Friday, February 8, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၆)

တိတ်ဆိတ်ည မိုးကောင်းကင်အောက်မှာ ကြယ်တွေလတွေ စုံညီစွာ ပွင့်ဖူးဝေဆာလို့ ဟော..လူ့ပြည်ကို လှမ်းကြည့်လိုက်တော့ အချစ်ကံမပါ ကိုကံသာရယ်၊ အမုန်းတွေ စစ်စစ်နဲ့ ကိုချစ်ချင်း အဲ့ဟုတ်ပါဝူး ကိုချင်းနဲ့ နှလုံးသား နုနုထွတ်ထွတ်လေး ကျွန်တော်မောင်ရှမ်းကလေး တို့တတွေဟာလည်း လဟာပြင် ဇာတ်စင်ပေါ်သို့ အပြေးကလေးသား နေရာယူကာ ...

ကိုကံသာ။ ။ တစ်နှစ်မှာ တခါ

ပွင့်ဖူးဝေဆာ

ပိတောက်ပန်းရယ်လို့

ဘ၀မှာတခါ

ချစ်ပန်းဆင်ခဲ့တဲ့

ကျွန်တော့် နှလုံးသားရယ်လို့

ကိုချင်း ။ အော.. သူက နှလုံးရောဂါနဲ့ ဆုံးသွားတာလား..

ကိုကံသာ။ ။ အေး.. ကျောက်ကပ်နဲ့ပါ ရောဂါတွေပြန့်ပြီးတော့.. ဟာဟေ့ကောင် ဘာနှလုံးရောဂါလည်း နင့်မေဂျီးတော် နှလုံးရောဂါလား

ကိုချင်း ။ ဟာအကိုကလည်း သူများ နောက်လို့ချစ်တာကို

ရှမ်းကလေး။ ။ ချစ်လို့နောက်တာဟဲ့.. စကားကိုပြောင်းတိပြောင်းပြန် ပြောတယ်

ကိုချင်း ။ အော.. မှားသွားလို့ ချစ်လို့နောက်တာကို မဆူရဘူးလေ

ရှမ်းကလေး။ ။ ကဲ... ကဲကဲ အကိုတို့ရေ

ကိုကံသာ။ ။ နားဆင်လျက်ပါ ခင်ဗျား

ရှမ်းကလေး။ ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်တဲ့ ရှေးစကားပုံက မှန်လိုက်လေခြင်း ပါပဲခင်ဗျား

ကိုကံသာ။ ။ ဟုတ်ပါတယ် မောင်ရှမ်းရေ

ကိုချင်း ။ ဟာ.. မောင်ရှမ်းမင်းကလည်း ဒီလေးတော့ ငါမသိဘူး အားချိန်က ငါ့ကိုစောင့်ပါတယ်ကွ

ရှမ်းကလေး။ ။ ခင်ဗျားက ဘယ်အချိန်ကို ပြောတာလည်းဗျ

ကိုချင်း ။ ငါ့သူငယ်ချင်း အားချိန်တို့ အားပေါင်တို့ တရုတ်လူမျိုးတွေလေ

ကိုကံသာ။ ။ နင့်မေဂျီးတော် ပြောလိုက်ရင် စောက်တလွဲတွေပဲ၊ ဘယ်တော့မှ မှန်တယ်လို့ကို မရှိဘူး၊ ငါတို့ပြောတာ နင့်အမေလင် နအဖစစ်အစိုးရတွေ ကိုးကွယ်နေတဲ့ တရုတ်အမျိုးတွေ မဟုတ်ဘူးကွ

ကိုချင်း ။ ဟာ.. အကိုတို့ကလည်း ကျွန်တော့်အမေလင် ဗိုလ်ချူပ်ကြီးတွေက နတ်ရုပ်တရုပ်ထဲ ကိုးကွယ်နေတာ မဟုတ်ဘူးဗျ

ရှမ်းကလေး။ ။ ဘယ်နှစ်ရုပ်ကိုးကွယ်လို့လဲ

ကိုချင်း ။ ဒေါ်ကြိုင်ကြိုင် ရုပ်တွေကိုလည်း ဘုရားစင်ပေါ် တင်ပြီး ကိုးကွယ်တယ်ဆိုပဲ

ကိုကံသာ။ ။ ပြောလေ လွဲလေပါလား ဒီကောင်၊ တရုတ်ဆိုတာ ချိုန်းနားကိုပြောတာကွ

ကိုချင်း ။ ဟား ခင်ဗျားချိုင်းကြီး မနမ်းချင်ပါဘူးဗျာ အဲ့လောက်နံတာ၊ ခဏနေတက်လာမဲ့ မင်းသမီး ချိုင်းဆိုမဆိုးပါဘူး

ကိုချင်း စကားပြောပြီး ဆုံးပြီးသွားသော အခါ ကိုချင်းခေါင်းပေါ်သို့ ရှမ်းကလေးက လာပြီး လင်ဗန်းနှင့်ချ

ဂွမ်းဂွမ်းဂွမ်း

ရှမ်ကလေး။ ။ ခင်ဗျားကတော့လေ ပြောလေဝေးလေပဲ၊ ချိုင်းနားဆိုတာ ခင်ဗျားပြောတဲ့ ဟောဒီချိုင်းမဟုတ်ဘူးဗျ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ပြောတာနားလည်လား

ကိုချင်း ။ ရှမ်းကလေး မင်းငါ့ကို ချိုင်းမပြပဲ ပြောလို့လဲ ရပါတယ်ကွာ၊ အခုမှ ခေါင်းမူးတော့တယ်

ကိုကံသာ။ ။ ကဲ ညီလေးတို့ရေ

ရှမ်းကလေး။ ။ ပြောပါအကို အကို့စကားကို နေကွယ်မကျ နားထောင်ပါ့မယ်ဗျာ

ကိုကံသာ။ ။ ဘာလည်းကွ နေကွယ်မကျ ငါတစ်ခါမှမကြားဖူးဘူး မြေ၀ယ်မကျနားထောင်မယ် ပြောစမ်းပါ

ကိုချင်း ။ ဒါကြောင့် အကိုတို့လို့ အသက်ကြီးတဲ့ လူတွေ နည်းပညာ မလေ့လာတာပြောတာပေါ့

ရှမ်းကလေး။ ။ ဟုတ်တယ် ပြောလိုက်စမ်း ကိုချင်း

ကိုချင်း ။ ဒါနဲ့ ရှမ်းကလေး မင်းပြောတဲ့ အဓိပ္ပယ်လေးကို ရှင်းစမ်းပါဦး

ရှမ်းကလေး။ ။ အော မြေ၀ယ်မကျဆိုတာ ကိုကံသာ ပြောတဲ့စကားကို မြေကြီးပေါ်မကျခင် ကျွန်တော်က နားထောင်ပါ့မယ်လို့ ပြောတာ၊

ကိုချင်း ။ အဲ့ဒါငါသိတယ် ငါပြောတယ် နေကွယ်မကျ

ရှမ်းကလေး။ ။ အော.. နေကွယ်မကျဆိုတာက ကိုကံသာနေကွယ်လို့ မသေခင် ကိုကံသာ့စကားကို နားထောင်ပါ့မယ်လို့ ပြောတာပါဗျာ.

ကိုချင်း ။ ဒီတခေါက် အငြိမ့်စင်ပေါ် တက်ရတာ ကျွန်တော် အပျော်ဆုံးပဲဗျာ

ကိုကံသာ။ ။ မင်းဂျီးတော်က ဒီနေ့မှ အငြိမ့်လာကြည့်လို့လား

ကိုချင်း ။ ခင်ဗျားကလည်း လျှောက်ပြောတော့မယ် အခုကျွန်တော်တို့မှာ အငြိမ့်မင်းသမီး ရှိပြီလေဗျာ

ကိုကံသာ။ ။ ဟာ.. ဟုတ်တယ်ကွ ငါ့မေ့တော့မလို့ ကဲမောင်ရှမ်းကလေးရေ မင်းသမီးလေး ချောလေးကို ခေါ်တော်မူလိုက် ပါဦးကွ

ရှမ်းကလေး။ ။ ဟာအကိုကလည်းဗျာ

ကိုချင်း ။ ဘာလဲမင်းမခေါ်ဘူးလား

ရှမ်းကလေး။ ။ ဟာမဟုတ်တာ ခေါ်မှာပေါ့ ခေါ်မယ်ခေါ်မယ် ကဲလာပြီ

“အသားလေးက ရွေလိုချောအိ

အသံကလေးက ချိုသာပါဘိ

ရုပ်ကလေးက ရတနာရယ်လို့

ဟော ညီမလေး ချောရတနာရေ

တိုင်းရင်းသား အငြိမ့်သဘင်လေး

လိုက်ဖက်စုံညီသွားအောင်

ပရိတ်သတ်ရှေ့သို့

ကိုယ်ရောင်ပြစေသတည်း”

မခို့တရို့လေး လှမ်းထွက်လာသော မင်းသမီးချောလေး ရပ်ဖို့နေရာအတွက် ကိုကံသာ၊ ကိုချင်း၊ ကျွန်တော် မောင်ရှမ်းကလေး နေရာကို လုပြီးပေးကြ။

မင်းသမီး။ ။ အသက်ကြီးဆုံးက ကိုကံသာလားဟင်

ကိုကံသာ။ ။ အပြောကြွယ်လှတဲ့ ချောရတနာ၊ ဒီမှာကိုယ်ပြောပြမယ်၊ လူတကာကို ရီစရာပြောတာ ကံသာပါ၊

ကံသာအသံမမာရင် ဘယ်ရမတုန်း၊ ဒါပေမဲ့ မင်းရဲ့အလှတရားက ငါ့ရဲ့ဘ၀တပါးကို ဖမ်းစားခဲ့တယ်၊

ဒါကြောင့် မင်းကိုကိုယ်ချစ်တယ်၊

ကိုချင်း ။ ဟား... ကိုကံသာတို့က မိတယ်ဗျာ.. ဖိနပ်ခိုးမှုနဲ့

ကိုကံသာ။ ။ အေးကွာ.. ဖိနပ်ခိုးတာ တစ်ခါမှမမိဖူးဘူး ဒီတစ်ခါမှ မိတာ၊ ဟာဒီကောင် ဘာတွေလျှောက်ပြော နေတာလဲ နင့်အဘဖိနပ်ခိုးမှုလား

ကိုချင်း ။ ဒါကြောင့် ကျွန်တော့် အဘရဲ့ ဖိနပ်တစ်ဖက် ပျောက်နေတာ

မင်းသမီး ။ ဒီဖက်က ကိုရှမ်းကလေးလားရှင့်

ရှမ်းကလေး။ ။ သြော ရတနာ၊ ရတနာ၊ ကိုယ်မင်းကို ချစ်လွန်းလို့ ရတနာလို့ပဲ ခေါ်လိုက်မယ်နော်၊ မင်းနဲ့ကိုယ် မယ်ဟောင်ဆောင်မှာ မင်္ဂလာဆောင်မယ်ဆိုပြီး ဘန်ကောက်မှာ မင်းက ပုဂံကောက်ခဲ့တယ်၊ နားဆွယ်မှာ ကိုယ်အလွမ်းသယ်ပြီး၊ ချိန်းမိုင်က ဂိမ်းဆိုင်မှာ မင်းကိုကိုယ် လိုက်ရှာခဲ့သေးတယ်၊ မယ်စရိန်းမှာ ထပ်ချိန်းပြီး၊ မယ်ဆောက်မှာ မင်းနဲ့အတူ ခဲတွေကောက်ခဲ့ သေးတယ်၊ လူစုံအောင် ဆိုပြီး ဒဂုံမှာ မင်းငါ့ကို၊ မင်းငါ့ကို...

ကိုချင်း ။ ဒဂုံမှာ ဘာဖြစ်တာတုံး

ရှမ်းကလေး။ ။ လူရိုက်ပွဲ

ကိုချင်း ။ အေး တစ်ခါထဲအေးရော

ကိုကံသာ။ ။ မင်းချိန်းမိုင်က ဂိမ်းဆိုင်မှာ သူ့ကို တွေ့ခဲ့သေးလား

ရှမ်းကလေး။ ။ အခုမှတွေ့တာ

ကိုချင်း ။ ဟဲဟဲ.. ဟိဟိ

ကိုကံသာ။ ။ ဘယ်လိုဖြစ်နေတာလဲ နင့်ကို ခေါ်သေးလို့လားတဲ့

ကိုချင်း ။ သားသားကလေ မခေါ်ခင်ကတည်းက ထူးချင်နေတာ

မင်းသမီး ။ ဒါဆို ခေါ်တော့ဘူး

ကိုချင်း ။ ခေါ်ပါဆို

မင်းသမီး ။ ကိုချင်းရေ

ကိုချင်း ။ ဘာရတနာ၊ မင်းက ကိုယ့်ကို ချစ်တယ်လို့ ပြောလာတယ်ဆိုတော့ မချစ်ပြန်ရင်လည်း ကိုချင်းတို့ စိမ်းကား ကျလွန်းမနေဘူးလားလို့ တွေးမိတော့ အားနာနာနဲ့ ပြန်ချစ်လိုက်မယ်ကွာ..

ရှမ်းကလေး။ ။ ခင်ဗျားကို ဘယ်သူမှ ချစ်တယ်လို့ မပြောသေးဘူး

မင်းသမီး ။ အကိုတို့ရေ

ကိုချင်း ။ ပြောညီမလေး ရတနာရေ

မင်းသမီး ။ သမီးကလေ အငြိမ့်ကို ဟိုလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စိတ်ဝင်စားခဲ့တာ

ကိုကံသာ။ ။ အော သမီးက ဆိတ်ပဲဝင်စားတာလား၊ နွားကောမပါဘူးလား

ကိုချင်းနှင့်ရှမ်းကလေး ကိုကံသာ ခေါင်းအား လင်ဗန်းနဲ့ပြေးထု။

ရှမ်းကလေး။ ။ ပြောပါဦး ညီမလေးရေ

မင်းသမီး ။ ဒါကြောင့် သမီးက အကိုတို့ဆီမှာ လာပြီးကရတာပေါ့၊ ပြီးတော့ ပထမဆုံးကရတာဆိုတော့ သမီးက သီချင်းလေးနဲ့ ကပြဖျော်ဖြေပါ့မယ် ဦးဦးတို့ရေ

ရှမ်းကလေး။ ။ ကဲ.. မင်းသမီးရဲ့ ချိုသာတဲ့ သံစဉ်လေးကို ပရိပ်သတ်ရှေ့တို့ ဖော်ထုပ်ပေးလိုက် ရအောင်လား..

ကိုချင်း ။ ဒီမယ်ရတနာ

ကိုချင်းက ဒွေးလေသံနှင့် ခါးလေးထောက်ကာ မင်းသမီးထံတို့ တချက်ကြည့်ပြီး ခေါ်လိုက်သည်။

မင်းသမီး ။ ရှင်.. ဦးချင်း

ကိုချင်း ။ မင်းကိုယ့်ကိုယ်ကို သမီးလို့မပြောပါနဲ့ ကိုယ်နဲ့မင်းလက်ထက်လို့ လူတွေက မေးရင် ဘယ်လိုလုပ်မလဲ၊

ကိုကံသာ။ ။ ဒီရုပ်ကြီးက..

ရှမ်းကလေး။ ။ ဟာ ငါတို့အကိုရုပ်က နုသေးပါတယ်

ကိုချင်း ။ ပြောလိုက်စမ်းညီလေး

ရှမ်းကလေး။ ။ မင်းသမီး နောက်ကျရင် လုံးဝ ဦးလို့မခေါ်နဲ့ကြားလား အဖိုးလို့ခေါ်

ကိုချင်း ။ အေး မြေးလေးရတနာ နင့်အဖွားကောနေကောင်းလား၊ ဟာဟုတ်ပါဘူး ငါအဲ့လောက်ထ မအိုသေးပါဘူးကွ

ကိုကံသာ။ ။ ကဲညီလေးတို့ရေ ကိုယ်တို့အလှည့်ကတော့ ပြီးနေပါပြီ မင်းသမီးရဲ့ အလှဟန်လေးကို အကဟန်လေးနဲ့ ပေါင်းစပ်ကာ မင်းသမီးချောရတနာလေးရဲ့ လှပါတယ်ဆိုတဲ့ အကလေးကို ဝေငှပေးလိုက် ပါရစေလား

ရှမ်းကလေး။ ။ ကဲသမီးရေ၊ အဲ့ဟုတ်ပါဝူး ညီမလေးရေ ပရိပ်သတ်တို့ကို ညီမလေးရဲ့ အတတ်ပညာလေးနဲ့ ဖျော်ဖြေပေးလိုက်ပါဦးလား

ရှမ်းကလေးပြောပြီးစဉ်မှာပဲ မင်းသမီးလေးက အောက်ပါသီချင်းကို သီဆိုကာ အကများစွာနှင့် ကပြလိုက်လေသတည်း။

မှတ်ချက်။ ။သီချင်းအား တွံတေးသိန်းတန် သီဆိုထားသော သားရှင်ပြုအလှူပွဲ တီးလုံးကို ယူပြီး စပ်ဆိုထားပါသည်။

သီချင်းခေါင်းစဉ် -- ဒီမိုကရေစီရဖို့ ကြိုးစားစို့

ပထမအပိုက်။ ။ မြန်မာပြည်ဒီမိုကရေစီ ရဖို့ကွယ် ငါတို့ကြိုးစားမယ်... ပြတ်သားစွာ တော်လှန်ဖို့ စစ်အစိုးရကိုဖြုတ်... အနုပညာသည်က တော်တော်ပိုင် ကလောင်လက်နက်နဲ့ တိုက်ထုတ်မယ်. တိုင်းပြည်ချစ်စိတ်ကို ငါတို့မွေးလို့ ငြိမ်းချမ်းရေးနဲ့ တိုက်ခိုက်စို့..

ဒုတိယအပိုက်။ ။ မြန်မာပြည်ဒီမိုကရေစီ ရဖို့ကွယ် ငါတို့ကြိုးစားမယ်... ပြတ်သားစွာ တော်လှန်ဖို့ စစ်အစိုးရကိုဖြုတ်... အနုပညာသည်က တော်တော်ပိုင် ကလောင်လက်နက်နဲ့ တိုက်ထုတ်မယ်. တိုင်းပြည်ချစ်စိတ်ကို ငါတို့မွေးလို့ ငြိမ်းချမ်းရေးနဲ့ တိုက်ခိုက်စို့..

တတိယအပိုက်။ ။ ဒီမိုကရေစီရရင်ပဲကွယ်.. တိုင်းရင်းသားတွေစည်းလုံးဖို့ တို့တတွေ တိုက်တွန်းစို့.. လူအများနဲ့ပေါ့ကွယ်.. ကြင်နာရိုင်းပင်း ၀ိုင်းဝန်းလုပ်ဆောင် တို့များတိုင်းရင်းသား စုပေါင်းကြမယ် ဒါမှမြန်မာ့ဇာတိသွေး မြန်မာ့အားမာန်ပေါ့ကွယ်.. မင်္ဂလာရှိတဲ့တိုင်းပြည်ကြီးက တူညီစွာရယ် ဟောတူညီစွာရယ် ကမ္ဘာ့အလယ်တွင် လွန်တင့်တယ် ဂုဏ်သရေရှိလှတယ် ပြန်ရချိန်မို့ ပြန်ရတယ်... သွေးစည်းညီညွတ်လို့ ပြန်ရတယ်.. နိုင်ငံတော်အလံတလူလူလွင့်. ကျွန်တော်တို့မြန်မာနိုင်ငံအောင်ပွဲမှာ သံဃာတော်တွေကို သင်္ဃန်းကပ်လို့ကွယ် အလှူတွေလုပ်ကြမယ် တိုင်းရင်းသားတွေအကုန်လုံး စည်းလုံးညီညွတ်လို့မဆုံး.. အာဏာသိမ်းပိုက်ထားတဲ့ ငနဲတွေ တို့ပြည်က ဖယ်ထုတ်လေ.. ဥပဒေပေါ်မှာ ဘယ်သူ့မှမရှိဖို့ ငါတို့ကိုယ်တိုင် ကြိုးစားစို့....

သီချင်းလဲဆုံးရော မင်းသမီးလည်း ပိတ်ကားနောက်သို့ ထွက်ခွာသွားလေသတည်း။

ကိုကံသာ။ ။ လာလာလာ.. ဒီမှာလာကြ တအုပ်မှ (၁၀၀၀၀) အဲ့ဟုတ်ပါဝူး တစ်အုပ်မှ (၅၀၀)ထဲ

ရှမ်းကလေး။ ။ ဘာလုပ်နေတာလည်း

ကိုကံသာ။ ။ မဂ္ဂဇင်း ရောင်းနေတာ .. လာဝယ်ကြနော် တစ်အုပ်မှ (၅၀၀) ငှားလည်းငှားတယ်

ကိုချင်း ။ ဒါဆိုငှားမှ စပယ်ဖြူရှိလားဟေ့

ကိုကံသာ။ ။ စံပယ်ဖြူတော့ မရှိတော့ဘူး သူများငှားသွားလို့

ရှမ်းကလေး။ ။ စံပယ်ဖြူကတော့ စစ်တော့မှာ မဟုတ်ဘူး၊ သူများငှားရာ လိုက်နေရင်

ကိုချင်း ။ ဒါဆို အင်အားကောရှိလား

ကိုကံသာ ရောင်းချင်ဇောနဲ့ အေးရှိတယ်ဟ

ကိုချင်း ။ (၇)ရက်ပဲပေးစမ်းပါ

ကိုကံသာ။ ။ ဘာ.. ဘာ.. ဘာ မင်းကငါ့ကို ဘာထင်နေလဲ၊ ဟင်းဟင်း စကားကို အကောင်းပြောစမ်း

ကိုချင်း ။ (၇)ရက် သတင်းဂျာနယ်ကို ပြောတာပါဗျ

ကိုကံသာ။ ။ တော်ပြီကွာ ဘာမှလည်း မရှိဘူး၊ ဘာမှလည်း မရောင်းဘူး သွားသွား

ကိုကံသာရဲ့ မရိုမသေမောင်းထုတ်မှုကြောင့် ကျွန်တော်နဲ့ ကိုချင်းလည်း ဇာတ်စင်နောက်သို့ ကွယ်ပျောက်သွားပါ သောကြောင့် တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၆)ကို လည်းဒီမှာတွင်ပင် ရပ်နားလိုက်ပါတယ်ခင်ဗျား။

ရှမ်းကလေး

Thursday, February 7, 2008

ကိုနေဘုန်းလတ်အတွက်နှင့် ကျွန်တော့်ရင်ထဲက ခံစားချက်

ကျွန်တော်တို့ခေတ်မှာ လူ့တစ်ယောက်က ဘယ်နေ့မှာ ဘာဖြစ်မလဲ၊ ဘယ်အချိန်မှာ ဘာတွေဖြစ်မလဲဆိုတာ မှန်ကန်အောင် ဘယ်ဗေဒင်ဆရာမှ တတ်အပ်မပြောနိုင်ပါဘူး။ လူရယ်လို့ဖြစ်လာခဲ့ရင် ကိုယ်လက်ရှိဖြစ်နေတဲ့ ဘ၀ထက် ဘယ်လိုပိုပြီးတော့ ကောင်းအောင် လုပ်ဆောင်မလဲ ဆိုတာကိုပဲ စဉ်းစားတွေးကြည့်နေမယ်ဆိုတာ စာဖတ်သူတို့ ယုံပါ့မလား။ ဥပမာ- လယ်သမားလင်မယားပဲ ထားပါတော့။ လယ်သမားလင်မယား မိသားစုတစုဟာ သူမွေးလာတဲ့ သူတို့ရဲ့ သားသမီးလက်ထက်မှာ သူတို့လက်ထက်ကထက် ပိုမိုချမ်းသာအောင်၊ ပိုပြီးတော့ လူဂုဏ်မငယ်အောင် ထားချင်ကြမှာပဲ။ ဟော လယ်သမားလင်မယားရဲ့ သားသမီးလက်ထက်မှာကော သူတို့ရဲ့လက်ထက်ကထက် သူတို့ရဲ့သားသမီး လက်ထက်မှာ ပိုပြီးချမ်းသာတာကို မြင်ချင်ကြမှာပဲ။ ပြောရရင်တော့ မပြီးနိုင်တော့ဘူးထင်တယ်။ မြေးတွေ၊ တီတွေ၊ တွတ်တွေ အဆက်ဆက်ပေါ့ဗျာ။ ဒီလိုပါပဲ ကျွန်တော်တို့ ဖခင်ဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်အောင်ဆန်းကလည်း သူကိုယ်တိုင် စတင်တည်ထောင်ခဲ့သော တပ်မတော်ကြီးသည် ဘယ်သူ့လက်ထက်မှာမဆို သူ့တည်ထောင်စဉ်ကထက် ပိုမိုကောင်းမွန်စေချင်သည်မှာ စာဖတ်သူတို့အနေနှင့် ယုံကိုယုံကြည်သင့်ပါသည်။ လောကမှာ ကိုယ်ထင်ထားသလို မဖြစ်နိုင်သလို ကိုယ်ထင်ထားခဲ့သလိုလဲ ဖြစ်ပေါ်နိုင်လေ့ရှိပါသည်။ ဒါပေမဲ့ ကျွန်တော်တို့ ချစ်ခင်လေးစား မြတ်နိုးရပါသော ဖခင်ဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးကတော့ အခုချိန်မှာ သဲထဲရေသွန်သလိုပါပဲ။ ကျွန်တော်တို့ နအဖစစ်အစိုးရ လက်ထက်ကိုပြန်ကြည့်လိုက်တော့ မဟုတ်တာတွေကို လုပ်ပြီး၊ မမှန်တာတွေကို လုပ်နေကြတယ်ဆိုတာ ဘယ်လိုမှငြင်းလို့ရမှာ မဟုတ်ပါဘူး။ ဥပဒေကလည်း စောက်ထိုး၊ အုပ်ချူပ်တဲ့ လူတွေကလည်း စောက်ချိုးတွေ မပြေတာကို စာဖတ်သူတို့ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက မြန်မာနိုင်ငံသားတွေဟာ အထူးသဖြင့် မြန်မာပြည်ကောင်းစားဖို့အတွက် ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့ လူတွေဟာ ဘယ်နေ့များငါတို့ကို သူတို့တတွေလာဖမ်းမလဲ ဆိုတာကိုတွေးတွေးပြီး စိတ်ပူနေရတာပါ။ ကြောက်တာတော့ မဟုတ်လောက်ပါဘူး။ ကြောက်ရင်တော့ လုပ်မနေတော့ပါဘူး။ တွေးတွေးပြီး စိတ်ပူတယ်ဆိုတာကတော့ လူတချို့ပေါ့ဗျာ။ သူတို့တွေးပြီးပူရတာကလည်း အကြောင်းအရင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖမ်းခံရရင် ဘယ်လိုလို့ နိုင်ငံအတွက် အလုပ်တွေလုပ်နိုင်တော့မလဲ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဆိုတာ လူသားတိုင်းအတွက် မှန်တဲ့စကားပုံတခုပါ။ တွေးကြည့်ရင် သိနိုင်ပါတယ်။ အဲကျွန်တော်အဓိက ပြောချင်တာကတော့ ကိုနေဘုန်းလတ်ကို ဖမ်းသွားတဲ့ issue တစ်ခုပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကိုနေဘုန်းလတ်ရဲ့ ဘလော့ကို ကျွန်တော် တခါတလေမှသာ ၀င်ကြည့်မိခဲ့ပါတယ်။ သူရေးတဲ့ စာတွေကိုတော့ မဂ္ဂဇင်းတွေမှာ ဖတ်ခွင့်ရခဲ့ပါတယ်။ သူရေးတဲ့စာတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဟောပြောလာကြဦးမယ်ဗျ သူများတွေ ကိုနေဘုန်းလတ်ကို စိတ်ဝင်စားမှ မင်းကလည်း အရေးလာလုပ်နေတယ် ဆိုတာကို တချို့သောလူတွေက ဝေဖန်တာတွေ၊ ရှုံ့ချတာတွေ ပြုလုပ်လာမယ်ဆိုတာကိုတော့ ကျွန်တော်ထင်မြင်မိပါသေးတယ်။ ဟုတ်ပါတယ် ဝေဖန်တာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ဝေဖန်တယ်ဆိုတာ လူတဖက်သားရေးတဲ့ စာရဲ့အဓိပ္ပါယ်ကို သေချာဖတ်ကြည့်ပြီးမှ ဝေဖန်စေချင်ပါတယ်။ ကိုနေဘုန်းလတ်ဆိုတဲ့ နာမည်တွေ့လိုက်ရုံနဲ့ ဟာဒီကောင် သူများရေးတိုင်း လိုက်ရေးနေပြီဆိုပြီး ဇွတ်ကြီးမပြောစေချင်ပါဘူး။ လူဆိုတာ သူနဲ့ချစ်ခင်ရင်းနှီးတဲ့ လူတစ်ယောက်က မတရားအဖမ်းအဆီး ခံရမယ်ဆိုရင် စာဖတ်သူတို့ ဘယ်လိုခံစားမလဲ။ ထိုနည်းတူစွာပဲ ကိုနေဘုန်းလတ်ဟာ ကျွန်တော်နဲ့ စကားတခွန်းတောင် မပြောဖူးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်အနေနဲ့ကော မတရားဖမ်းဆီးခံရတဲ့ လူတစ်ယောက်အနေနဲ့ပါ ၀မ်းနည်းပြီး ဒီပို့လေးကို ရေးဖြစ်တာပါ။ ဘာလို့အခုမှရေးရတာလည်း ဆိုတဲ့အမေးမြန်း ခတ်ကြမ်းကြမ်းကြီးတွေကိုလည်း မေးလာကြပါဦးမယ်။ ဘာလို့ ကျွန်တော်အခုမှ ရေးရတာလဲဆိုတာကိုတော့ ကျွန်တော်အကြောင်းပြမနေတော့ပါဘူး။ ပြရင်လည်း မယုံကြည်တဲ့ လူတွေကလည်း ရှိနေဦးမယ်လေ။ တကယ်တော့ ကိုနေဘုန်းလတ်ဟာ ဘာနိုင်ငံရေးမှလည်း မလုပ်ပါဘူး။ သူ့ရဲ့ ဘလော့မှာတောင်မှာ အနုပညာကို ခုံမင်ရှုးသွတ်သူ တစ်ယောက်ပါလို့ ရေးသားထားတာကို ကြည့်လိုက်ခြင်းအားဖြင့် ကိုနေဘုန်းလတ်ဟာ ဒီနိုင်ငံရေးတွေဟာ သူမလုပ်ဘူးဆိုတာကို ထောက်ပြနေပါတယ်။ ကိုနေဘုန်းလတ်ကို စစ်အစိုးရက ဖမ်းဆီးသွားခြင်းအားဖြင့် စစ်အစိုးရ အာဏာရဗိုလ်ချူပ်ကြီးတွေဟာ ကိုနေဘုန်းလတ်လို ခေတ်ပညာတတ် လူငယ်တစ်ယောက်ကို အသေကြောက်နေတယ် ဆိုတာကတော့ ထင်ပေါ်နေပါတယ်။ ကိုနေဘုန်းလတ်လို ခေတ်ပညာတတ်လူငယ်တွေ ပေါ်ထွက်လာမှာကို သေအောင်ကြောက်တဲ့ စစ်အုပ်စုတွေဟာ ကိုနေဘုန်းလတ်က သူသိထားသမျှ ပညာတွေကို နောက်ထက် ပေါ်ထွင်းလာမဲ့ နောင်လာနောင်သား လူငယ်တွေကို ပညာတွေဖြန့်ဝေပေးမှာ ကြောက်တာကတစ်ကြောင်း၊ ကိုနေဘုန်းလတ်က အန်အယ်ဒီအသင်းဝင် တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လည်းကောင်း ဘာအကြောင်းပြချက်မှ မပေးပဲ ဖမ်းယူခေါ်ဆောင်သွားတာဟာ အလွန်မှ စိတ်မကောင်းဖွယ်ရာ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာ နအဖတွေ ထင်တိုင်းကျဲလို့တော့ မရတော့ပါဘူး။ သူတို့က ကျဲလေလေ သူတို့ကိုဖြဲမဲ့ လူငယ်တွေများများ ထွက်ပေါ်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ဘလော့ရေးနေတဲ့ ဘလော့ဂါမောင်၊ ဘလော့ဂါမယ်အနေနဲ့ရော နအဖစစ်အစိုးရရဲ့ မတရားလုပ်ဆောင်ချက်တွေကို သိရှိနေ၊သိမြင်နေတဲ့ လူတွေအနေနဲ့ပါ ကိုနေဘုန်းလတ် အမြန်ပြန်လွတ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နအဖစစ်ဗိုလ်ချူပ်တွေ လက်ထဲရောက်သွားရင်တော့ ဆုတောင်းတိုင်းလဲ မပြည့်နိုင်ဘူးဆိုတာကတော့ ယုံသင့်ရင် ယုံရပါလိမ့်မယ်။ ဆုတောင်းတိုင်းပြန်မလွတ်လာပေမဲ့ ဖိအားပေးတိုင်းတော့ တယောက်စနှစ်ယောက်စ ပြန်လွတ်လာမယ်ဆိုတာကိုတော့ ယုံကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေဟာ ငွေတစ်စဖြတ်ရင် သေမလောက်ကြောက်တဲ့ လူတွေမို့လို့ပါ။ ဒါကြောင့် ကျွန်တော်နေထိုင်ရာအရပ်ကနေပြီး ကိုနေဘုန်းလတ်အမြန်ဆုံး နေကောင်းကျန်းမာခြင်းနဲ့ ပြန်လည်လွတ်မြောက်နိုင်စေပြီး သူ့ရဲ့မိသားစု သူခင်မင်တဲ့ ဘလော့ဂါတွေနဲ့ အမြန်ဆုံးပြန်လည်ကာ တွေ့ဆုံနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းရင်းနဲ့ပဲ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။

ရှမ်းကလေး

Wednesday, February 6, 2008

အငြိမ့်မင်းသမီးငှားပြီး

ဒီတစ်ခါတော့ တကယ်လာပြီနော် မင်းသမီးပြောတာပါ၊ ဘလော့ဂါကိုကိုတွေ မမတွေက မင်းသမီးမပါရင် ထမင်းစားနေရတာ ဟင်းမပါသလိုပဲ ဆိုပြီးတော့ ပြောနေကြတော့ ရှမ်းကလေးခင်မျာ မျက်နှာငယ်ငယ်နဲ့ မင်းသမီးလိုက်ငှားတာ ရှိသမျှဟာလေးတွေ ကုန်ရော (မင်းသမီးငှားဖို့ ပိုက်ဆံမရှိလို့ ရှိသမျှဟာတွေကို ပေါင်စားတာ)။ ကံကောင်းချင်တော့ အငြိမ့်ကရာမှာ အရမ်းဝါသနာ ပါတဲ့ မင်းသမီးချောလေးကို ကျွန်တော်မောင်ရှမ်းကလေးက သွားတွေ့သတဲ့ဗျာ.. ဖြစ်ချင်တော့ မင်းသမီးလေးကလည်း အငြိမ့်ရှူးဗျ။ ဟိဟိ နောက်ကွယ်မှာ အတင်းတုတ်လိုက်ဦးမယ်။ ဒါနဲ့ ရှမ်းကလေးလည်း အဲ့လောက်ချောပြီး လှတဲ့ မိန်းကလေးကို ဘယ်လက်လွတ် ဆုံးရှုံးခံမလဲနော်။ ဒါကြောင့် ကျွန်တော်မောင်ရှမ်းကလေးလည်း ချောမောလှပတဲ့ အငြိမ့်မင်းသမီးလေး ချောရတနာလေးကို သည်မှာတွင်ပဲ ပိုက်ဆံတစ်ပြားမှ မပေးပဲ ငှားလိုက်သတဲ့ခင်ဗျား။(ပေးတာမယူဘူးလေ..) ဒါကြောင့် နောက်အပိုင်း(၆) ကျရင် မင်းသမီးပါပြီးတော့ ကဖို့ ကျွန်တော်မောင်ရှမ်းကလေး ကြိုးစားလိုက်ပါတယ်ခင်ဗျား။။

ဆက်လက်ရှုစားပါရန်ကဲ.

..ကဲ...ကဲ..

ပြောနေရင် လေရှည်တယ်လို့ပြောဦးမယ်

အားလုံးဘိုင်ဘိုင်နော်...

ရှမ်းကလေး

ကိုနေဘုန်းလတ်အတွက်

နေဘုန်းလတ်သို့ ….



ဘလော့ဂ်ဂါမောင်နှမတွေအကြား
ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း \"မြို့စားကြီးနေဘုန်းလတ်\" လို့
နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ \"လွတ်ကျခဲ့တဲ့မြို့တော်\" ဘလော့ဂ်လေးကို
သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။
မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း
\"လွတ်ကျခဲ့တဲ့မြို့တော်\" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ်
အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့
လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။
ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊
ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။



ဘလော့ဂ်ဂါတွေ အတွက်
ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း
ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက်
တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ
ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့
အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။
ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။



မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ
ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့
အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက
လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။



ဒီနေ့ သူ့ ရင်နဲ့
တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ
လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆ
ိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့်
အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ
Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ
မျှော်လင့်တကြီး စောင့်နေကြတယ်။ \" မြို့စားကြီး \" လို့ စနောက်ကြဖို့
စောင့်နေကြတယ်
… ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ
..။



ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊
လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Tuesday, February 5, 2008

ချစ်သူများနေ့ကို ကြိုဆိုသောအားဖြင့် ချစ်သူရဲ့ အကြောင်းကို ဝေဖန်ခြင်း

ချစ်သူဆိုတာ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုး ကြလို့ခေါ်ဝေါ်တဲ့ အသုံးအနှုန်းလို့ ကျွန်တော် ယုံကြည့်ပါရစေ ပရိတ်သပ်တို့ရေ။ ဒါမှလည်း မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူယောကျာင်္လေးက သူသိပ်ချစ် ပါတယ်ဆိုတဲ့ မိန်းကလေးကို ဟာ.. ဒါငါသိပ်ချစ်ရတဲ့ ချစ်သူဆိုပြီး ရဲရဲဝင့်ဝင့် ပြောနိုင်မှာပေါ့။ ထိုနည်းတူစွာပဲ ဟိုဘက်က အချစ်ခံရတဲ့ မိန်းကလေးကလည်း သူ့ကိုချစ်တဲ့ ယောက်ကျားလေးက နှစ်နှစ်ကာကာ ချစ်ပါတယ်လို့ ယုံကြည်ပါမှ သူငယ်ချင်းတွေ ရှေ့မှာကော မိဘဆွေမျိုး တွေရှေ့မှာကော ဒါသူ့ချစ်သူ ရည်းစားပါဆိုပြီး ရဲဝင့်စွာ အသိပေးရဲမှာပေါ့။ ဒါကြောင့် ချစ်သူဆိုတာ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ရင်ထဲကရော နှလုံးသားထဲကပါ ချစ်ကြပါမှ ချစ်သူဆိုတဲ့ စကားလုံး (၂)လုံးလေးကို အသုံးပြုသင့်ပါတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ တကယ်လို့ ချစ်သူတစ်ဦးနဲ့ တစ်ဦးက ချစ်သူရည်းစား ဘ၀မှာ နှစ်နှစ်ကာကာ မချစ်မိကြရင် လင်မယား ဘ၀ရောက်တော့ ချစ်သူရည်းစား ဘ၀က တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုး မချစ်ကြခဲ့တဲ့ အတွက် တစ်ဦးနဲ့တစ်ဦး အထင်မြင်တွေ လွဲမှားတာတွေ ရှိတတ်လာကြတယ်။ နောက်ဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် မလိုမုန်းစိတ် ထားတွေထားပြီး လင်ယောကျာင်္း ဖြစ်သူက သူရဲ့မိန်းမဖြစ်သူကို မိုချိုးမျစ်ချိုးနဲ့ “မင်းကိုချစ်လွန်းလို့ ယူခဲ့တယ်များ မှတ်နေလား၊ မင်လင်မရမှာ ကြောက်လို့ ယူခဲ့တာ နားလည်လား” ဆိုပြီး ပြောဆိုတတ် ကြပါတယ်။ ဟောမိန်းကလေး ဘက်ကလည်း ဒါမျိုးဆို ဘယ်အပြောခံ လိမ့်မလဲ။ “ရှင့်ကိုရော ကျမက ကြိုက်လွန်းလို့၊ ချစ်လွန်းလို့များ ယူခဲ့တယ်များ ထင်နေလား၊ အဲ့ဒီအချိန်တုန်းက ကျမရုပ်ရည်နဲ့ ရှင့်ထက်သာတဲ့ လင်အယောက် (၁၀၀)လောက် ယူလို့ရတယ် နားလည်လား”ဆိုပြီး ဇော်ဝင်းထွဋ်နဲ့ လေးဖြူတို့ ပြိုင်တူဟစ်မယ့် ပွဲမျိုး ရောက်လာ ပါလိမ့်မယ်။ ပြီးတော့ မိသားစု တစ်စုဟာ ပြိုကွဲသွားတော့မပေါ့ဗျာ။ ကလေးတွေ ရှိနေကြတဲ့ မိသားစုဆိုရင် တရားခံကတော့ ကလေးတွေပေါ့ဗျာ။ ဒါကြောင့် မြန်မာ စကားပုံလိုမျိုး အစကောင်းမှ အနှောင်းသေချာ ဆိုသလို... ချစ်သူရည်းစား ဘ၀မှာကတည်းက တဦးနဲ့တဦး နှစ်နှစ်ကာကာ၊ ကြင်ကြင်နာနာ၊ မြတ်မြတ်နိုးနိုး ချစ်ခဲ့ကြပါမှ လင်နဲ့မယား ဘ၀မှာ ပျော်ရွင်ဖွယ်ရာ ကောင်းတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ဆောက်နိုင်ကြမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ အဓိကကတော့ တစ်ဦးနဲ့တစ်ဦး နားလည်းစိတ် ရှိဖို့တော့ လိုတာပေါ့ဗျာ။ ကျွန်တော်က မိန်းကလေးတွေကို မိုလိုပေါက်အောင် ယူထား လို့၊ သိလို့၊ တတ်လို့ ရေးနေတာ မဟုတ်ဘူးနော်။ မိန်းမမပြောနဲ့ ကျွန်တော့်မှာ ချစ်ရမဲ့သူတောင် မရှာတွေ့သေးဘူး။ ကျွန်တော်က ကျွန်တော်ဖြတ်သန်း ခဲ့သမျှ၊ ကျွန်တော် တွေ့ကြုံခဲ့သမျှ အိမ်ထောင် စုလေးတွေ၊ ချစ်သူရည်းစား စုံတွဲလေးတွေကို ကြည့်ပြီး၊ ကျွန်တော် သိသလောက် ဝေဖန်ထားတာပါ၊ နောက်ပြီးတော့ ကျွန်တော်တစ်ခု မကြိုက် တာက ချက်တင် (chat Room) ပေါ်မှာ ရည်းစားတွေ၊ ချစ်သူတွေ ဖြစ်ကြတာ။ သူများကို မနာလိုတာတော့ မဟုတ်ပါ ဘူးဗျာ။ ဘာတွေလဲတော့ မသိဘူး။ ချက်တင်ကြောင့် တရုတ်မှာဆိုရင် မိန်းမပျိုလေးတွေဟာ ယောက်ကျားလေးတွေနဲ့ ချိန်းပြီးတော့ လိင်ဆက်ဆံကြတယ်လို့ သတင်းတစ်ပုဒ်ဖတ်မိပါတယ်။ နောက်တစ်ခုက ဆွီဒင်နိုင်ငံတွင် အသက် (၃၂)နှစ်အရွယ် HIV(+) ဝေဒနာရှင် ဗြိတိန်နိုင်ငံသားတစ်ဦး ဖြစ်သူ Mr. Christer Merrill Aggett သည် ဆယ်ကျော်သက် အရွယ် အမျိုးသမီး (၁၆) ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုခဲ့ရာ မိန်းကလေး နှစ်ဦးတွင် ၎င်းထံမှ HIV(+) ပိုးကူးစက်ခြင်း ခံခဲ့ရသည်။ ယင်းအမျိုးသမီး များသည် အသက်(၁၂)မှ (၁၄)နှစ်အရွယ် ဆယ်ကျော်သက်များ ဖြစ်ပြီး အင်တာနက် Chat Room များမှတစ်ဆင့် Mr.Aggettနှင့် ရင်းနှီးသိကျွမ်း ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် Mr.Aggettအား ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် (၁၄)နှစ်အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခံရသူ မိန်းကလေး (၁၆)ဦးအတွက် နစ်နာကြေး Kronor (၂.၇) သန်း၊ (ဒေါ်လာ ၄၂၅၀၀၀) ပေးဆောင်ရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်တဲ့။ ဒီလုပ်ရပ်ဟာ တခြားနိုင်ငံ၊ တခြားဒေသတွေ အတွက်တော့ သိပ်ပြီးတော့ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ အတွက်တော့ အလွန်ကိုမှ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူ တစ်ခုပါ။ ကျွန်တော် ဆိုရင်လည်း ချက်တင် (chattting) မတက်တာတော့ မဟုတ်ပါဘူး။ လူတစ်ယေက် ဆိုတာကတော့ မိတ်ဆွေ အပေါင်းအသင်း တွေဟာ မိန်းကလေး တွေလည်းရှိမယ်။ ယောကျာင်္လေး တွေလည်း ရှိမှာပဲ။ ဒါကတော့ ကျွန်တော်တို့ လူငယ်တွေအတွက် သိပ်ပြီးတော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ မိန်းကလေး တစ်ယောက်ကို လူမမြင် စကားသံ မကြားပဲ ချစ်တယ်လို့ လက်ကရိုက်ယုံနဲ့ ချစ်သူဖြစ်ဖို့ မလုံလောက်သေးဘူး လို့တော့ ထင်မြင်ယူဆ မိပါတယ်။ ကျွန်တော်လည်း မိန်းကလေးတွေနဲ့ ချက်တင်တွေ တက်ဖြစ်တာပဲ။ နေ့တိုင်းကြီးတော့လည်း ဘယ်ဟုတ်မလဲဗျာ။ ဟော.. သူတို့ အွန်လိုင်းပေါ်မှာ ရှိတယ်ဆိုရင်ပဲ လှမ်းနှုတ်ဆက် လိုက်တယ်။ နေကောင်းလား ဘာလား..၊ ညာလား၊ ဆိုပြီးမေးလိုက်တယ်၊ ဟောပြီးတော့ သူတို့ရီရအောင် လို့ဆိုပြီး ဟာသလေးတွေ အရွင်းဖောက်ပြီး ပြောပေးလိုက်တယ်။ ပြီးရင်လုပ်စရာ ရှိတာတွေ ဆက်လုပ်လိုက်တယ်။ ပြီးရင်တော အိမ်ပြန်ချိန် ညနေစောင်း တစ်ခါရောက်ပြန်ရင် နှုတ်ဆက်ပြီး ပြန်သွားတယ်။ ချက်တင်တက်တဲ့ အချိန်မှာ လူတစ်ဖက် သား နစ်နာစေတဲ့ စကားတစ်ခွန်းကို ကျွန်တော် ဘယ်သောအခါမှ မပြောမိခဲ့တာတော့ အမှန်ပါပဲ။ ပြောလို့ရတာ ပဲဗျာ။ ကိုမင်းကို မိုးလောက်ကြီးချစ်ပါတယ်။ တိမ်လောက်ကြီး ချစ်ပါတယ်။ ကိုမင်းရဲ့ အချစ်ပြန်မရရင် ဒီညတော့ မအိပ်တော့ ဘူးကွာလို့၊ ဒါနဲ့ ဟိုဘက်က မိန်းကလေးကလည်း သနားစိတ်တွေ ၀င်သွားပြီး သူ့ကိုလည်း ဘယ်သူ့မှ မကြိုက်မှန်း သိတော့ လတ်တလော အချစ်ကို လက်ခံလိုက်တယ်။ (မိန်းကလေး အားလုံးကို ပြောခြင်းမဟုတ်)။ ဒါနဲ့ပဲ ဟိုဘက်က ကောင်က ၀မ်းတွေတာ၊ မိန်းကလေးကြိုက်မဲ့ စကားတွေကို ပြော။ ပြီးရင် နေရပ်လိပ်စာကိုမေး။ ဟော ချိန်းတွေ့ကျ။ ယောက်ကျားလေးကု သူလုပ်ချင်ရာလုပ်ပြီး နောက်တစ်ယောက်ပြောင်း။ တယောက်ထပ်ရှာ၊ တယောက်ပြောင်းနဲ့၊ ဒါကြောင့် လောကကြီးမှာ AIDS/HIV ရောဂါပိုးတွေ ကူးစက်နေတာ သိပ်ပြီးတော့ မဆန်းပါဘူး။(လူတွေအားလုံး ပြောခြင်းမဟုတ်) ကျွန်တော်ကတော့ ဒီလိုမျိုး လုပ်ရပ်တွေကို ပြုမူဖို့ ဘယ်သောအခါမှ မစဉ်းစားမိလေဘာ။ ခုလောလောဆယ် ကျွန်တော် ချစ်ရမယ့် သူတောင် ရှာလို့ မတွေ့သေး။ ရှာလို့မတွေ့တာထက် မရှာနိုင်သေးဘူး လို့ပြောရင် ပိုမှန်မယ်လို့တော့ ထင်လို့ရပါတယ်။ အခုကျွန်တော် မိသားစုကို တည်ထောင်နိုင်ဖို့ ခွန်အားမရှိသေး ဘူးလေ။ ကျွန်တော့်ရဲ့ ဦးနှောက်က ကျွန်တော့်ကို အမြဲတမ်းသတိ ပေးနေတယ် သိလားဗျ။ “ဟေ့ကောင် ရှမ်းကလေး အခုချိန်မှာ မင်းမွေးမေမေနဲ့ ကျွေးဖေဖေတောင် ကျေးဇူး မဆပ်နိုင်သေးဘူး.. မင်းနဲ့ မဆိုင်သေးတဲ့ နောက်တစ်ယောက် ကိုတော့ မစဉ်းစားလေနဲ့တဲ့။” ယောက်ကျား တစ်ယောက်ဆိုတာ သူ့ရဲ့မိသားစုကို လုပ်ကျွေး နိုင်မှပေါ့ဗျာ။ ဒါမှလည်း သူ့ကိုချစ်မဲ့ မိန်းကလေးကလည်း သူ့ကို သူ့ရဲ့ ချစ်သူရည်းစား အဖြစ် လက်ခံနိုင်မှာပေါ့။ ကိုယ့်မိသားစု ကိုလည်း လုပ်ကျွေးနိုင်မှ ကိုယ့်မိသားစုကို မလုပ်ကျွေးနိုင်သေးပဲ သူများမိသားစုကို သွားပြီးတော့ မလုပ်ကျွေးလေနဲ့ စာဖတ်ပရိပ်သတ် တို့ရေ။ ပြသနာတွေက ထင်တာထက်ဆိုးနေလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ချစ်တဲ့ စာဖတ်ပရိတ်သတ် တို့တတွေလည်း မိမိကို နှစ်နှစ်ကာကာ ချစ်မဲ့သူနဲ့ တွေ့နိုင်ကြစေပြီး မိမိတို့ ဖက်ကလည်း မိမိကို ချစ်တဲ့ လူတဖက်သားကို စွဲစွဲမက်မက် ပြန်ချစ်နိုင်ကြ ပါစေလို့ ဆုတောင်းပေးရင်းနဲ့ပဲ နိဂုံးချူပ်လိုက် ပါရစေ လားခင်ဗျား။

ရှမ်းကလေး

Monday, February 4, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၅)

ကိုကံသာ ။ မင်္ဂလာပါ ညီလေးတို့ရေ

ကိုချင်း ။ မင်္ဂလာပါခင်ဗျား

ရှမ်းကလေး။ ။ မာကလာပင်ပါခင်ဗျား

ကိုကံသာ။ ။ နင့်အမေက လွား မာကလာပင်၊ ဘာတုန်း။ စကားအကောင်း ပြောနေတာ

ရှမ်းကလေး။ ။ ကျွန်တော့်အမေက လွား မဟုတ်ပါဘူးဗျာ၊ ကိုကံသာကလည်း

ကိုချင်း ။ လွားဆိုတာ ဘာတုန်း

ရှမ်းကလေး။ ။ လွားဆိုတာ ရှမ်းလိုဗျ

ကိုကံသာ။ ။ မင်းအဲ့ဒီလောက်တောင် ညံ့ရလားကွ မောင်ချင်းရ ရှမ်းကလေးနဲ့ ဒီလောက် အငြိမ့်ကလာတာ

ကိုချင်း ။ အကိုက သိလို့လားတဲ့

ကိုကံသာ။ ။ ဒီလောက်တော့ အပျော့ပါကွ၊ အတိတ်နဲ့ပေးပြီး မင်းဥာဏ် ဘယ်လောက်ကောင်း သလဲဆိုတာ ငါစမ်းဦးမယ်

ကိုချင်း ။ ဟာအကိုကလည်း အတိတ် ဘယ်ကောင်းမလဲဗျ. အနာဂတ်ဆိုရင် မဆိုးဘူးဗျ

ကိုကံသာ။ ။ ဟဲ့လဒရဲ့ အဲ့ဒီအတိတ်တို့၊ အနာဂတ်တို့ ပြောတာ မဟုတ်ဘူးကွ၊

ကိုချင်း ။ ဒါဆိုဘာတုန်း

ကိုကံသာ။ ။ အတိတ်ဆိုတာ ဗေဒင်ဆရာတို့က နှလုံးထီသို့ သုံးလုံးချဲသို့ ပေါက်အောင်လို့ဆိုပြီး အတိတ် ပေးတာလေကွာ

ကိုကံသာ။ ။ အော.. အဲ့လိုလား၊ ပေးလေခင်ဗျားညီမ

ကိုကံသာ။ ။ အေးရော့ယူ.. ပြီးရင်ငါ့ကိုပြန်လာ ပေးနော်.. ဟာ မင်းကလည်း ဘာတွေလျှောက်ပြောနေလဲမသိဘူး၊ ကဲ.. မင်းကိုအတိတ်စိမ်း ပေးရမယ်ဆိုရင် သူဆွဲငါဆွဲလို့ ပြောလို့ရတယ်

ကိုချင်း ။ သူဆွဲငါဆွဲဟုတ်လား

ရှမ်းကလေး။ ။ ဟုတ်တယ် အဲ့ဒါပဲ

ကိုချင်း ။ ဟာ.. ဒါဆိုငါသိပြီ

ကိုကံသာ။ ။ ဒါကြောင့် ငါ့ညီက တော်တယ်ပြောတာပေါ့၊ ကဲဒါဆိုဘာတုန်းပြော

ကိုချင်း ။ ငါတို့ မြန်မာပြည်က တပ်ကြပ်ကြီးတို့ စစ်ဗိုလ်တို့ တစ်အုပ်စု တအုပ်စုလေ သူဆွဲငါဆွဲဆိုတာ

ကိုကံသာ။ ။ နင်ဘိုးအေ.. နင့်လက်ထက်ကျမှပဲ သူဆွဲငါဆွဲတောင် နအဖ စစ်တပ်ဖြစ်သွားတယ်

ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ၊ သူနဲ့ကျမ မြန်မာစကားပုံတောင် ပျက်ရတယ်

ကိုချင်း ။ ဟာဗျာ ခင်ဗျားတို့ မစဉ်းစားပဲမပြောနဲ့ဗျ၊ ကျွန်တော်ဆိုတဲ့ ကောင်က အကြောင်းအရင်း မရှိရင်မပြောဘူး၊ သက်သေ အခိုင်အလုံ မရှိရင် စကားကို ယောင်လို့တောင် မပြောဘူးဗျ

ကိုကံသာ။ ။ လာကလာသေးတယ် ဒါဆို သက်သေပြလေ

ကိုချင်း ။ ကဲဗျာ.. နအဖစစ်သားတွေ မိန်းကလေး တစ်ယောက်တွေ့ရင် ဟိုလူဆွဲလိုက် ဒီလူဆွဲလိုက် မတရား မလုပ်ဘူးလားဗျ၊ အဲ့ဒါသူဆွဲငါဆွဲ မဟုတ်လို့ ဘာတုန်း

ရှမ်းကလေး။ ။ ဟော.. ဒါလည်းမမှားဘူးဗျ ကိုချင်းညီမဆို ထိပ်ဆုံးကပဲ

ကိုချင်း ။ ဒါဆိုမင်းညီမက ဒုတိယပေါ့

ကိုကံသာ။ ။ ဟေး...

ကိုချင်း ။ ဘာဖြစ်တာတုန်း

ကိုကံသာ။ ။ ငါ့ညီမက တတိယ

ရှမ်းကလေး။ ။ ကိုယ့်ညီမတွေကို ပေးစားနေကြတယ် ဟုတ်လား..

ကိုကံသာ။ ။ ရှမ်းလိုပြောတဲ့ လွားဆိုတာ အဲ့ဒါကိုပြောတာမဟုတ်ဘူးကွ၊ လွားဆိုတာ လွှလို့ခေါ်တယ် ထင်းတုံးတွေကို ဖြတ်ရင် လွှကိုဆွဲပြီး သူဆွဲငါဆွဲ ပြီးဖြတ်တာလေကွာ

ကိုချင်း ။ ဟာ အကိုကလည်း သူဆွဲငါဆွဲ မဟုတ်ပါဘူးဗျ

ရှမ်းကလေး။ ။ ဒါဆိုဘာတုန်း ဂျီးကများသေးတယ်

ကိုချင်း ။ သူတွန်းငါတွန်း ပါဗျ

ကိုကံသာ။ ။ ဟာမောင်ချင်း

ကိုချင်း ။ ဘာတုန်း

ကိုကံသာ။ ။ ငါမနေ့က အိမ်မက်တစ်ခု မက်တယ်ကွ

ကိုချင်း ။ ဘာလုပ်ရမတုံး

ကိုကံသာ။ ။ မင်းနားမထောင် ချင်ဘူးလား

ကိုချင်း ။ ကောင်မလေးတွေ ပါလို့လား

ရှမ်းကလေး။ ။ ခင်ဗျားကလည်း အားအားရှိ ကောင်မလေးပဲ ပြောနေတယ်

ကိုကံသာ။ ။ ကောင်မလေးတော့ မပါဘူး ရှမ်းကလေးပဲပါတာ

ကိုချင်း ။ ဘယ်လို မက်တာတုန်း

ရှမ်းကလေး။ ။ ဟာအကို့ ညီမကော ပါလား

ကိုကံသာ။ ။ ငါ့ညီမ မပါဘူး၊ တူမလည်းမပါဘူး၊ ဒေါ်ဂျီးလည်း မပါဘူး.. အဖွား

ကိုချင်း ။ တော်တော်တော်.. ခဏနေ မြေးတွေ၊ မြစ်တွေ ပါလာဦးမယ် ခင်ဗျားအိမ်မက်သာပြောတော့

ကိုကံသာ။ ။ ဖြစ်ပုံက ဒီလိုကွ၊ ငါနဲ့မင်းနဲ့ စင်္ကာပူကို ခရီးထွက်တယ်တဲ့

ရှမ်းကလေး။ ။ ဟာ.. ကျွန်တော်က မလေးရှားကို သွားချင်တာ

ကိုကံသာ။ ။ အိမ်မက်ကွ၊ အိမ်မက်၊ ငါနဲ့မင်းလည်း စင်္ကာပူကို ဟို.. အဲပုဂံနဲ့ ခရီးထွက်တာကွ၊

ကိုချင်း ။ ဟာ .. အကိုကလည်း ကျွန်တော် သတင်းကြားတာ အဲပုဂံလေယဉ်က စင်္ကာပူတောင် မသွားနိုင်သေးဘူးဆို

ကိုကံသာ။ ။ နင့်မေဂျီးတော် လိုမှပဲ အိမ်မက်ဆိုမှ...၊

ရှမ်းကလေး။ ။ ပြီးတော့ရော. ဆက်ပြောလေဗျာ.. အဲပုဂံဆိုတော့ ချောချောလေးတွေ ပါမှာပေါ့ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကိုကံသာ လည်း ချော်ချော်လေးတွေနဲ့ အီစီကလီ

ကိုကံသာ။ ။ ဟေ့ကောင် ဘာတွေ လျှောက်ပြောနေလဲကွ၊ မင်းနဲ့ငါနဲ့ ခရီးလည်းထွက်ရောက် လမ်းတစ်ဝက်ရောက်တော့ လေယဉ်က အခြေအနေ မကောင်းဘူးတဲ့ကွ၊ ဒါနဲ့မင်းနဲ့ငါလည်း လေယဉ်ပေါ်ကနေခုန်ချ လိုက်ကြသတဲ့ကွာ..

ကိုချင်း ။ ဟာ.. အဲ့လိုခုန်ချတော့ အကိုတို့ မသေဘူးလား

ကိုကံသာ။ ။ နင့်မေဂျီးတော် ငါ့ကိုဘာဖြစ် သွားသေးလည်း မမေးဘူး၊ မသေဘူးလားလို့ ထိပ်ဆုံးကမေးတယ်

ကိုချင်း ။ ဒါမှ အကို့ညီမနဲ့ ကျွန်တော်နဲ့ အီစီကလီ လုပ်လို့ရမှာပေါ့

ရှမ်းကလေး။ ။ အဲ့လောက်တော့ မသေနိုင်ပါဘူးဗျာ.. ကျွန်တော်နဲ့ ကိုကံသာက ဒီထက်မြင့်တဲ့ စတော်ဘယ်ရီ ပင်ပေါ်ကနေ တောင် ခုန်ချလာခဲ့တာ

ကိုကံသာ။ ။ ရှမ်းကလေး.. မင်းကလည်း စတော်ဘယ်ရီပင် မဟုတ်ပါဘူးကွာ.. ကန်စွန်းပင်ပေါ်ကပါကွ

ကိုချင်း ။ တော်တော်မြင့်တာ

ကိုကံသာ။ ။ ဟာခုဏကဟာ မပြီးသေးဘူးကွ..၊ ငါနဲ့ရှမ်းကလေးလည်း လေယဉ်ပေါ်က ခုန်ချတော့ ကံကောင်းချင် တော့ကွာ ငါကလိမ္မော်ရည် ဖျော်ထားတဲ့ တွင်းကြီးထဲကို ပြုတ်ကျသွားတယ် ဗလုန်းဆိုပြီးတော့

ကိုချင်း ။ ဟား... တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း

ရှမ်းကလေး။ ။ ကျွန်တော်ကရော

ကိုကံသာ။ ။ စိတ်တော့မကောင်း ပါဘူးကွာ မင်းက အိမ်သာကျွန်းထဲကို ပြုတ်ကျသွားတယ်ကွ.. အဲ့ဒီအချိန်မှာပဲ ငါလည်း လန့်နိုးလာတာပဲ

ရှမ်းကလေးတစ်ယောက် မျက်နှာပေါ်မှာ ဒေါသတွေထွက်နေ

ကိုချင်း ။ သနားစရာ ရှမ်းကလေးပါလား

ကိုချင်းလည်းပြောပြီးရော ရှမ်းကလေးလည်း ဒေါသမျက်နှာကို လျှော့ချပြီး

ရှမ်းကလေး။ ။ ဟာ.. ကိုကံသာလန့်နိုးသွားတော့၊ ကျွန်တော်က အဲ့ဒီအိမ်မက်ကိုပဲ အဆုံးထိဆက်မက်တယ်ဗျ

ကိုကံသာ။ ။ ဟေဟုတ်လား၊ ဘယ်လိုမက်တုန်း....

ရှမ်းကလေး။ ။ ကျွန်တော်လည်း အိမ်သာကျွန်းထဲကို ပြန်တက်လာတော့၊ အကိုနဲ့ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် လျှာနဲ့ လျက်ကြသတဲ့

ကိုကံသာ။ ။ ထွီး... ဒါကြောင့်ငါလျှာ ချိုနေတာ.. ဟာ..မင်းကလည်း လျှောက်ပြောတော့မယ်

ကိုချင်း ။ တော်တော်ချိုတယ်နော်..

ကိုကံသာ။ ။ ဟာ.. မောင်ချင်း.. မင်းခုဏက ငါ့ညီမကို တစ်ခုပြော သွားတယ်နော်

ကိုချင်း ။ ဘာဖြစ်လို့လဲ

ကိုကံသာ။ ။ ဟာငါ့ညီမကို ငါဘယ်လောက်ချစ်တယ် ဆိုတာ မင်းတို့သိ တယ်မဟုတ်လား

ရှမ်းကလေး။ ။ ဟာအကိုကလည်း အကို့ညီမကို ကျွန်တော်ချစ်သလောက် အကိုချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျ

ကိုကံသာ။ ။ အေ.. အခုငါ့ညီမကို မင်းလို မဟုတ်သရုပ်ကောင် ယူမှာကြောက်လို့ ငါယောကျာင်္း ပေးစားလိုက်ပြီကွ..

ကိုချင်း ။ ဟေ.. ဟုတ်လား ဘယ်သူနဲ့တုန်း

ကိုကံသာ။ ။ ယောကျာင်္းပေးစားပြီး တစ်ပတ် နှစ်ပတ်လည်းကြာရော ငါ့အိမ်ကိုပေါက်ချလာပြီး ဘာလာပြော တယ်ထင်တုန်း

ရှမ်းကလေး။ ။ ဘာလာပြောသွားတုန်း...

ကိုကံသာ။ ။ ငါ့ညီမကလေ အကိုတဲ့ ညီမအပျို ဘ၀တုန်းက ညီမကိုလိုက်ကြိုက်တဲ့ လူတွေအများကြီးပဲတဲ့

ကိုချင်း ။ အေးလေ ဟုတ်တာပဲ ကျွန်တော် တောင်ပါတာပဲ

ရှမ်းကလေး။ ။ အရေးထဲ သူက အဆစ်ပါလိုက် သေးတယ်.. ခင်ဗျားညီမက ဘာတွေဆက်ပြော သေးတုန်း

ကိုကံသာ။ ။ အဲ့လိုကြိုက်တဲ့ လူတွေအများကြီး ရှိရဲ့သားနဲ့ ဘာလို့အကိုက သူ့တစ်ယောက်ထဲကို ငါ့ညီမစကား မဆုံးသေးဘူး. ငါလည်းဖြတ်ပြီးတော့

ကိုချင်း ။ ပါးရိုက်လိုက်တာလား

ကိုကံသာ။ ။ အေးဟုတ်တယ်.. ဖြန်းကနဲ.. အဲ့ဟုတ်ပါဘူး.. မင်းကလည်း ငါ့ညီမကို ငါပိုးမွားလေးလို ထားတာ ဘာလို့ ရိုက်ရမလဲကွ

ကိုချင်း ။ ဒါဆို ဖြတ်ပြီးတော့ ဘာလုပ်တာတုန်း

ကိုကံသာ။ ။ ဖြတ်ပြီးတော့ ပြောတာပေါ့ ငါ့ညီမကို ဒီကောင်က ဘာလုပ်လဲပြော၊ နင်ယူသွားတဲ့ ကောင်က နင့်ကိုမချစ်လို့လား. တွေ့မယ် ငါနဲ့တွေ့မယ်

ရှမ်းကလေး။ ။ သူက ဘာပြန်ပြောတုန်း

ကိုကံသာ။ ။ ဟာ.. မဟုတ်ပါဘူးတဲ့ အကိုကလည်း . ညီမအပျို ဘ၀တုန်းက ညီမကိုကြိုက်တဲ့လူ အဲ့လောက်တောင် များရဲ့သားနဲ့ ဘာလို့အကိုက ညီမကို သူ့တစ်ယောက်ထဲပဲ ပေးစားသလဲတဲ့။ ဘာလို့ အကုန်လုံးနဲ့ မပေးစားတာလည်းတဲ့ ညီမလည်း တစ်ယောက်ထဲနဲ့ ပျင်းတာပေါ့တဲ့

ကိုချင်း ။ အကို့ညီမကတော့ လင်တရှူးပဲ

ကိုကံသာ။ ။ သူနောက်ဆုံး တစ်ခွန်း ထပ်ပြောသွားသေးတယ်ကွ

ရှမ်းကလေး။ ။ ဘာပြောတာတုန်း

ကိုကံသာ။ ။ ဘာလဲ အကိုက ညီမကို မနာလိုလို့လားတဲ့

ကိုကံသာရဲ့ ညီမစကားကြောင့် ကျွန်တော်နဲ့ ကိုချင်းလည်း ဇာတ်စင်နောက်တို့ ပြေးသွားကာ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၅)ကိုလည်း ဒီတွင်ပဲရပ်နားလိုက်ပါတယ်ခင်ဗျား...

ရှမ်းကလေး

Sunday, February 3, 2008

အောင်ပွဲ

လူတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ် အောင်မြင်တယ်လို့ထင်ရင်
အဲ့ဒါ အောင်ပွဲပဲ..

အောင်ပွဲဆိုတာ နေရမရွေး
ဒေသမရွေး ဖြစ်ပျက်နေတဲ့
သဘာဝရဲ့ သဘောတရားပဲ...

ငါတို့တတွေလည်း
မကြာခင် အောင်ပွဲမရဘူးလို့
ဘယ်သူတွေက ပြောနိုင်လို့လဲ?

ရှမ်းကလေး

လက်ခံအုံးမှာလားဟင်?

သစ်ပင်လေးတစ်ပင်က သစ်ရွက်လေးတွေဟာ
လေတိုက်တဲ့အတွက်ကြောင့် မြေခရတယ်..

ငါ့ကိုယ်ပေါ်က နှလုံးသားလေးဟာလည်း
သူလေးအတွက်ကြောင့် ကြွေကျရတယ်..

တေးသံချိုသာတဲ့ ငှက်ကလေးတကောင်ရဲ့
သံစဉ်ချိုလေးတွေကို တောလိုက်တယောက်က
ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်...

ဖြူဖြူစင်စင် အရောင်တွေမဆိုးထားတဲ့
ငါ့နှလုံးသားကို သူလေးက
အမုန်းတွေပေးပြီး အရည်နှောက်နှောက်တွေ
ထည့်သွားပေးခဲ့တယ်...

အ၀ါရောင် လိမ္မော်ရည်ထဲကို
ခါးစေတဲ့ အရာလေးတခု
ကျသွားရသလို...

ငါ့ဘ၀ထဲကိုလည်း ခါးတီးစေတဲ့ အရာတခု
သူလေးက ထည့်သွားပေးခဲ့တယ်

အရည်နှောက်နှောက် ခါးတီးကြွေကျနေတဲ့
ငါ့နှလုံးသားလေးကို ဘယ်သူများလာပြီးတော့
လက်ခံအုံးမှာလဲနော်...........

ရှမ်းကလေး