Wednesday, April 30, 2008

အဝေးဆုံးကို ထွက်မသွားနိုင်ပါ

၂၀၀၃ ခုနှစ် ဇူလှိုင်လရဲ့ ၂၃ ရက်နေ့
မိုးသားများက မည်းမှောင်လို့နေသည်။
လောကကြီးရဲ့ အလင်းတရားကြီးကို အမှောင်သဖွယ် ဖုံးလွမ်းလိုက်သည့် မိုးသားတိမ်ရိပ်တို့ကား တဖြေးဖြေး လှုပ်ရှားသွားလာလျှက် ရှိသည်။

အချိန်ကား ညနေခင်း (၄)နာရီခန့်...၊ ဖြူဝင်းနေသော အသားအရည်ကို ပိုင်ဆိုင်လျှက် ချစ်စဖွယ် မိန်းကလေးတစ်ဦးကား မိုးသားတိမ်ရိပ်များ၏ ပြေးလွားလှုပ်ရှား နေမှုများကို ထရံကာ၊ ဓနိမိုး အိမ်တိုင်ခြေ လေးတိုင်ပါရှိသော တဲအိမ်ကလေး၏ ကွတ်ပစ်ပေါ်တွင် ထိုင်၍ မည်းမှောင်နေသော မိုးသားတိမ်ရိပ်များကို မျက်တောင်မခတ် မော့ကြည့်နေသည်။ ထိုအိမ်ကလေး၏ အနီးအနားတွင်လည်း ထရံကာ၊ ဓနိမိုး၊ တိုင်ခြေလေးလုံး ပါရှိသော တဲကလေးများက အစီအရင်ပင် ဆောက်ထားကာ လူအများနေထိုင် ကြပါသည်။ သို့သော် ထိုအိမ်ကလေးများ၏ မြေပြင်မှာမူ ညီညာခြင်း ကင်းမဲ့လှပေသည်။ တအိမ်နှင့်တအိမ် အနိမ့်အမြင့်များက ကွာခြားလှပေသည်။ သို့သော်လည်းပဲ ထိုအနီးတ၀ိုက်ရှိ တဲအိမ်လေးများသည် တအိမ်နှင့်တအိမ် ညီညာပြန့်ပြူးခြင်း မရှိစေကာမူ အိမ်တိုင်းတွင် နေထိုင်ကြကုန်သော လူများ၏ စိတ်ထဲတွင် ချမှတ်ထားသော ခံယူချက်များမူကား တသွေးထဲ တသားထဲ ညီညီညာညာ ရှိနေကြပေသည်။

“ဟေ့ အိမ်မက် နင်ဘာတွေကြည့်နေတာလဲ” အနောက်ဘက်မှ စကားသံတချက်ကြောင့် မိုးတိမ်တွေကို ထိုင်ကြည့်နေတဲ့ မိန်းကလေး ခဏတဖြုတ်မျှ ထိတ်လန့်သွားသော်လည်း
“ဘာမှမကြည့်ပါဘူး ခင်ဆီရယ်... ငါ ကောင်းကင်ကြီးတွေကို ကြည့်နေတာ”
“နင်ကဘာဖြစ်လို့ ကောင်းကင်ကြီးကို ကြည့်နေတာလဲ”
“ကောင်းကင်ကြီးကို ဘာဖြစ်လို့ကြည့်ရတာလဲလို့ မေးလာတဲ့ နင့်မေးခွန်းကို ငါလည်း ဖြေလို့မရဘူး ခင်ဆီ”
“ဟာ နင်ကလည်း ကောင်းကင်ကြီးကို ကြည့်တာတော့ သိတယ် ဒါပေမဲ့ ဘာဖြစ်လို့ ကြည့်တာလဲ ဆိုတာတော့ မသိဘူး”
“အေး လူဆိုတာ အဲ့ဒီလိုပဲဟ ကိုယ်လုပ်နေတာကိုတော့ သိကြတယ်.. ဒါပေမဲ့ ကိုယ်ဘာအတွက် လုပ်နေလဲ ဆိုတာတော့ မသိကြဘူး”
“နင့်ဟာ ဘာမှလည်း မဆိုင်ဘူး...၊ ဟိုမှာကြည့် မိုးဖွဲကျလာပြီ..၊ နင်အ၀တ်မရုပ်ဘူးလား”
“သြောအေ... ဟုတ်သားပဲ နင်ပြောလို့ တော်သေးတယ်..၊ နို့မဟုတ်ရင် ငါအတွေး လွန်နေတာနဲ့ပဲ အ၀တ်တွေ တခါပြန်လှန်းရဦးမယ်”
“ဒါနဲ့ နင်က ဘာတွေတွေးနေတာလဲ အိမ်မက်.၊ ဘာလဲ အချစ်အကြောင်းလား”
“အောင်းမယ် ကောင်မ ငါဘာလို့အချစ်ကြောင်း တွေးရမှာလဲ ”
“ဒါဆိုနင် ဘာတွေ တွေးနေတာလဲ”
“နင်တော်တော် စပ်စုတာပဲ ငါ့ဖာငါ ဘာတွေးတွေးပေါ့”

အိမ်မက်...၊ သူမ၏နာမည်မှာ အိမ်မက်ဖြစ်သည်..၊ ယခုလို ဆန်းပြားသည့် နာမည်ကို သူမချစ်လှစွာတဲ့ အဖေက ပေးထားသည်..၊ သူမ မနက်က အ၀တ်လျှော်ပြီးတော့ လှမ်းထားသည်။ သူမသည် အမြဲတမ်း တွေးတောစဉ်းစား လေ့ရှိသည်။ သူမစဉ်းစားတွေးခေါ်သည့် အကြောင်းအရာများမှာ အသက်ငယ်ရွယ်သော အမျိုးသမီးငယ် တစ်ဦး ဖြစ်ပါသော်လည်း အချစ်အကြောင်းကို သူမမတွေးပါ။ သူမနေထိုင်သော နေရာသည် ပစ္စည်းပစ္စယများ စုံလင်ခြင်း၊ ပြီးပြည့်စုံခြင်း မရှိသော်ငြားလည်း၊ အနေဆင်းရဲသော်ငြားလည်း ဘယ်သို့ဘယ်ပုံ ငွေရှာလျှင်ရမည့် စီးပွားရေးကိုလည်း သူမအနေဖြင့် စဉ်းစားနေခြင်း မဟုတ်ပါ။ သူမ နေ့စဉ်နေ့တိုင်း တွေးမြဲတွေးနေသည်ကား၊ စဉ်းစားမြဲ စဉ်းစားနေသည်ကား မိမိတို့တိုင်းပြည်ကို မတရား အုပ်ချူပ် ဗိုလ်ကျနေသည့် စစ်အစိုးရကို ဘယ်သို့ဘယ်ပုံ ပြုတ်ကျအောင် ဖြုတ်ချရမည်နည်း ဟူသော အတွေးများသာ သူမ၏ ဦးနှောက်အစိတ်အပိုင်း တစ်ခုက ပိုင်ဆိုင်ထားသည်။ နအဖစစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများကို သူမတင်သာမက မြန်မာလူမျိုး တမျိုးစုလုံးပင် သိရှိထားသည်။ သို့သော်လည်းပဲ နအဖစစ်အာဏာရှင်များ၏ မတရားကောက်ကျစ်မှုများက မြန်မာနိုင်ငံ ပြည်သူလူထု အချို့တို့၏ ခံစားချက်များ မထုတ်ဖော်နိုင်အောင် လုပ်ဆောင်ထားသည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု ၈၀ ရာခိုင်နှုန်းခန့်သာ နအဖစစ်အစိုးရများကို အမျိုးမျိုး ဆန့်ကျင်ဆန္ဒပြကြလျှင် စစ်အာဏာရှင်များ မုချကျဆုံးရမည်ဟု သူမ၏ ဦးနှောက်က အလိုလိုလက်ခံထားသည်။ မြန်မာပြည်သူလူထုများ ထိုကဲ့သို့ ပြုမူလာအောင် မည်သို့မည်ပုံ ကြိုးစား လုပ်ဆောင်ရမည် ဟူသော အတွေးစတခုကို သူမအနေဖြင့် အမြဲတမ်း တွေးနေမိသည်။ တကယ်တော့ လူတစ်ယောက်ဆိုတာ မည်သူတစ်ဦးကိုမှ မလိုမုန်းစိတ်ထားများ မထားသင့်ပါ။ သူမကိုယ်တိုင်မှာလည်း ထိုကဲ့သို့သော သူတပါးအပေါ် မလိုမုန်းစိတ်ထားများကို မထားချင်ပါ။ သို့သော်လည်းပဲ တိုင်းပြည်တခုလုံး ကောင်းစားဖို့အရေးကို မမျော်ကိုးပဲ မိမိတို့ ကြီးပွားရေးကိုသာ ကြိုးစားနေသော နအဖ အာဏာရှင် ဆိုးကြီးများကို သူမအနေဖြင့် သနားညာတာစိတ်များ၊ ချစ်ခင်လေးစားစိတ်များ ဘယ်လိုပင်ထားထား ထား၍မရပါ။ တကယ်တော့ သူမနှင့် သူမမိသားစု ကိုယ်တိုင်မှာလည်းပဲ နအဖစစ်အစိုးရ အာဏာရှင်များ အုပ်ချူပ်နေသော စစ်တပ်များ၏ ညှင်းပမ်းနှိမ်စက်မှုများကြောင့် တခြားသော နိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့သည် မဟုတ်ပါလား..၊ ထို့ကြောင့် သူမနေထိုင်သော ဒေသနေရာကား ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း တခုပင် ဖြစ်ပါတော့သည်...၊xxxxxxxx
---------------------------------------------------------------------------------------------------------------

နေ့တွေရက်တွေ လတွေက အလွန် ကုန်မြန်လွန်းသည်ဟု အိမ်မက် စိတ်ထဲတွင် ထင်မိသည်။ နေ့တွေရက်တွေ လတွေကို သူမ အမြန်မကုန်စေချင်။ အဘယ်ကြောင့်ဆိုသော် နေ့ရက် လနှစ်များ လျှင်မြန်စွာ ကုန်ဆုံးခြင်းသည်နှင့် တစ်ပြိုက်နက် နအဖ စစ်အစိုးရတို့၏ အုပ်ချူပ်ခဲ့သော သက်တမ်းများ၏ အချိန်မှာလည်း ပိုပို၍ သက်တမ်းရှည်လာ လေလေ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် နအဖ စစ်အာဏာရှင်တို့၏ အုပ်ချူပ်မှု သက်တမ်းကို အမြန်ဆုံး ကုန်ဆုံးသည်ကို မြင်ချင်သည်။ စစ်အာဏာရှင် ကျဆုံးမည့် အလုပ်မှန်သမျှ ဆိုလျှင် ဘယ်အလုပ်မျိုးမဆို သူမလုပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။ စစ်အာဏာရှင်ခေါင်းဆောင်တွေကို ဗုံးနဲ့ခွဲရမလား၊ ဒါမှမဟုတ် မြန်မာပြည်ပြန်ပြီး ဆန္ဒပြနေတဲ့ အဖွဲ့တွေနှင့် သွားပြီးတော့ ပူးပေါင်းရမလား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ သူမ၏ စိတ်ထဲတွင် တစ်ထစ်ချ ဆုံးဖြတ်ထားသည်။ ယခုလက်ရှိ သူမ၏ အသက်မှာ ၁၈ နှစ် ရှိပြီ။ သူမ၏ ဘ၀မှာ သေမထူး နေမထူး မောင်ဘထူးလို ဖြစ်နေသည်။ အကြောင်းအရင်းမှာ သူမတွင် မိသားစုဝင် (၄)ဦး ရှိသည်။ သူမ ချစ်ခင်သော ဖေဖေ၊ မေမေနှင့် ညီမလေး နီလာနှင့် သူမပင် ဖြစ်သည်။ သို့သော် ထိုမိသားစု (၄)ဦးမှ (၂)ဦးမှာ နအဖ စစ်အာဏာရှင်တို့၏ လက်အောက်ခံ တပ်သားများက သူမတို့ ရွာတွင် သူပုန်များ ရှိသည်ဟုဆိုကာ မပြောမဆိုနှင့် သေနတ်ဖြင့် ၀င်ပစ်သွားခြင်းကြောင့် သူမချစ်လှစွာသော ဖေဖေနှင့် ညီမလေး နီလာမှာ ဓားစာခံဖြစ်သွားရ ရှာသည်။ ဒီလိုနဲ့ သူမနဲ့ မိခင်ဖြစ်သည် ဒေါ်အေးကြွယ်ကလည်း ရွာမှာ မနေရဲတော့တာနဲ့ ဒုက္ခသည် ဟူသော စခန်းကို ထွက်ပြေးခဲ့ရသည်။ မကြာပါ သူမ၏ မိခင်မှာလည်း ခင်ပွန်းနှင့် သမီးတို့၏ အဖြစ်ကို အစဉ်အမြဲ တွေးပြီး စိတ်ထိခိုက် လွန်သွားခြင်းကြောင့် အိပ်ရာထဲတွင် လဲနေသည်မှာ (၆) လပင် ရှိခဲ့လေပြီ။ ယခုတော့ သူမတစ်ယောက်ထဲသာ ကျန်တော့သည်။ လောကကြီးတွင် အသက်ဆက်လက် ရှင်သန်ဖို့ သူမမှာ မည်သူ့ဆီမှ ခွန်အားများကို မရနိုင်တော့ပါ။ ဖခင်နှင့် ညီမလေးတို့မှာလည်း နအဖစစ်တပ်များ၏ မစာနာ မထောက်ထားမှုကြောင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရှာပြီ။ မိခင်မှာလည်း မည်သည့်နေ့တွင် ဘာဖြစ်မည်ကို သူမမသိ။ တခါတရံ သူမအတွေးတွေထဲတွင် လောကကြီးကို အပြစ်ပုံချမိသည်။ သို့သော်လည်း ထိုသို့ပုံချခြင်းသည် အချည်းအနှီးသာ ဖြစ်သည်ဟူသော အတွေးစိတ်နှင့် ပြန်ချေပရသည်။ သူမဒီနေ့ ပထမဆုံး ကျောင်းတက်ရမည်။ သူမ ကျောင်းသွားရသည်ကိုလည်း စိတ်မဖြောင့်နိုင်ပါ။ အမေ့ရဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေသံကို သူမအမြဲတမ်း ကြားနေမိသည်။ သို့သော်လည်း သူမကျောင်းမသွားလို့ မဖြစ်။ သူမဖြစ်ချင်သော သတင်းထောက်ဖြစ်ဖို့ စာကြိုးစားမှရမည်။ သူမအနေဖြင့် မိခင်အတွက် စိတ်တော့ နဲနဲအေးရသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ အိမ်နားတွင် နေထိုင်သော အဒေါ်ကြီး လင်မယားမှာ သူမတို့ သားအမိကို ဆွေမျိုးရင်းချာ သဖွယ် ချစ်ခင်ကြသည်။ ထိုအဒေါ်ကြီး လင်မယားတွင် သားသမီး တစ်ဦးမျှပင် မရှိပါ။ ထို့ကြောင့် သူမကို သူတို့ရဲ့ သမီးအရင်း သဖွယ် ချစ်ခင်ကြသည်။ သူမကျောင်းတက်ဖို့ပင် ထိုအဒေါ်ကြီး လင်မယားက အစစအရာရာ ကူညီခဲ့သည်မဟုတ်ပါလား။

“ကျောင်းသာ စိတ်ဖြောင့်ဖြောင့်နဲ့သွား သမီးအိမ်မက်၊ သမီးအမေကို စိတ်မချမဖြစ်နဲ့ အဒေါ်တို့ရှိတယ်” ဟု ထိုအဒေါ်ကြီးကပင် အလိုက်တစ်သိ ပြောခဲ့သည် မဟုတ်ပါလား။ ထိုအဒေါ်ကြီး၏ ခင်ပွန်းသည်ကလည်း
“သမီးအိမ်မက် သမီးဖြစ်ချင်တဲ့ သတင်းထောက်ကြီးကို ဖြစ်အောင်ကြိုးစား၊ သမီးလိုအပ်တာကို သမီးအဒေါ်ကို ပြောပြ။ ပြီးတော့ သမီးအမေကိုလည်း စိတ်မချမဖြစ်နဲ့ သမီးအမေကို ဦးတို့ဖက်က တတ်နိုင်သမျှ ကုသပေးမယ်..၊ စာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ ကြိုးစား ဦးတို့မှာ သားသမီးမရှိပေမဲ့ သမီးကို ဦးတို့လင်မယားက သမီးအရင်းလို ချစ်တယ်..၊ သမီးကလည်း ဦးတို့ကို မိဘအရင်းလို သဘောထား..၊ ကြားလာ... ဦးတို့ဖက်က တတ်နိုင်သလောက် သမီးကို ကူညီပေးမယ်”ဟု ပြောဆိုခဲ့သည်။

“ဟေ့ အိမ်မက် သူငယ်ချင်း ကျောင်းသွားမယ်လေ..၊ ကျောင်းတောင်တက်တော့မယ်..၊”
“ဟော သမီး ခင်ဆီတောင် လာနေပြီ ကျောင်းသွားတော့နော်”
“ဟုတ်ကဲ့ အဒေါ်၊ သမီးအမေ့ကို သွားပြောလိုက်ဦးမယ်”ဟု သူမ အိမ်ခန်းအတွင်းသို့ ၀င်သွားသည်။ သူမ၏ အမေ အိပ်နေသော အိပ်ရာသို့ ၀င်သွားကာ
“အမေ သမီး ကျောင်းသွားတော့မယ်နော်..၊ အမေ နေကောင်းအောင် နေနော်...၊ သမီးကျောင်းဆင်းတာနဲ့ အမြန်ပြန်လာခဲ့မယ်..၊”
မိခင်ရဲ့ အိုဇာနေတဲ့ မျက်နှာကို သူမ ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိတယ်။
“သမီး စာကြိုးစားနော်”ဟူသော မိခင်ရဲ့ တုန့်ပြန်သည့် စကားတစ်ခွန်းကို ကြားရပြီးနောက် မိခင်ကို ကန်တော့ကာ သူမ အိမ်ပြင်သို့ ထွက်လာခဲ့တော့သည်....။

0 comments: