Sunday, February 24, 2008

“ဒိုင်ယာရီထဲက အတိတ်ကအကြောင်း” “ပထမပိုင်း”

မိုးလေးတွေ ဖွဲဖွဲလေး ရွာသွန်းနေချိန်မှာ ဧရာမပေတရာ လမ်းမကြီးပေါ်မှာ အစီးပေါင်း မြောက်များစွာသော ကားကြီးကားငယ်များကား အရောင်မျိုးစုံကို ဆင်ယင်လျက် ဖြတ်သန်းသွားလာနေကြသည်။ ထိုမိုးများ ရွာသွန်းနေသည့်ကြားမှ အရောင်မျိုးစုံ အမျိုးအစားမျိုးစုံဖြင့် ဖြတ်သန်းသွားလာနေသော ကားများကို ငေးမောကြည့်ဖြစ်နေသည့် လူတစ်ဦးကား.....
အမည်------ဇွဲရန်နိုင်
အသက်----27နှစ်


ဟုတ်ပါပေသည်... ဤလူ၏ အမည်ကား ဇွဲရန်နိုင်။ အရပ်က အနည်းငယ်ရှည်ပြီး ဆံပင်ကို အလယ်ခွဲထားကာ ကြည့်ကောင်းသော အမျိုးသား တစ်ယောက်လို့ ဆိုရပေမည်။ မိုးများရွာသွန်းနေသည့် လမ်းမကြီးပေါ်တွင် ကားများသွားလာ လှုပ်ရှားနေမှုကို နှစ်ထပ်တိုက်ပေါ်က သူ့ရဲ့အခန်းငယ် ပြတင်းပေါက်ကနေ တဆင့် ငေးမောကြည့်နေပေသည်။ သူနေထိုင်ရာအရပ်ကား ထိုင်းနိုင်ငံတွင်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများ အများအပြားနေထိုင်ရာ မယ်ဆောက်မြို့၏ တနေရာတွင် ဖြစ်ပါပေသည်။ နှစ်ထပ်တိုက်ဆို၍ သူ့အိမ်တော့ မဟုတ်။ အခန်းငှားပြီးနေခြင်းဖြစ်သည်။ မယ်ဆောက်တွင် သူ့ဘ၀ရှင်သန်ရေးအတွက် စီးပွားရေး အလုပ်တခုကို လုပ်ကိုင်လျှက်ရှိပြီး တဖက်တွင်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တဖက်တလမ်းမှ သူကြိုးစားနေသည် မဟုတ်ပါလား။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာကား အခြားမဟုတ်။ စတိုးဆိုင်တခုတွင် သူဈေးရောင်းနေသည်။ ထို့ကြောင့်လည်း (၂)ထပ်တိုက်ပေါ်တွင်ရှိသော သူယခုလက်ရှိ နေထိုင်ရာ အခန်းငယ်ကလေးကို ငှားရမ်းနိုင်ခြင်းပင် ဖြစ်ပါတော့သည်။ ဤအခန်းငယ်ကလေးအား သူကြိုက်နှစ်သက် ၍လည်း ဖြစ်ပါသည်။ ထိုင်းဘာသာ စကားကို အချိန်ရှိသမျှ သူလေ့လာ၍ အနည်းအကျဉ်းတော့ ပြောတတ်ပါသည်။ သူမယ်ဆောက်သို့ ရောက်ရှိခဲ့သည်မှာလည်း ကြာခဲ့ပြီ မဟုတ်ပါလား။ သူ၏အသက် (22)နှစ်ခန့်ကပင် သူမွေးဖွားရာနေရာ မြန်မာနိုင်ငံကြီးကို စွန့်ခွာကာ အခြားတိုင်းတပါးသို့ ထွက်လာခဲ့သည် မဟုတ်ပါလား။ ယခုဆိုလျှင်ပင် သူ၏အသက်မှာ (27)နှစ် တင်းတင်းပင် ပြည့်ပါတော့မည်။ မယ်ဆောက်လမ်းမကြီးပေါ်မှ အဆက်မပြတ် လှုပ်ရှားသွားလာနေသော ကားများကို ရပ်ကြည့်ရာမှ သူခေတ္တရပ်ကာ ပြတင်းပေါက်ပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် သူအိပ်နေကျ ကုတင်ပေါ်သို့ ကိုယ်ကိုပစ်လှဲလိုက်သည်။ ကုတင်ပေါ်သို့ သူ့ကိုယ်ပစ်လှဲကျသွားပေမဲ့ သူ့ရဲ့ ညာဖက်လက်တစ်ဖက်ကား အလိုလို စာအုပ်များတင်ထားသော စားပွဲပေါ်သို့ ရောက်ရှိသွားပေရာ ဒိုင်ယာရီစာအုပ် တစ်အုပ်အား ထိတွေ့ကာ ယူဆောင်လိုက်ပါတော့သည်။ ဒီနေ့မှပင် ဒိုင်ယာရီစာအုပ်လေးအား သူကိုင်ဆွဲခြင်းမဟုတ်။ နေ့တိုင်းလိုလို ထိုဒိုင်ယာရီစာအုပ်လေးအား ဖတ်ဖြစ်သည်မှာ သူမယ်ဆောက်မြို့ကို စရောက်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် သူဒိုင်ယာရီမရေးဖြစ်ခဲ့သည်ကား (၅)နှစ်မျှပင် ကြာညောင်းခဲ့ပေပြီ။ သူဒိုင်ယာရီစာအုပ်ရဲ့ မျက်နှာဖုံးလေးအား စမလှန်ခင်တွင် သူ၏ဦးနှောက်ထဲတွင် နာမည်တခုအား ဖြတ်ကနဲ ကြားလိုက်သလိုပင် ခံစားလိုက်ရသည်။ ဤနာမည်ကား စန္ဒီပင် ဖြစ်ပါတော့သည်။ ဟုတ်ပါသည် စန္ဒီကား မိန်းကလေး တစ်ယောက်၏ အမည်ပင်ဖြစ်ပါသည်။ စန္ဒီဆိုသော မိန်းကလေး တဦးမှာ သူတက္ကသိုလ် ကျောင်းသားဘ၀တုန်းက သူ့ရဲ့ ပထမဦးဆုံး ချစ်သူလို့ ပြောနိုင်သလို၊ သူ့ဘ၀တွင် နောက်ဆုံးသော ချစ်သူရည်းစားလို့လဲ ပြောနိုင်ပါသည်။ သူ့ရဲ့ အတွေးတိုင်းကား ဤစန္ဒီဟူသော မိန်းကလေး၏ နာမည်ကား အမြဲတမ်း စူးစိုက်နစ်ဝင်နေသည်။ သို့သော် ဤစန္ဒီဆိုသော အမျိုးသမီးအား ခွဲခွာခဲ့သည်မှာ ယခုရက်နှင့်ဆိုလျှင် (5)နှစ်နဲ့ (၅)လပြည့်ဖို့ ၁ ရက်သာလိုပါတော့သည်။ မခွဲခွာချင်ပဲ ခွဲခွာခဲ့သော ချစ်သူတစ်ယောက်အား သူ့အဖို့ အလွန်မှ ခံပြင်းလှပါသည်။ အထင်လွဲမှားမှု တခုကြောင့် ခွဲခွာရသောကြောင့်ပင် သူ့မှာပိုပြီး ခံပြင်းရပါသည်။ ဒါပဲလေ ကံတရား။ ဘယ်ဗေဒင်ဆရာမှ ဟောတမ်းမထုတ်နိုင်တာပဲ ဟူသော အတွေးမျိုးကိုသာ စိတ်ထဲသွင်းကာ သူဖြေသိမ့်လာခဲ့သည်မှာလည်း ယခုထက်ထိပင်ဖြစ်ပါတော့သည်။ စန္ဒီဆိုသော ချစ်သူအားလည်း သူကိုယ်တိုင်ပင် စခွဲခဲ့သည် မဟုတ်ပါလား။
သူအတိတ်က ရေးသားထားသော ဒိုင်ယာရီစာအုပ်ထဲက အကြောင်းအရာများအား ပြန်လှန်ကြည့်ရမည်ဆိုလျှင်....
“စန္ဒီ” ဟူသော နာမည်းကား စာအုပ်လေးရဲ့ ညာဘက်ထောင့်တွင် နက်ပြာရောင် မင်ကလေးဖြင့် ရေးသားသည်မှာ အထင်းသား ပေါ်လွင်နေပါသည်။
......နေပြင်းပြင်းပူလျှက် ရှိနေပါသည်။ နေရားကား မြန်မာနိုင်ငံတွင် ထူးဆန်းစွာ အေးချမ်းသော တောင်ကြီးမြို့က အထက(၂) ကျောင်းတွင်ပင် ဖြစ်ပါတော့သည်။ တောင်ကြီးဟူသော မြို့ကလေးသည် အေးချမ်းပါသည်ဟု ဆိုသော်လည်း နေ့လည်တွင်မူကား နေကျဲကျဲပူလျှက်ရှိနေပေသည်။ သို့သော် အသက် (17)နှစ် ပတ်ဝန်းကျင်ရှိ ကျောင်းသားကျောင်းသူများ အယောက် (၅၀)ခန့်ကား နေပူကျဲသဲထဲတွင် ကျောင်းဝတ်စုံကို ကိုယ်စီဝတ်ဆင်လျှက် လက်ကလေးပိုက်ကာ တယောက်ယောက်ကို စောင့်နေကြရသည်။ ဤသို့စောင့်နေရသောသူကား အခြားသူမဟုတ်။ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချူပ်ကြီး မောင်ဗိုလ်လာရောက် လည်ပါတ်သည်ဟုဆိုသည်။ နေပူကျဲသဲတွင် ရပ်စောင့်နေသော ကျောင်းသားကျောင်းသူ အယောက် (၅၀)ထဲတွင် စကားသံများကား တယောက်တပေါက် ထွက်နေကြသည်။
“ဒီလောက်နေပူတာကွာ၊ နေရိပ်ထဲ ရပ်စောင့်ခိုင်းလဲ ရတာပဲ”ဟူသော ရှမ်းသံခတ်ဝဲ၀ဲ အသံကား ထွက်ပေါ်လာသည်။
“အေးလေ ဟုတ်တယ်ကွာ” ဟူသော တချို့သော ကျောင်းသားများက ပြောဆိုလာသော်လည်း ဆရာဆရာမနှင့် နီးနီးနေသော ကျောင်းသူကျောင်းသားများကာ အသံပင်မထွက်။
“စကားမပြောကြနဲ့၊ သိပ်သိပ်နေကြနော်” ဟူသော ဟိန်းဟောက်သံနှင့်အတူ စကားသံတခုကား ကျောင်းသားများအား ငြိမ်ကျသွားစေသည်။ သို့သော် တီးတိုးတီးတိုး စကားပြောဆိုနေသော ကျောင်းသား (၂)ယောက်ကား...
“ဇွဲ မင်းမလစ်ချင်ဘူးလား”
“ဟာဟေ့ကောင့် မလစ်နဲ့ဦး ခဏနေ ငါတို့ လေ့ကျင့်ခန်းတွေ ပေးခံရဦးမယ်”
“ဘာလဲ မင်းက ကြောက်လို့လား၊ လာစမ်းပါ ဘယ်သူ့မ မတွေ့ဘူး”
“ငဖြိုး မင်း မဟုတ်တဲ့ နေရာမှာ သတ္တိမရှိချင် စမ်းပါနဲ့ကွာ”
“အခုက ဘယ်သူလာမှာလည်း ဒီလောက်တောင် စောင့်နေရတာကွာ ငါညောင်းလှပြီ”
“မသိဘူးကွာ.. ဗိုလ်ချူပ်မောင်ဗိုလ်လို့တော့ ပြောတာပဲ”
“ဟေ့ကောင် ရှုးတိုးတိုး ဟိုမှာ ဆရာကျောင်းလာပြီ”
မှန်သည် ထိုကျောင်းသားနှစ်ဦး စကားပြောနေရာ နေရာတည့်တည့်သို့ မျက်မှန်ခတ်ထူထူကြီးကို တပ်ဆင်ထားသော ကျောင်းဆရာတယောက် လာနေသည်။ စကားပြောနေသော ကျောင်းသားနှစ်ဦးကား ဇွဲအမည်ရှိသော ကျောင်းသားကား ဇွဲရန်နိုင်ဖြစ်ပြီး၊ ငဖြိုးခေါ် ကျောင်းသားကား ဝေဖြိုးပင်ဖြစ်ပါသည်။ သူတို့နှစ်ယောက်ကား တတွဲတွဲပင်ဖြစ်သည်။ တယောက်နှင့် စကြပြောင်ကြသော်လည်း စိတ်မဆိုးကျ။ သူငယ်ချင်းတွေဖြစ်ကြသည်။ တယောက်ကိုထိရင် တယောက်က ငြိမ်ငြိမ်မနေ။ ၀ိုင်းကူသည်။ ၀င်ကျဲသည်။
ဝေဖြိုးဟူသော သူငယ်လေးမှာ သူသိသလောက် ကြယ်နီအသိုင်းအ၀ိုင်းမှ ဖြစ်သည်။ ကြယ်နီဆိုသည်မှာ မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးယူသော အဖွဲ့အစည်းများပင် ဖြစ်ပါသည်။ ဝေဖြိုးသည် ဤကျောင်းတွင် နာမည်ကြီးသည်။ စာတော်သည့်နေရာမဟုတ်။ ဆိုးတဲ့နေရာတွင်ဖြစ်သည်။ သို့သော် သူကငယ်တဲ့သူကို အနိုင်မကျင့်တတ်။ ခွေးအုပ်တစ်အုပ်က ခွေးတကောင်ကို လိုက်ကိုက်နေသည်ဆိုရင် အကိုက်ခံရသော ခွေးဘက်မှ ၀ိုင်းကူတတ်သော စေတနာသူ့မှာရှိသည်။ ထိုနည်းတူစွာ ကျောင်းသားတစ်ယောက်ကို အခြားကျောင်းသား နှစ်ယောက်သုံးယောက်က ဖြစ်စေ ၀ိုင်းရန်စလျှင် ကျောင်းသားတစ်ယောက်ဘက်မှ သူအမြဲပါသည်။ ဒီကောင်ပါလာလျှင် မည်သူမျှ ရန်မစရဲတော့။ ဇွဲရန်နိုင်ဟုခေါ်သော သူနှင့်ပင်လျှင် ဒီကောင်က ရန်ဖြစ်ရင်းနဲ့ပင် ခင်မင်ကြသည် မဟုတ်ပါလား။
ဒီကောင်နှင့်စတွေ့သည့် နေ့ကား စနေနေ့ အချိန်အခါ မနက်ခင်းလေးမှာပင် ဖြစ်ပါသည်။ မနက်(၇)နာရီတွင် စက်ဘီးတစ်စီးလေးနှင့် သူစီးထွက်လာခဲ့စဉ်က တောင်ကြီးလမ်းမကြီး တနေရာအရောက်တွင် သူနှင့်အသက် မသိမ်းမယိမ်း လူငယ် (၃)ဦးက ရှေ့တည့်တည့်မှ ဖြတ်ရှောက်လာကာ
“ဟေ့ကောင် ငဇွဲ ခဏနေဦးကွာ”ဟု ပါးစပ်မှလည်းပြော လက်ကလည်း သူ့ရဲ့စက်ဘီးလက်ကိုင်ကို ဆွဲကိုင်ထားလိုက်ကြသည်။
“ဘာလုပ်မလို့လဲကွ ငါသွားစရာရှိတယ်”ဟု သူအေးဆေးစွာပင် ပြန်ပြောလိုက်သည်။ အေးအေးဆေးဆေး ပြောမှ ဖြစ်မည်။ ဒီကောင်တွေက တွေ့သမျှလူတွေကို လိုက်ရန်စသည်။ သူ့ကို စပြီးစကားစပြောတဲ့ကောင်က အရပ်က ခတ်ပုပု၊ အသားကမည်းမည်း၊ နာမည်ကား မောင်ပုတဲ့။ နာမည်နှင့်လိုက်ပါပေသည်။ ပုပေမဲ့ ဒီကောင်က အဖွဲ့ခေါင်းဆောင်လို့ ပြောလို့ရသည်။ ကျန်တဲ့နှစ်ကောင်က မောင်အေးနှင့် မောင်ကျော်။ မောင်ပုရဲ့ နောက်လိုက်တပည့်တွေပင်။ မောင်ပုဆိုသူကား ဖခင်အားကိုးပြီး ထင်ရာကြဲနေတဲ့ကောင်။ သူ့ဖခင်ဆိုသူ ဦးကျော်မြင့်ဆိုသူကား ကြံ့ခိုင်ရေးဖွံဖြိုးရေးတွင် အတွင်းရေးမှူးဟု ဆိုသည်။
“ဟေ့ကောင် မင်းကို ကိုပုက မသွားနဲ့ဆို မသွားနဲ့ပေါ့ကွ” ဟု မောင်အေးဆိုသူက ပြောလာလေရာ.... သူစိတ်မရှည်တော့.. ၊ ဒါပေမဲ့ သီးတော့သီးခံရမယ်... ဒီကောင်တွေက သုံးယောက်..၊ ဒီကောင်တွေက လက်သံပြောင်တယ်..၊ တကယ်လုပ်မယ့်ကောင်တွေ...၊ အလားကားနေရင်း ကျောင်းတော့ မပျက်နိုင်ဘူး..၊ ဒါပေမဲ့ ဒီထက်ဆိုးလာရင်တော့....
“မင်းတို့က ဘာလုပ်မလို့လဲကွ”ဟု သူပြန်မေးလိုက်သည်။
“မင်းကိုခိုင်းမလို့”
“ဘာခိုင်းမလို့လဲ”
“ဒီနေ့ငါတို့ ကျောင်းကို လုပ်အားပေးမသွား ချင်ဘူးကွာ”
“မသွားချင်တော့ ငါက ဘာလုပ်ပေးရမလဲ”
“မင်းက ဆရာမကို ခွင့်တိုင်ပေး” ဒါတော့မဖြစ်နိုင်.. ခွင့်တိုင်ပေးလိုက်ရင် နေမကောင်းဘူးလို့ပဲ ခွင့်တိုင်မှရမည်..၊ အခုဒီကောင်တွေက ဘာမှမဖြစ်..၊ ဒီကောင်တွေ တခုခုလုပ်ရင် သူ့ခေါင်းပေါ် ဆွဲချခံရမည်ကား အရှုပ်ထုတ်၊
“မင်းအဖေနဲ့ တိုင်ခိုင်းပေါ့ကွ မင်းအဖေနဲ့ တိုင်ခိုင်းနေကြပဲ”
“ငါက ငါ့အဖေကို အားမကိုးချင်လို့ပေါ့ကွာ”
“ဒါဆိုလဲမင်းကိုယ့်ကို သွားတိုင်ပေါ့ကွ” ဟုပြောလိုက်သည်။ ဒီကောင်တွေ တမင်ညစ်နေမှန်း သူသိသည်။
“ငါကလည်း ဒီလိုမဖြစ်စလောက် အလုပ်ကို အစွမ်းမထုတ်ချင်ဘူးးကွာ”
“ဟာ ဒါတော့မင်းညစ်တာပဲကွ..”
“ကဲကွာ... မင်းသွားတိုင်မလား မတိုင်ဘူးလား”
“မတိုင်ဘူးကွာ” ခတ်ပြတ်ပြတ်သာ ပြောလိုက်လေသည်။
ထိုအခါ မောင်ပုဆိုသူကား “ဟေ့ကောင်တွေ ဒီကောင်က ငါခိုင်းတာကို ငြင်းနေတော့ ပညာလေး ဘာလေးပေးလိုက်ပါဦးကွာ” သူထင်တားတဲ့ အတိုင်းပင်၊ ဒီကောင်တွေ လုပ်ချင်တာ လုပ်လို့မရရင် လူအင်အားနဲ့ သုံးလာတော့မည်.။။ ထိုအချိန်ကား မောင်အေးဆိုသူနှင့် မောင်ကျော်ဆိုသူကား သူ့ကို တစ်ယောက် တစ်ဖက်မှ ၀ိုင်းလာကာ မောင်အေးဆိုသူက ညာဖက်လက်သီးနဲ့ သူ့ရဲ့မျက်နှာအား တအားထိုးချလိုက်သည်။ သူက သတိနှင့်နေသည့်သူမို့ ထိတော့မထိ။ ထိလိုက်ရင်တော့ မတွေးဝင့်စရာ။ သူစက်ဘီးပေါ်မှ ကမန်းကတန်း ဆင်းလိုက်သည်။ ဒီတိုင်းတော့ သူ့မှာမခံနိုင်။ ပြန်ချလျှင် ပြန်ချရမည်။ သူစက်ဘီးပေါ်က မဆင်းခင်ကတည်းက ထိုးဖို့စောင့်နေသူကား မောင်ကျော်။ သို့သော် မောင်ကျော်ဆိုသူ၏ ကိုယ်လုံးက ၀လွန်းနေ၍ အလှုပ်အရှားနှေးသည်။ ထို့ကြောင့် သူ့မှာသက်သာသည်ဟု ဆိုရမည်။ မောင်ကျော်၏ မျက်နှာတည့်တည့်အား သူကညာဘက်လက်သီးနှင့် ကျွေးလိုက်သည်။ ဟိုကောင် မျက်နှာပိတ်ပြီး ထိုင်ချရလောက်အောင် ဖြစ်သွားသည်။ မောင်အေးကား သူ့လူထိသွား၍ ကမန်းကတန်း ၀င်လာသည်။ မောင်အေးကား ဒီလိုပွဲမျိုး တွေ့နေကျမို့လို့ ထင်တယ်။ သွက်သည်။ သူ့ရဲ့ ပါးတဖက်က မောင်အေးရဲ့ လက်သီးတလုံးကို ထိထိမိမိကို စားလိုက်ရသည်။ သူလဲကျသွားသည်။ ထိုအခါ သူတို့ရဲ့ ခေါင်းဆောင် မောင်ပုဆိုသူကား သူလဲနေသည်ကို တွေ့ရာ ကမန်းကတန်း ပြေးဝင်လာကာ ခြေထောက်နှင့် နှစ်ချက်ဆင့်ကန်တာကို ခံလိုက်ရသည်။ မောင်အေးလည်း သူ့ဆရာနည်းတူ ကန်ဖို့ ပြင်လိုက်ရာ...
“ဟေ့ကောင်တွေ ရပ်လိုက်စမ်း”ဟူသော ခတ်ကျယ်ကျယ် အသံတခုကား သူ့ကို အားပေးလိုက်သလိုပင်။ မောင်အေးနှင့်မောင်ပု ဆရာတပည့်နှစ်ယောက် ဖြတ်ကနဲ လှည့်ကြည့်လိုက်သည်။ တပြိုက်နက်ထဲမှာပင် တုတ်တချောင်းကိုင်လာသော လူငယ်တစ်ယောက်ကို သူတို့တွေ့လိုက်၍ နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်သည်။ ပြေးလာသူကား အခြားသူမဟုတ်။ ဝေဖြိုးဟုခေါ်သော လူငယ်တစ်ယောက်ပင် ဖြစ်ပါသည်။
“မင်းတို့က တအုပ်နဲ့ တယောက်ကို ၀ိုင်းအနိုင်ကျင့်နေတာပေါ့” ထိုအခါ မောင်ပုဆိုသူကား
“ဒါမင်းနဲ့ မဆိုင်ဘူးလေကွာ ဝေဖြိုး”
“ဟေ့ကောင် ငပု ငါ့ရှေ့မှာ မင်းတို့က ဘယ်သူ့ကိုမဆို ၀ိုင်းအနိုင်ကျင့်တာကို တွေ့ရင်တော့ ငါ့နဲ့ အကုန်ဆိုင်တယ်ကွ..၊ မင်းတို့ ဒီဝါးရင်းတုတ်စာမိပြီး ဆေးရုံပေါ်မှာ တပါတ်လောက် မအိပ်ချင်ရင်တော့ ငါ့ရှေ့က အမြန်ဆုံး ထွက်သွားရင် ကောင်းလိမ့်မယ်” ဟုဝေဖြိုးက ခတ်ပြက်ပြက် ပြောလိုက်လေရာ မောင်အေးဆိုသူကား
“လာ ကိုပု လစ်မယ်.၊ ဒီကောင်က တကယ်သွယ်မယ့်ကောင်”ဟု မောင်ပုလက်ကို ဆွဲကာ ထွက်သွားဖို့ပြင်နေစဉ်
“ဟေ့ကောင်တွေ မင်းတို့ ဘော်ဒါ ငကျော်ကို ငါ့ဝါးရင်းတုတ်မြည်းခိုင်းဖို့ ထားခဲ့တာလား တခါတည်းခေါ်သွား၊ ဒီနေ့ငါလူ သိပ်မရိုက်ချင်သေးဘူး”ဟု ဝေဖြိုးက ပြောလိုက်ခြင်းကြောင့် မောင်အေးက ငကျော်ကို ပြေးထူကာ ခေါ်သွားလေးသည်။ ငကျော်ဆိုသူအား သူက လက်သီးတလုံးကျွေးထား၍ မထနိုင်မထိုင်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
“မင်းဘာဖြစ်သွားသေးလည်း”ဟု ဝေဖြိုးက သူ့ကို ဆွဲထူကာမေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး တချက်တော့ ကောင်းကောင်းကြီးထိသွားတယ်ကွ..၊ ကျေးဇူးပဲကွာ..၊ ဒါနဲ့ မင်းရဲ့ နာမည်က ဝေဖြိုးလား”
“အေးဟုတ်တယ်..၊ ငါ့နမည်ဝေဖြိုး၊ မင်းနမည်ကကော”
“ငါ့နည်မည်က ဇွဲရန်နိုင်..၊ သူငယ်ချင်းတွေကတော့ ငါ့ကို ဇွဲလို့ခေါ်တယ်”
“ဒီကောင်တွေက ဒီလိုပဲကွ..၊ သူများကို အနိုင်ကျင့်တာ ငါလုံးဝမကြိုက်ဘူး”
“ဘယ်လိုဘဲဖြစ်ဖြစ် ငါကတော့ မင်းကိုအရမ်းကျေးဇူး တင်တယ်ကွာ”
“ဒီလောက်လဲမဟုတ်ပါဘူးကွာ”
“ဒါနဲ့ မင်းက ဘယ်လမ်းမှာနေတာလည်းကွ”
“ငါက ဘုရင့်နောင်လမ်းမှာနေတာ၊ မင်းကော”
“ငါက ကျန်စစ်မင်းလမ်းမှာနေတာ” ဟု သူတို့နှစ်ယောက် အပြန်အလှန်မိတ်ဆက်ကြရင်း သူကစက်ဘီးကို ဆွဲကာ နှစ်ယောက်စလုံး လမ်းလျှောက်ထွက်လာကာ ကျောင်းသားတွေထိုင်နေကြ ကြံရည်ရောင်းတဲ့ဆိုင်တွင် ထိုင်ကာ...
“ဟာ ဇွဲ မင်းကို ဘယ်ကောင်သွယ်လိုက်တာလဲ” ဟုကြံရည်ဖျော်နေသူ သူ့ရဲ့သူငယ်ချင်း လင်းနိုင်ကာ မေးလာလေသည်။ တွေ့တဲ့လူတိုင်း ဒီလိုမေးမည်ဟု သူကိုယ်တိုင်က မျော်လင့်ထားသည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် သူ့အား မောင်ပုဖြစ်သူရဲ့ တပည့် မောင်အေးက လက်စွမ်းပြသွားခဲ့သည် မဟုတ်ပါလား။
“အေးကွာ.. မောင်ပုတို့အဖွဲ့ ငါ့ကို ရန်ရှာသွားတာ..၊ ဒီကဘော်ဒါဝင်ကယ်ပေလို့သာပေါ့”
“ဟာ ငဖြိုး... ”ဟု လင်းနိုင်ရဲ့ ပါးစပ်မှ နာမည်တခုကို အော်ခေါ်လိုက်ရာ
“ဟာ ငနိုင် မင်းဒီရောက်နေတယ် ဟုတ်လား”ဟု ဖြိုးဝေက ပြောလိုက်လေသည်။ အော.. သူတို့နှစ်ယောက်က သိနေကြတဲ့သူတွေကိုး။
“မင်းကံကောင်းတယ် ဇွဲ... ငဖြိုးနဲ့ တွေ့လို့ပေါ့ကွာ.. သို့မဟုတ်ရင်တော့ မင်းပါးနှစ်ဖက်စလုံး ရောင်ပြီသာမှတ်”
ပြီးတော့ လင်းနိုင်ကပဲ
“ဒီကောင်က ဒီနယ်တ၀ိုက်မှာ ကျွမ်းပြီးသားကွ..၊ မင်းက ဒီမှာနေတာ ကြာတာ ဘာမှမသိသေးဘူး”
“မင်းက သိလှချည်လားကွ”
“သိတာပေါ့ကွာ မင်းလိုအခန်းထဲမှာပဲ ပုန်းပြီးမှမနေတာ စနေနေ့မှ အပြင်ထွက်တဲ့ကောင် မဟုတ်ဘူးကွ”
“မင်းကလည်း ငါ့ကိုတွေ့ရင် ဖဲ့ဖို့ပဲစဉ်းစားနေတယ်”ဟု လင်းနိုင်အား သူပြန်ပြောလိုက်သည်။
“မင်းတို့ ကြံရည်သောက်မလား”
“အေးကွာ.. (၂)ခွက်ချကွာ... မင်းပါထိုင်မယ်ဆိုရင် သုံးခွက်ပေါ့”ဟု လင်းနိုင်အမေးကို သူပြန်ဖြေလိုက်သည်။ သူတို့သုံးဦးကြံရည်ကို တယောက်တခွက်စီသောက်ကာ လမ်းခွဲလိုက်ကြသည်။...
ဒုတိယပိုင်းကိုဆက်လျှက် ရှုစားပါရန်..
ရှမ်းကလေး

သတင်း

မိတ်ဆွေများခင်ဗျား ကျွန်တော်က အစက တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ကို ဦးစွာရေးဖို့စဉ်းစား ထားသော်လည်း ဒိုင်ယာရီထဲက အတိတ်ကအကြောင်းဟူသော ၀တ္တုလေးအား ဦးစွာရေးဖို့ ကျွန်တော့်ရဲ့စိတ်က တိုင်းတွန်းလိုက် သောကြောင့် ၀တ္ထုလေးအား ဦးစွာရေးလိုက်ပါကြောင်း သတင်းပါးအပ်ပါသည်ခင်ဗျား...

ချစ်ခင်လေးစားလျှက်
ရှမ်းကလေး