Wednesday, December 26, 2007

နာမည်ဆိုးဖြင့် ကျော်ကြားသော မြစ်ကြီးနားထောင်ပိုင် ဇနီးနှင့် သမီး ကားမှောက်သေဆုံး

ဒီဇင်ဘာ ၂၅။ သားငယ် (ဟစ်တိုင်)


ဒီဇင်ဘာလ ၂၃ရက်နေ့ တွင် မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသော မြစ်ကြီးနား ထောင်၏ ထောင်ပိုင် ဇနီးနှင့်သမီးတို့ မြစ်ကြီးနားမြို့ တဖက်ကမ်း ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရှိ တရုပ်တောင်ဘုရားသို့ ဘုရားဖူးသွားရာ ကားမှောက်၍ သေဆုံးသည်ဟု ဟစ်တိုင်မှ သိရှိရသည်။
ဒေသခံတဦးသို့ ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်ပုံက ဒီလိုဗျ အဲဒီ ၂၃ရက်နေ့ ညနေ ၄း၃၀ လောက်မှာ စစ်အစိုးရ ပေးထားတဲ့ မာဇဒါဂျစ်ကား ဘီးပေါက်ပြီး တောင်အဆင်းမှာ ချောက်ထဲ ဆင်းသွားတာ၊ ထောင်ပိုင် ဇနီးနဲ့ သမီး ပွဲခြင်းပြီးပဲ လေးယောက် ဒါဏ်ရာအပြင်းအထန်ရတယ် အစွယ်အပွားတွေပေါ့၊ လာဦးမယ် ကံကြီးထိုက်မဲ့ ဟာတွေ တန်းစီပြီးလာမယ်” ဟုဟစ်တိုင်အား ဖြေကြားပါသည်။
တရုပ်တောင်ဘုရားမှာ မြစ်ကြီးနားမြို့ ဧရာဝတီမြစ် တဖက်ကမ်း ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ တွင် တည်ရှိ၍ ဧရာဝတီမြစ်ဖြတ် ဗလမင်းထင်တံတား အနီးတွင်တည်ရှိသည်။
မြစ်ကြီးနားမြို့ ဇီးလွန်အရပ် အမှတ် (၂၉) ခြေမြန်တပ်ရင်း ၀င်းထဲ၌ မြန်မာနိုင်ငံတွင် နံမည်ဆိုးဖြင့် ကျော်ကြားသော မြစ်ကြီးနားထောင်တည်ရှိသည်၊ ထိုထောင်တွင် မြန်မာ့နိုင်ငံရေးသမားများ အများအပြား တရားလက်လွတ် ချုပ်နှောင်ထားရာနေရာ ဖြစ်သည်၊ ယခုလက်ရှိ မန္တလေးတိုင်း အမရပူရမြို့နယ်မှ NLD အမတ် ဒေါက်တာဇော်မြင့်မောင် ချုပ်နှောင်ထားရာလည်း ဖြစ်သည်၊ အလားတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သော မျိုးအောင်သန်း (FTUB) ၊ ကြည်လင်း (ခ) ပြည်လင်း (NLD) ၊ သန်းနိုင်၊ မြင့်ချို၊ ထွန်းလွင်၊ မြင့်လှိုင် တို့အားချုပ်နှောင်ထားပြီး၊ ထို့အပြင် ဦးစိန်လှဦး၊ လူရွှင်တော် ပါပါလေးတို့မှာ မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက် လာသူများဖြစ်ကြသည်။
ယခုလက်ရှိအခြေအနေတွင် ဧရာဝတီမြစ်ဆုံရာ ဒေသ၌ တရုတ်နိုင်ငံ နှင့် စစ်အစိုးရ အကျိုးစီးပွားအတွက် ရေကာတာ တည်ဆောက်မည် ဖြစ်သောကြောင့် ယခုလ အစပိုင်းတွင် ဒေသခံများ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်ဟု သိရှိရသည်၊ ထိုစီမံကိန်းအား မြို့ခံများက မကျေနပ်ကြောင်းပြသရာ အနီရောင်မှုတ်ဆေးများဖြင့် “သန်းရွှေ လူသတ်သမား” “မြစ်ဆုံမှ ရေကာတာ မဆောက်နဲ့” ဟု အင်္ဂလိပ်ဘာသာဖြင့် ဗလမင်းထင်တံတား၊ အ.ထ.က(၁)၊ အ.လ.က(၆)၊ အမှတ်(၈) ထောက်လှမ်းရေး စခမ်း၊ အံတော်ရှင်ဘုရားများတွင် သင်္ဘောဆေးဖြင့် ဆေးမှုတ်၍ ကန့်ကွက်စာများရေးထားခဲ့ သည်ဟုသိရှိရသည်။

0 comments: