝန်းဖတ်ရှုပေးကြပါလို့ ပြောဆိုတောင်းပန်ချင်ပါတယ်။
ပြည်ပကို တိမ်းရှောင်လာတဲ့ တချို့သော နိုင်ငံရေးသမားတွေဟာ ပြည်ပကိုရောက်တော့ နိုင်ငံရေးလုပ်ကြပါတယ်။ ကြာလာတော၊ သိလာတော့ သဘောထားခြင်း မတိုက်ဆိုင်တော့ အဖွဲ့ကနေ ခွဲထွက် အဖွဲ့တခုတည်ထောင်ကြပါတယ်။ လူမှုရေး၊ ကူညီစောင့်ရှောက်ရေးတို့၊ ပညာရေးမြင့်တင်စေရေးတို့၊ ကျန်းမာရေး စသဖြင့် ကိုယ်စီကိုယ်စီ ကြိုးစားပမ်းစား လုပ်ကိုင်ကြပါတယ်။ ပြီးတော့ Donor တွေ အောက်ကျခံပြီး ရှာကြပါတယ်။ဒါတွေကို ဖွဲ့စည်းလာတဲ့ အချိန်မှာ အစမှာတော့ ပြည်ပရောက် ဒုကရောက် ပြည်သူလူထုများကို ထိရောက်စွာ ကူညီနိုင်ကြပါတယ်။ ဒါပေမဲ့ ကြာလာတော့ ဒီလိုအဖွဲ့အစည်းတွေဟာ မိုလိုပေါက် ပေါများလာပတယ်။ ဒီလို မိုလိုပေါက် ပေါများလာတဲ့အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင် ဖြစ်လာပါတယ်။ ဒါကြောင့် ဟိုအဖွဲ့က ဟိုလူ့နားသွေးထိုး၊ ဒီအဖွဲ့က ဒီလူ့နားသွေးထိုးဆိုတော့ အကူအညီလိုတဲ့ သူက ဘယ်အဖွဲ့ကို အားကိုးလို့အားကိုးရမှန်း မသိတော့ပါဘူး။ ဒါကို စာတစ်တန် ပေတတန် ရေးမနေတော့ပါဘူး။
အခုရေးမှာက ၂၀၁၀ ရွေးကောက်ပွဲကို မူတည်ပြီး ရေးပြခန့်မှန်းပြချင်ပါတယ်။ တကယ် တော့ စစ်အစိုးရတွေလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ အတိုက်အခံဘက်က နိုင်သည်ဖြစ်စေ၊ နအဖ ဘက်ကပဲ မဲများများရရှိသည်ဖြစ်စေ စစ်တပ်ကပဲ အာဏာသိမ်းတာချည်းပဲ တွေ့နေမြင်နေရပါ တယ်။ ဒီလို နအဖက အကျင့်ယုတ်၊ အနိုင်ယူမှုတွေကိုလည်း အားလုံးသော နိုင်ငံရေးခေါင်းဆောင် များ အသိဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖစစ်အာဏာရှင်တွေ စနစ်တ ကျနဲ့ အကွက်ကျကျ ပြုလုပ်သွားမယ်ဆိုတာကိုလည်း အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ ကြံ့ဖွတ်အဖွဲ့ပဲရမလား၊ ဦးအေးလွင်ခေါင်းဆောင် တဲ့ ၈၈ မျိုးမစစ်အဖွဲ့ပဲ အနိုင်ရမှာလား ဆိုတာကိုပဲ စိတ်ဝင်စားရမှာပါ။ စစ်အစိုးရလက်အောက်မှာ အကျယ်ချူပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ကတော့ ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ပါဝင် ယှဉ်ပြိုင်ရမလားဆိုတာကိုတော့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှ တိတိကျကျ သိရမယ်ဆိုတာ ကျွန်တော့်ရဲ့ ယူဆချက်တရပ်အနေနဲ့ အခုကတည်း က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုချင်ပါတယ်။ အာဏာကို အငမ်းမရ ဆုတ်ကိုင်ထားချင်တဲ့ နအဖ စစ်ဗိုလ်ချူပ်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ ဒီရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာကို နဲနဲလေးမျှ လိုလားကြမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲမှာ 88 အရေးခင်းတုံးက ဗိုလ်နေ၀င်းပြောကြားခဲ့တဲ့ “စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မပစ်တတ်ဘူး” ဆိုတဲ့စကားကို ဗိုလ်သန်းရွှေ နောက်တစ်ခါ ပြန်ပြောမိမှာကိုပဲ ကျွန်တော် စိုးရိမ်ပါတယ်။ ဒါကြောင့် 2010 ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမလား ဆိုတာကိုတောင် တွေးပူပြီး ကြောက်နေရမှာပါ။ ဒီ 2010 ရွေးကောက်ပွဲမှာ နအဖ စစ်အာဏာရှင်စနစ် ကျဆုံးဖို့ဆိုတာ ပြည်သူလူထုတွေရဲ့ သတ်တိနဲ့ အတိုင်အခံပါတီတွေရဲ့ ရဲရင့်ကျွမ်းကျင်မှုတို့ ပူးပေါင်းမှသာ ဖြစ်နိုင်မယ်ဆိုတာ ကျွန်တော်မျော်လင့်မိပါတယ်။ အဲ့ဒီအချိန်မှာ ၂၀၀၇ စက်တင်ဘာအရေးခင်း ကလို ပြည်ပလက်နက်ကိုင်တော်လှန်ရေးသမားများ လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ၂၀ ရာခိုင်နူန်းလောက်ကတော့ နအဖဘက်က အသာစီးရမယ်ထင်တာဘဲ။ ဒီလို နအဖဖက်က အနိုင်ရသွားလို့ကတော့ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေ အိုမင်းရင့်ရော်ပြီး သား၊ မြေး၊ တီ၊ တွတ်နဲ့ ဒုကတွေနဲ့ ရင်ဆိုင်သွားရမယ်ဆိုရင် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် အားလုံးတက်ညီ လက်ညီ စုပေါင်းဝိုင်းဝန်း စည်းလုံးညီညွတ်စွာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ဆောင်သွားသင့် ကြောင်း ပြည်သူတဦးအနေဖြင့် တိုက်တွန်းချင်ပါသည်။
အဓိကဆိုလိုချင်တာက တဦးကိုတဦး ၀ိုင်းဝန်းပြစ်တင်ပြောဆိုမနေဘဲ တိုင်းရင်းသား ညီအကိုမောင်နှမများ စည်းလုံးညီညွတ်စွာဖြင့် နအဖစစ်အာဏာရှင်စနစ် အဆုံးသတ်သွားအောင် ပြတ်ပြတ်သားသား ၀ိုင်းဝန်းတိုက်ခိုက်ပါရန် တိုက်တွန်းလိုချင်သော ပြည်သူတဦး။