Thursday, December 27, 2007

“ဗီစီဒီ၊ တယ်လီဖုန်းနှင့် စာဝေသည့် လှုပ်ရှားမှုများ စတင်”

From Irrawaddy
ကိုသက် ဒီဇင်ဘာ ၂၇၊ ၂၀၀၇
စက်တင်ဘာလှုပ်ရှားမှုအား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်နေပုံများကို ရိုက်ကူးထားသည့် ဗီစီဒီ အပါအ၀င် နာမည်ကျော် အနုပညာရှင်များအား ဖုန်းဆက်သည့် လှုပ်ရှားမှုနှင့် တအိမ်တက်ဆင်း စာဝေသည့် လှုပ်ရှားမှု များကို စက်တင်ဘာ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များက ယမန်နေ့မှ စတင်လိုက်သည်။
ကျောင်းသားလူငယ်များ စတင်ဖြန့်ဝေသော မိနစ် ၄၀ ကြာသည့် ဗီစီဒီသည် မည်သည့်သတင်းဌာမှ မထုတ်လွှင့်ရသေးသော ဗီဒီယိုဖြစ်ပြီး တည်းဖြတ်ထားခြင်းလည်း မရှိကြောင်း လက်ခံရရှိသူတဦးက ဧရာဝတီကို ပြောသည်။
“တော်တော် ဆိုးဆိုးရွားရွားတွေ ပါတယ်၊ ဆဲဆိုပြီး ရိုက်တာတွေလေ။ နောက်ပြီး အိမ်တွေထဲအထိ အတင်းဝင်ပြီး ရိုက်တာ တွေ” ဟု ဗီစီဒီ လက်ခံရရှိသူက ပြောသည်။
ကျောင်းသားလူငယ်များက နာမည်ကျော် အနုပညာရှင်များထံ ဖုန်းဆက်ပြီး စက်တင်ဘာ လှုပ်ရှားမှုအကြောင်း ပြောဆို ကြသည်။
အနုပညာရှင်တချို့က ချိုသာစွာပြန်လည်ဖြေကြား၍ လှုပ်ရှားမှုကို ကိုယ်တိုင်ဝင်မပါသော်လည်း အားပေးထောက်ခံကြောင်း ပြောဆိုကြပြီး တချို့ကမူ နောက်နောင် ဖုန်းမဆက်ရန် ပြောဆိုကြောင်း သိရသည်။
နာမည်ကျော် ဟစ်ဟော့အဆိုတော်တဦးက “ကျနော့်ဆီကိုတော့ မဆက်သေးဘူး။ ဆက်လာရင်ပြောပါတယ်။ ကျနော်က မကြောက်တတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
တအိမ်တက်ဆင်း ဝေသည့်စာတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ စစ်အစိုးရကို ဆန့်ကျင်ကြရန် မေတ္တာ ရပ်ခံထားသည်။ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် နေအိမ်မှ အပြင်မထွက်ကြရန်၊ ထိုနေ့မှစ၍ အစိုးရ၀န်ထမ်းများ တပတ်တိတိ ရုံးမတက်ကြရန်တို့ကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် တိုးတက်ရေးအဖွဲ့ဟု ရေးသားထားကြောင်း စီစဉ်သူများနှင့် နီးစပ်သူတဦးက ပြောသည်။
ယမန်နေ့က ၎င်းစာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်နှင့် မရန်းကုန်းမြို့နယ် ကမာရွတ်ရပ်ကွက်များရှိ လူနေအိမ်များကို ဝေကြောင်းသိရသည်။
ရန်ကုန်မြို့ အပါအ၀င် မန္တလေး၊ ပခုက္ကူ၊ မုံရွာနှင့် ဘိုကလေးမြို့များတွင် စာဝေသည့်လှုပ်ရှားမှုကို ယနေ့ ဆက်လက်ပြုလုပ် နေကြောင်းလည်း စုံစမ်းသိရှိရသည်။စစ်အစိုးရက စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုကြသည့် သံဃာတော် များအပါအ၀င် ကျောင်းသား၊ လူငယ်များနှင့် ပြည်သူလူထုများကို အကြမ်းဖက်နှိမ်နင်းကာ ဖမ်းဆီးထောင်ချမှုများကိုလည်း ပြုလုပ်သည်။

0 comments: